COVID-19 လားဟေ့.. ဝေးဝေးမှာနေပါကွယ်

COVID-19 လားဟေ့.. ဝေးဝေးမှာနေပါကွယ်
  • နေ့စဉ်နဲ့အမျှ အထိအတွေ့အကိုင်အတွယ်များတဲ့ ဧရိယာပတ်ဝန်းကျင်တွေ၊ ပစ္စည်းတွေနဲ့ ကိရိယာ တွေကို အနည်းဆုံး ၂ နာရီမှာ တစ်ကြိမ် အယ်လ်ကိုဟောပါဝင်တဲ့ ဆေးရည်နဲ့ သေသေချာချာ သန့်ရှင်း သုတ်သင်သင့်ပါတယ်။ (ဥပမာ တံခါးလက်ကိုင်ဘုတွေ၊ လှေကားလက်ရမ်းတွေ၊ စားပွဲခုံ မျက်နှာပြင် တွေ စသည်ဖြင့်ပေါ့။)
  • အပူချိန် ၆၀ ဒီဂရီ ဆဲလ်စီးရပ်စ် အထက်မှသာ novel SARS-CoV-2 ဗိုင်းရပ်စ်ကို ဖျက်ဆီးနိုင်မှာ ဖြစ်တာမို့ ရေနွေးသောက်တာ၊ ရေနွေးနဲ့ ရေချိုးတာတွေ ဟာ ဘာအကျိုးသက်ရောက်မှုမှမရှိနိုင်ပါဘူး။
  • လုံလောက်စွာအနားယူခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတတဲ့ စားသောက်မှုပုံစံ၊ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ လမ်းညွှန်မှုများနဲ့အညီ နေထိုင်ခြင်း စတာတွေ ကသာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တောင့်တင်းခိုင်မာအောင် တည်ဆောက်ပေးမှာဖြစ်ပြီး COVID-19 ရဲ့ ရန်ကို ကောင်းစွာ တွန်းလှန်ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

COVID-19 ရဲ့လက်သည် SARS-CoV-2 ဗိုင်းရပ်စ်ဟာ ခု ကမ္ဘာ့ကပ်ရောဂါအဖြစ်နဲ့ ပျံ့နှံ့သွားတာမို့လို့ ခုဆို တစ်ကမ္ဘာလုံးမှာ ဟိုးဟိုးကျော်နေပါပြီ။ အဲဒီတော့ အရေးအကြီးဆုံးက ဒီဗိုင်းရပ်စ်ကို ဘယ်လို ခုခံကာကွယ် မလဲ၊ ဘယ်လို အပြတ်ရှင်းမလဲ၊ ကူးစက်မှုနှုန်း လျော့ကျသွားအောင် ဘယ်လိုလျှော့ချမလဲ ဆိုတဲ့ အချက်အလက် တွေကို အားလုံး ကောင်းစွာ သဘောပေါက် နားလည် ထားသင့်လှပါတယ်။

  1. အီသိုင်းအယ်လ်ကိုဟော (အီသနော)ပြင်းအားအနည်းဆုံး ၇၀% ပါဝင်တဲ့ဆေးရည် ဟာ SARS-CoV-2 ဗိုင်းရပ်စ်ကို သေစေပါတယ်။ ဒါကြောင့် နေ့စဉ်နဲ့အမျှ အထိအတွေ့အကိုင်အတွယ်များတဲ့ ဧရိယာပတ်ဝန်းကျင်တွေ၊ ပစ္စည်းတွေနဲ့ ကိရိယာတွေကို အနည်းဆုံး ၂ နာရီတစ်ကြိမ် အယ်လ်ကိုဟော ၇၀% ပါဝင်တဲ့ ဆေးရည်နဲ့ သေသေချာချာ သန့်ရှင်းသုတ်သင်သင့်ပါတယ်။
    (ဥပမာ တံခါးလက်ကိုင်ဘုတွေ၊ လှေကားလက်ရမ်းတွေ၊ စားပွဲခုံ မျက်နှာပြင်တွေ စတာတွေအပြင် စောင်တွေ၊ အိပ်ရာတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ပန်းကန်ခွက်ယောက်တွေ၊ ဓားတွေ၊ သောက်ရေဖန်ခွက်တွေ စတာတွေကိုလည်း သင့်တော်တဲ့နည်းလမ်းနဲ့ သန့်ရှင်းအောင် ဆေးကြောကြဖို့ တိုက်တွန်းပါတယ်။
  2. ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်တို့၊ ဘလီချီန်ပေါင်ဒါ လို့ခေါ်တဲ့ ချွတ်ဆေးတို့၊ ကလိုရင်းအရည်တို့ စတဲ့ ကလိုရင်း အခြေခံ အိမ်သုံးသန့်ရှင်းရေးပစ္စည်းတွေဟာလည်း ဗိုင်းရပ်စ်သတ်တဲ့နေရာမှာ သုံးပါတယ်။ Haiter, Clorox စတဲ့ တံဆိပ်တွေနဲ့ ရှာဝယ်လို့ရပါတယ်။ အဲဒီတံဆိပ်တွေမှာ ပြင်းအားများတဲ့ ဆိုဒီယမ်ဟိုက်ပို ကလိုရိုက်ဒ် ပါဝင်ပါတယ်။ ဒါပေမယ့် သုံးမယ်ဆိုရင်တော့ ၀.၅% ထက် မနည်းတဲ့ ပမာဏနဲ့ ရေဖျော်ပြီး သုံးမှသာ ဗိုင်းရပ်စ်တွေကို သေစေမှာဖြစ်ပါတယ်။ဥပမာ ၀.၅% ရဖို့ဆိုရင် – Haiter / Clorox တွေမှာ ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်ဒ် ၆%  ပါဝင်တဲ့ အတွက် သူ ၁ ဆ၊ ရေ ၁၁ ဆ ရောရပါမယ်။
  3. လူတိုင်းသိတဲ့ ဒက်တောဆေးရည်ဆိုရင်လည်း ၂ မျိုး ရှိပါတယ်။ အထွေထွေ သန့်ရှင်းရေးသုံး ဒက်တော ဆေးရည်နဲ့ ပိုးသတ်ဆေးပါဝင်တဲ့ ဒက်တောဆေးရည်ဆိုပြီး ၂မျိုးရှိပါတယ်။ ၂ မျိုးလုံး သူ့နည်းနဲ့သူ အသုံးဝင်ပါတယ်။

အထွေထွေ သန့်ရှင်းရေးသုံး ဒက်တောဆေးရည် Dettol Hygiene Multi-Use Disinfectant ဆိုရင် အယ်လ်ကိုင်းဒီမီသိုင်းဘင်ဇိုင်းအမိုနီယမ်ကလိုရိုက်ဒ် ၂% ပါဝင်ပြီး ဗိုင်းရပ်စ်တွေကို သေစေနိုင်ပေမယ့် အရေပြားအတွက် မသင့်တော်ပါဘူး။

ပိုးသတ်ဆေးပါဝင်တဲ့ ဒက်တောဆေးရည် Dettol Antiseptic Disinfectant (တံဆိပ်မှာ အပြာရောင် သရဖူပုံလေးပါတယ်။) ဆိုရင်တော့ ကလိုရိုဇိုင်လီနော ပြင်းအား ၄% ပါဝင်ပြီး ပိုးများကိုသေစေ နိုင်ကာ အရေပြားအတွက်လည်း သင့်တော်ပါတယ်။ မျက်နှာပြင်တွေ သန့်ရှင်းဖို့သုံးမယ်ဆိုရင်တော့ သူ ၁ ဆ၊ ရေ ၃၆ ဆ ရောပြီးသုံးဖို့ အကြံပြုပါတယ်။ အရေပြားပေါ်က အနာတွေဘာတွေ သန့်ရှင်းရေးလုပ်ဖို့ သုံးမယ် ဆိုရင်တော့ သူ ၁ ဆ၊ ရေ အဆ ၂၀၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ဆိုရင်တော့ သူ ၁ ဆ၊ ရေ အဆ ၄၀ နှုန်းနဲ့ ရောစပ်ပြီး သုံးရမှာပဲ ဖြစ်ပါတယ်။

ပိုသတ်ဆေးအမျိုးမျိုးအလိုက် ကိုရိုနာဗိုင်းရပ်စ်အပေါ်မှာ သက်ရောက်မှုနှုန်းများကို စင်္ကာပူအခြေစိုက် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအေဂျင်စီက လေ့လာထားတာ ရှိပါတယ်။ သို့သော် ဒီ SARS-CoV-2 Virus ဟာ အသစ်ဖြစ်နေတဲ့အတွက် ဒီ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲများနဲ့ပတ်သက်ပြီးတော့ ခုချိန်ထိ တိတိကျကျ မပြောနိုင်သေးပါဘူး။ လေ့လာနေရတုန်းပဲ ရှိပါသေးတယ်။

Table: ကိုရိုနာဗိုင်းရပ်စ်ကို ဖျက်ဆီးနိုင်ရန် ပိုးသတ်ဆေးအလိုက် လိုအပ်သော ပြင်းအား ပမာဏများ(% v/v)

ပိုးသတ်ဆေး ပိုးသတ်ဆေး
Accelerated hydrogen peroxide မြှင့်တင်ထားသော ဟိုက်ဒြိုဂျင်ပါအောက်ဆိုက် 0.5%
Benzalkonium chloride ဘင်ဇယ်ကိုနီယမ်ကလိုရိုက်ဒ် (Alkyl dimethyl benzyl ammonium chloride) အယ်လ်ခိုင်းဒီမီသိုင်းဘင်ဇိုင်းအမိုနီယမ်ကလိုရိုက်ဒ် 0.05%
ကလိုရိုဇိုင်လီနော Chloroxylenol 0.12%
အီသိုင်းအယ်လ်ကိုဟော Ethyl alcohol 70%
အိုင်အိုဒင်း အိုင်ဒိုဖော Iodine in iodophor 50 ppm
အိုင်ဆိုပရိုပနော Isopropanol 50%
ပိုဗီဒုန်းအိုင်အိုဒင်း Povidone iodine 1% iodine
ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်ဒ် Sodium hypochlorite 0.05 – 0.5%
ဆိုဒီယမ်ကလိုရိုက်ဒ် Sodium chloride 0.23%

 

  1. အပူချိန် နဲ့ဆိုရင် ၆၀ ဒီဂရီ ဆဲလ်စီးရပ်စ် မှာ SARS-CoV-2 ဗိုင်းရပ်စ်ဟာ သေနိုင်ပါတယ်။ ဒါကြောင့်အစားအသောက်တွေကို အနည်းဆုံး အဲဒီအပူချိန် ကျော်တဲ့အထိ ချက်ပြုတ်သင့်ပါတယ်။ ဒါ့အပြင် ရေနွေးသောက်တာ၊ ရေနွေးနဲ့ ရေချိုးတာတွေ ဟာလည်း ဒီဗိုင်းရပ်စ သေစေဖို့အတွက်ဆိုရင်တော့ ဘာအကျိုးသက်ရောက်မှုမှမရှိနိုင်ပါဘူး။
  2. အဝတ်အစားတွေ လျှော်ဖွတ်ရာမှာလည်း ဗိုင်းရပ်စ်တွေသေအောင် ဆပ်ပြာနဲ့ သေသေချာချာ လျှော်ဖွပ်သင့်ပါတယ်။
  3. လက်ကို ရေ၊ ဆပ်ပြာ ဒါမှမဟုတ် အယ်လ်ကိုဟောပါဝင်တဲ့ ရေမလိုလက်သန့်ဆေးရည်စာတွေနဲ့ တစ်ခါဆေး စက္ကန့် ၂၀ ကြာ၊ မကြာခဏဆေးပေးခြင်းဖြင့်လည်း ဒီဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခြင်းကနေ လျှော့ချနိုင်ပါတယ်။
  4. ကိုယ်ခံအား ကောင်းနေမှသာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ကောင်းကောင်းကြီး ခုခံနိုင်မှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ အသက်ကြီးပြီး ကိုယ်ခံစွမ်းအား နည်းနေတဲ့သူတွေမှာ ပိုများနေတယ်ဆိုတာ သတိပြုဖွယ် တွေ့ရှိထားပါတယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းနေ စေဖို့ ဆိုရင် လုံလောက်တဲ့အနားယူမှုရှိဖို့၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့၊ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ စားသောက်မှု ပုံစံအတိုင်းစားသောက်ဖို့၊ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ အတိုင်း တစ်သဝေမတိမ်း လိုက်နာနေထိုင်ဖို့ စတာတွေ ကျင့်သုံးမှသာလျှင် ရေရှည်တိုက်ပွဲဝင်ရမယ် ခန္ဓာကိုယ်ကြီးဟာ ဒီဗိုင်းရပ်စ်ရဲ့ ကူးစက်တိုက်ခိုက်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာဖြစ်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။