မှန်ကန်တဲ့အစားအသောက်အနေအထိုင်…. အူမကြီးကင်ဆာအန္တရာယ်ကင်းဝေးရေးပန်းတိုင်

မှန်ကန်တဲ့အစားအသောက်အနေအထိုင်….  အူမကြီးကင်ဆာအန္တရာယ်ကင်းဝေးရေးပန်းတိုင်

အူမကြီးကင်ဆာရောဂါအတွက်အခြေခံသိမှတ်စရာ

အူမကြီးကင်ဆာရောဂါဟာ ကနဦးအဆင့်မှာ ရောဂါလက္ခဏာ ပြလေ့ပြထမရှိပါဘူး ။ တကယ်လို့ ရောဂါလက္ခဏာတစ်ခုခု သတိထားမိပြီဆိုရင်တော့ ကင်ဆာဟာ ကြီးထွားတဲ့အဆင့်ကိုရောက်ရှိနေပြီ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။ အစာစားချင်စိတ် လျော့နည်းခြင်း ၊ လေပွခြင်း ၊ ဝမ်းမမှန်ခြင်း ၊ ဝမ်းထဲသွေးပါခြင်း ၊ ဝမ်းသွားရခက်ခဲခြင်း ၊ ဝမ်းအနည်းငယ်သာသွားခြင်း ၊ အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျ ဆင်းခြင်း စတာတွေဟာ အူမကြီးကင်ဆာ ဖြစ်နေပြီလို့ ပြတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အရင်က ဒီလိုရောဂါလက္ခဏာတွေ မရှိခဲ့ဘဲ ရုတ်တရက် ဖြစ်ပွားကာ နောက်(၂)ပတ်လောက်ထိ ဆက်ဖြစ်နေမယ်ဆိုရင် ဆေးကုသမှုကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်။

 

မှန်ကန်စွာ စားသောက်နေထိုင်ရင်း အူမကြီးကင်ဆာမဖြစ်ပွားစေဖို့ ရှောင်ရန် ဆောင်ရန် အချက်များ

  •  စားသောက်မှုပုံစံ – သစ်သီး ၊ ဟင်းသီးဟင်းရွက်နဲ့ အမျှင်ဓာတ်များစွာပါဝင်တဲ့ အစားအစာ များကို သေချာစားသုံးပါ။ ဂျုံစေ့အဆန်တွေဖယ်ထုတ်ထား တဲ့ပေါင်မုန့် (White Bread) တွေကို စားမယ့်အစား ဂျုံကြမ်းပေါင်မုန့်(Whole-Wheat Bread) နဲ့အသီးအနှံများကို စားသုံးသင့်ပါတယ်။ ဒါ့အပြင် ဝက်သား ၊ အမဲသား ၊ ဆိတ်သား ၊ သိုးသား ၊ အသင့်ပြုလုပ်ထားတဲ့အသား စတဲ့ အနီရောင်အသားများကို အကန့်အသတ်နဲ့စားပါ။ အထူးသဖြင့် အသင့်ပြု လုပ်ထားတဲ့အသားနဲ့ အနီရောင်အ သားများကို တစ်ပတ်လျှင် ၇၀၀-၇၅၀ ဂရမ်ထက် ပိုပြီး မစားသင့်ပါဘူး။ အသင့်ပြု လုပ်ထားတဲ့အသားဆိုရာမှာ ဝက်အူချောင်း ၊ ဝက်ပေါင်ခြောက်နဲ့ ဝက်သားခြောက် စတာတွေ ပါဝင်ပါတယ်။ အသားများကို အသင့်စားသုံးနိုင်အောင်ပြုလုပ်ခြင်းဟာ ကင်ဆာဖြစ်စေနိုင်တဲ့ Carcinogenic ခေါ် ဓာတ်ပစ္စည်းတစ်မျိုးကို ဖြစ်ပေါ်စေပါတယ်။  အဲဒါမျိုးတွေ စားသုံးခြင်းထက် ငါး စားသုံးခြင်းဟာ အူမကြီးကင်ဆာကို ကာကွယ် ပေးနိုင်တဲ့အပြင် သင့်ရဲ့ ကိုလက်စ်ထရော ပါဝင်မှုကိုလည်း အထောက်အကူပြုပါတယ်။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ– သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာများထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်း ကိုလည်း ထည့်သွင်းထားဖို့လိုပြီး  လေ့ကျင့်လှုပ်ရှားမှုများများ ပြုလုပ်ခြင်းဟာ အူမကြီးကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့နိုင်သမျှလျော့ကျစေတဲ့ သက်သေပြယုဂ်ပဲဖြစ်ပါတယ်။ သင့်တော်တဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေကို တစ်ပတ်လျှင် (၃)ကြိမ် ၊ တစ်ကြိမ်လျှင်(၄၅) မိနစ် နှုန်းလောက် လုပ်သင့်ပါတယ်။ တကယ်လို့ အိမ်ကနေ Gym သွားဖို့ အခက်အခဲရှိတယ်ဆိုရင်တောင် ဥယျာဉ်စိုက်ပျိုးခြင်း ၊ အိမ်မွေးခွေးနဲ့အတူလမ်းလျှောက်ထွက်ခြင်း (သို့) အိမ်အနီး အနားတစ်ဝိုက် ပြေးလွှားခြင်း စတာတွေဟာ အရမ်းကောင်းတဲ့ လေ့ကျင့်ခန်းများဖြစ်ပါ တယ်။
  • ကြိုတင်စစ်ဆေးခြင်း – တကယ်လို့ သင့်မိသားစုထဲမှာ အူမကြီးကင်ဆာရောဂါ မျိုးရိုးရှိခဲ့ရင် ကြိုတင်ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် မိမိကိုယ်တိုင်နဲ့ မိမိ ကျန်းမာရေးကို သေချာဂရုစိုက်ခြင်း ၊ ရောဂါစစ်ဆေးရာမှာ ပိုမိုတိကျလွယ်ကူစွာ လုပ်ဆောင်နိုင်တဲ့ အူမကြီးကင်ဆာစစ်ဆေးခြင်း စတဲ့နည်းလမ်းတွေနဲ့ အူမကြီး  ကင်ဆာရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို (၉၀) ရာခိုင်နှုန်းလောက်ထိ လျှော့ချပေးနိုင်ပါ တယ်။   ဘာလို့လဲဆိုတော့ ရိုးရိုးအကျိတ်အဖုတစ်ခုဟာ ကင်ဆာအဖြစ်ပြောင်းလဲသွား ဖို့ (၁၀)နှစ်ကနေ (၁၅)လောက် အချိန်ယူရပါတယ်။  သင့်အနေနဲ့ လက်ရှိ စစ်လိုက်လို့ အကျိတ်အဖု(သို့) ကင်ဆာမရှိဘူးဆိုရင် နောက်ထပ်စစ်ဆေးမှု မပြုလုပ်ခင်  (၅)နှစ် လောက် ထပ်စောင့်ကြည့်ရပါမယ်။ အဲဒီ (၅)နှစ်အတွင်း ပုံမှန်မ ဟုတ်တဲ့ ရောဂါလက္ခဏာတွေ ရှိမနေဖို့နဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေ အန္တရာယ်ရှိတဲ့ အုပ်စုထဲမှာ ပါဝင်မနေဖို့ လိုပါတယ်။ ပုံမှန်မဟုတ်တဲ့ လက္ခဏာ တစ်ခုခု ပြမယ် (သို့) မိသားစုရာဇဝင်မှာ အူမကြီးကင်ဆာရှိခဲ့ဖူးမယ်ဆိုရင် သာမန်သူတစ်ဦးထက် ပိုမြန်ဆန်စွာ ရောဂါကြီးထွား လာနိုင်တာကြောင့် ဒီထက်ပိုပြီး အကြိမ်ရေများများ စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

မှတ်မှတ်ရရဥပမာတစ်ခု

ကျွန်မဘဝမှာ မှတ်မှတ်ရရ အမျိုးသမီးလူနာတစ်ယောက်ကြုံခဲ့ဖူးတယ်။ သူမက အသက်(၃၀) နှောင်းပိုင်းအထိ အူမကြီးကင်ဆာဖြစ်နိုင်တဲ့ ရောဂါလက္ခဏာမရှိခဲ့ဘူး။ ကလေးမွေးပြီး (၃)လ လောက် အကြာမှာ ဒီလူနာ ကျွန်မဆီကိုရောက်လာပြီး မသက်မသာခံစားရပြီး ဝမ်းချုပ်တယ် ၊ ပြီးတော့ ဝမ်းသွားရတာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ပြောခဲ့တယ်။ သူမရဲ့ မစင် ကိုစစ်လိုက်တော့ မစင်ထဲမှာ သွေးပါတာ တွေ့ရတယ် ။ ပြီးတော့ အူမကြီးမှန်ပြောင်းကြည့်(Colonoscopy) လိုက်တဲ့အချိန်မှာ အတော်လေးကြီးတဲ့ အကျိတ်တစ်ခုသွားတွေ့တယ်။

အရွယ်အစားကြည့်ရတာတော့ အကျိတ်ကရှိနေတာကြာခဲ့တဲ့ သဘောပဲ ။ သေချာ ထပ်စစ်ဆေးလိုက်တော့ လူနာက သူမမှာ ဂတ်စ်တွေရှိနေပြီး ခဏခဏ ဗိုက်ထဲမအီ မသာဖြစ်တယ် ပြောတယ်။ အကျိတ်က ရှင်းရှင်းလင်းလင်း မတွေ့ခဲ့ရတာဖြစ်လိမ့်မယ်။ ဆေးလေးဘာလေးသောက်လိုက်ရင် ခဏသက်သာသွားတယ်ဆိုတော့ သူကိုယ်တိုင်လည်း ဘာမှ သိပ်သံသယမရှိခဲ့ဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဖြစ်နေကျအတိုင်း ဗိုက်ထဲ မအီမသာဖြစ်တယ်ပဲ ထင်နေခဲ့တော့ အန္တရာယ်မရှိလောက် ဖူးပဲ မှတ်တာပေါ့။ ဒါပေမယ့် ကလေးမွေးပြီးနောက်ပိုင်းလည်း ဝမ်းချုပ်တာက ပိုဆိုးလာတယ်။ မဖြစ်တော့ဘူး ဆရာဝန်နဲ့တွေ့မှဖြစ်မယ်ဆိုပြီး ကျွန်တော့်ဆီရောက်လာတာပဲ။

ဒီဖြစ်ရပ်ဥပမာကို ကြည့်ခြင်းအားဖြင့် အသက်ငယ်သေးတယ် ၊  သာမန်အားဖြင့်အူမကြီး ကင်ဆာ အန္တရာယ်ဖြစ်နိုင်တဲ့အုပ်စုထဲမှာ မပါဘူး ၊ ရောဂါလက္ခဏာတိတိကျကျ မပြဘူးဆိုတဲ့ သူတွေတောင်မှ အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုတာ ကို တွေ့ရပါတယ်။ ကျွန်တော်ပြောချင်တာကတော့ အရမ်းကြီး ယုံကြည်မှုမလွန်ကဲပါနဲ့ ။ အူမကြီးကင်ဆာရောဂါကိုကာကွယ်ဖို့ ဒီနေ့ပဲ ခြေလှမ်းသစ် စတင်လိုက်ပါလို့ အကြံပေးချင်ပါတယ်။

 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။