အူမကြီးမှန်ပြောင်းမကြည့်မီ ဘာတွေပြင်ဆင်ရမလဲ - လူနာများအတွက် ပြီးပြည့်စုံတဲ့လမ်းညွှန်ချက်

အူမကြီးမှန်ပြောင်းမကြည့်မီ ဘာတွေပြင်ဆင်ရမလဲ - လူနာများအတွက် ပြီးပြည့်စုံတဲ့လမ်းညွှန်ချက်

အနှစ်ချုပ်

  • အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာကို စောစီးစွာသိရှိနိုင်စေဖို့ အူမကြီးမှန်ပြောင်းကြည့်ခြင်း ဟာ အလွန်အရေးကြီးတဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပြီး အသက် (၄၅) နှစ်နှင့်အထက်များ ပြုလုပ်ရန် အကြံပြုပါတယ်။ မှန်ပြောင်းကြည့်ရာမှာ တိကျသေချာတဲ့ စစ်ဆေးမှုရလဒ်ကို ရရှိစေဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို စနစ်တကျ ပြုလုပ်ရန် အလွန်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
  • အူမကြီးမှန်ပြောင်းကြည့်ရန် ကြိုတင်ပြင်ဆင်မှုကို နည်းလမ်းနှစ်သွယ်ဖြင့် ပြုလုပ်နိုင်ပါတယ်။ အိမ်မှာပြင်ဆင်ခြင်း သို့မဟုတ် ဆေးရုံမှာတက်ရောက်ပြင်ဆင်ခြင်းတို့ ဖြစ်ပါတယ်။ ဒီနည်းလမ်း နှစ်ခုလုံးဟာ အူလမ်းကြောင်းကို သန့်စင်စေရန် ရည်ရွယ်ပြီး မှန်ပြောင်းကြည့်ရာမှာ အောင်မြင်မှုရရှိ ရန်အတွက် အလွန်အရေးပါတဲ့ လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။
  • ဆစ်မီတဝေ့ဆေးရုံကြီးမှာ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းကို AI နည်းပညာနှင့်  Narrow Band Imaging (NBI) စနစ်တို့ ပေါင်းစပ်အသုံးပြုပြီး စစ်ဆေးပေးပါတယ်။ ဒီနည်းလမ်းဖြင့် အူလမ်းကြောင်း အတွင်းကို အသေးစိတ် ကြည့်ရှုနိုင်ပြီး ရောဂါလက္ခဏာတွေကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်တာကြောင့် အရည်အသွေးမြင့်မားတဲ့ စစ်ဆေးမှုရလဒ်များကို ရရှိမှာဖြစ်ပါတယ်။

အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းဆိုတာဘာလဲ? ဒီနည်းလမ်းဖြင့် ရောဂါရှာဖွေစစ်ဆေးရန် ဘာကြောင့် အရေးကြီးရပါသလဲ?

အူမကြီးမှန်ပြောင်းကြည့်ခြင်း ဟာ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာကို စစ်ဆေးသိရှိနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဆရာဝန်တွေဟာ အူမကြီးအတွင်းပိုင်းကို ဒီနည်းလမ်းဖြင့် စစ်ဆေးနိုင်တဲ့အပြင်၊ ကုသမှုမပြုဘဲ လျစ်လျူရှုထားပါက ကင်ဆာအဆင့်သို့ ပြောင်းလဲသွားနိုင်တဲ့ အသားပို (Polyps) ကဲ့သို့သော ပုံမှန်မဟုတ်တဲ့ အဖုအကျိတ်များကို ရှာဖွေပေးနိုင်ပါတယ်။ တကယ်လို့ အသားပိုများကို တွေ့ရှိပါက မှန်ပြောင်းကြည့်နေစဉ် အတွင်းမှာပဲ တစ်ခါတည်း ဖယ်ရှားနိုင်ပြီး အသေးစိတ်စစ်ဆေးရန် ပေးပို့နိုင်ပါတယ်။ ဒီလို အသားပိုဖယ်ရှား ခြင်းကို (Polypectomy ) လို့ ခေါ်ဆိုပြီး လျှပ်စစ်ကွင်း (Electric snare) ကဲ့သို့သော အထူးပြုလုပ်ထားတဲ့ ကိရိယာများကို အသုံးပြုတာကြောင့် နာကျင်မှုမရှိပါ။ ဒါတင်မက သွေးထွက်မှုအနည်းငယ်ရှိပါကလည်း ချက်ချင်း ကုသပေးနိုင်ပါတယ်။

လက်ရှိ နိုင်ငံတကာ လမ်းညွှန်ချက်များအရ အူမကြီးမှန်ပြောင်းကြည့်ခြင်းကို အသက် (၄၅) နှစ်က စပြီးလုပ်ဖို့  ယေဘုယျအားဖြင့် အကြံပြုထားပါတယ်။ သို့သော် မိသားစုဝင်ထဲမှာ အူမကြီးကင်ဆာ ဖြစ်ဖူးသူရှိခြင်း၊ အခြားကျန်းမာရေးအခြေအနေများနှင့် လူနေမှုပုံစံစတဲ့ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုများပြားတဲ့ အချက်များရှိပါက အသက် (၄၅) နှစ်မတိုင်မီကတည်းက စောစော စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ မိမိနှင့် အသင့်တော်ဆုံး စစ်ဆေးမှုအစီအစဉ်ကို သိရှိနိုင်ရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့ကလည်း အလွန်အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ 

အူမကြီးမှန်ပြောင်းကြည့်ရာမှာ တိကျသေချာတဲ့ စစ်ဆေးမှုရလဒ်ရရှိစေဖို့ ကြိုတင်ပြင်ဆင်မှုကလည်း အလွန် အရေးကြီးပါတယ်။ အူမကြီးအတွင်းပိုင်း နံရံတွေကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန်အတွက် အူလမ်းကြောင်းတစ်ခုလုံး လုံးဝသန့်စင်နေရန် လိုအပ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုကို နည်းလမ်းနှစ်မျိုးနှင့် ပြုလုပ်နိုင်ပါတယ်။ အိမ်ကပြင်ဆင်လာခြင်း သို့မဟုတ် ဆေးရုံမှာတက်ရောက်ပြင်ဆင်ခြင်းတို့ ဖြစ်ပါတယ်။ တကယ်တော့ ဒီနည်းလမ်းနှစ်ခုလုံးဟာ အကောင်းဆုံးသော စစ်ဆေးမှုရလဒ်တွေ ရရှိစေဖို့ ရည်ရွယ်ပြီး စီမံထားတာ ဖြစ်ပါတယ်။
 

အူမကြီးမှန်ပြောင်းကြည့်ရန် မပြင်ဆင်မီ ဘာတွေ လုပ်ထားဖို့ လိုအပ်ပါသလဲ?

အူမကြီးမှန်ပြောင်းကြည့်ရန် မပြင်ဆင်မီ ဆရာဝန်နှင့်ဦးစွာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒီလိုတိုင်ပင်ဆွေးနွေးရာမှာ ဆရာဝန်ဟာ လူနာရဲ့ ကျန်းမာရေးရာဇဝင်၊ လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးများနှင့် ရောဂါအခံများကို စစ်ဆေးပေးမှာ ဖြစ်တဲ့အပြင် အူမကြီးမှန်ပြောင်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး လူနာရဲ့ စိုးရိမ်ပူပန်မှုများနှင့် သိလိုသမျှ မေးခွန်းတွေကိုလည်း ဖြေကြားပေးမှာ ဖြစ်ပါတယ်။

ပြီးတော့ မေ့ဆေး သို့မဟုတ် အိပ်ဆေး (Sedation) အသုံးပြုမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ အများအားဖြင့် အူမကြီးမှန်ပြောင်းစစ်ဆေးကြည့်ရှုမှုပြုလုပ်နေစဉ်အတွင်း စိုးရိမ်ပူပန်မှုနှင့် မသက်မသာဖြစ်မှုတွေကို လျှော့ချနိုင်စေဖို့ လူနာကို အိပ်ဆေး (သို့မဟုတ်) အပျော့စားမေ့ဆေးကို အသုံးပြုလေ့ရှိပါတယ်။ ဒီနည်းအားဖြင့် စစ်ဆေးမှုကို ချောမွေ့စွာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး လူနာရဲ့ သက်သောင့်သက်သာရှိမှုနှင့် ဘေးကင်းလုံခြုံမှုကိုလည်း အာမခံချက်ပေးနိုင်မှာ ဖြစ်ပါတယ်။

အူမကြီးမှန်ပြောင်းမကြည့်မီ စားသုံးနိုင်သော အစားအစာများနှင့် ရှောင်ကြဉ်ရမည့် အစားအစာများ

အူမကြီးမှန်ပြောင်းမကြည့်မီ ရက်အနည်းငယ်အလိုမှာ အူလမ်းကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်စေရန် အတွက် စားသောက်မှုပုံစံကို ပြောင်းလဲထားဖို့ လိုအပ်ပါတယ်။

အူမကြီးမှန်ပြောင်းမကြည့်မီ ရက်အနည်းငယ်အလိုကစပြီး ရှောင်ကြဉ်ရမယ့် အစားအစာတွေ..
အူလမ်းကြောင်းအတွင်းမှာ အစာအကြွင်းအကျန်တွေ ကျန်ရှိနေနိုင်တာကြောင့် အမျှင်ဓာတ်များတဲ့ အစားအစာများကို ရှောင်ကြဉ်ရပါမယ်။ အဲဒါတွေကတော့ -

  • သစ်သီးဝလံများ 
  • ဟင်းသီးဟင်းရွက်များ 
  • အစေ့အဆန်များ ပါဝင်သော အစားအစာများ
  • ပေါင်မုန့်ညို / ဂျုံကြမ်းပေါင်မုန့် 
  • ပြောင်းဖူးပေါက်ပေါက် 
  •  မှိုအမျိုးမျိုး 

စားသုံးရန် အကြံပြုထားသော အစာအကြွင်းအကျန် ကျန်ရှိမှုနည်းသည့် အစားအစာများ
အောက်ပါအစားအစာတွေကတော့ အမျှင်ဓာတ်နည်းပြီး အနည်အနှစ်မကျန်စေတာမို့ စားသုံးနိုင်ပါတယ် -

  • ဆန်ပြုတ်
  • ဟင်းချိုရည်ကြည် သို့မဟုတ် စွပ်ပြုတ်ရည်ကြည် 
  • ငါး 
  • ကြက်သား 
  • တိုဟူး
  • ဥအမျိုးမျိုး 
  • နူးညံ့သော ပေါင်မုန့်အဖြူ
  • ရိုးရိုးဘီစကစ်

ဖော်ပြပါ စားသောက်မှုဆိုင်ရာ အကြံပြုချက်တွေကို လိုက်နာခြင်းအားဖြင့် အူမကြီးမှန်ပြောင်း ကြည့်ရှု စစ်ဆေးခြင်းမှာ ထိရောက်မှုနှင့် တိကျမှုကို ပိုမိုကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။

အူမကြီးမှန်ပြောင်းကြည့်ရန် အိမ်မှာပြင်ဆင်ခြင်း (အဆင့်ဆင့်လမ်းညွှန်)

စစ်ဆေးမှုမပြုလုပ်မီ (၁) ရက်အလိုတွင် လိုက်နာရမည့် အချက်များ

  1. စစ်ဆေးမှုမပြုလုပ်မီ တစ်ရက်အလိုမှာ အစာမာမာများစားခြင်းကို တစ်နေ့တာလုံး ရှောင်ကြဉ်ပြီး အောက်ပါ အရည်များကိုသာ သောက်သုံးပေးပါ။
    • စွပ်ပြုတ်ရည် သို့မဟုတ် ဟင်းချိုအရည်ကြည် 
    • ဆန်ပြုတ် (အဖတ်မပါဘဲ အရည်ကြည်ကိုသာ ဦးစားပေးရန်)
    • နို့
    • ပျော့အိသော ဂျယ်လီအချိုပွဲများ (အနီရောင်မဟုတ်သော ဂျယ်လီများ)
    • ကြည်လင်သော အချိုရည်များ သို့မဟုတ် ရေနှင့် ဓာတ်ဆားအားဖြည့်ဖျော်ရည်များ 
  2. ဝမ်းနှုတ်ဆေးရည်ကို ပြင်ဆင်ခြင်း -
    • ဆေးမှုန့်အားလုံးကို အနည်းဆုံး ၂ လီတာ ဆံ့သော ဘူး သို့မဟုတ် ခွက်ထဲသို့ ထည့်ပါ။
    • စုစုပေါင်း ရေ ပမာဏ ၂ လီတာ ပြည့်တဲ့အထိ ထည့်ပြီး ဆေးမှုန့်များ အားလုံး ပျော်ဝင်သွားသည်အထိ သေချာစွာ လှုပ်ပေးပါ။
    • ဖျော်စပ်ပြီးသော ဆေးရည်ကို လိုအပ်ပါက ရေခဲသေတ္တာထဲတွင် ၄၈ နာရီ အထိ သိမ်းဆည်းထားနိုင်ပါတယ်။
  3. ဝမ်းနှုတ်ဆေး မသောက်မီ (၂) နာရီခန့်အလို၊ ညနေ ၄:၀၀ နာရီ နောက်ဆုံးထားပြီး အစားအစာ ကို စားသောက်ထားရပါမယ်။
  4. ဗိုက်ကယ်ခြင်းနှင့် ပျို့အန်ခြင်းများကို သက်သာစေရန်အတွက် ဆရာဝန် ညွှန်ကြားထားသော အအန်ပျောက်ဆေး (၂) လုံးကို ညနေ ၅:၀၀ နာရီမှာ သောက်လိုက်ပါ။
  5. ဝမ်းနှုတ်ဆေးရည် သောက်သုံးခြင်း
    • ညနေ ၆:၀၀ နာရီတွင် ဝမ်းနှုတ်ဆေးရည်ကို စတင်သောက်ပါ။
    • ၁၀ မိနစ်မှ ၁၅ မိနစ်လျှင် တစ်ကြိမ်၊ ဖန်ခွက်တစ်ခွက် (၈ အောင်စခန့်) နှုန်းဖြင့် (၂) နာရီအတွင်း ကုန်အောင် သောက်ရပါမယ်။ 

စစ်ဆေးမှုမပြုလုပ်မီ အရေးကြီးသော လမ်းညွှန်ချက်များ

  • အကယ်၍ ဆေးသောက်နေစဉ် ပျို့အန်ခြင်း၊ ဗိုက်အလွန်အမင်း တင်းခြင်း သို့မဟုတ် လေပွခြင်းများ ခံစားရပါက တစ်ခွက်နှင့်တစ်ခွက်ကြား နားချိန်ကို ပိုပေး၍ ဖြည်းဖြည်းချင်း မှန်မှန်သောက်ပေးနိုင်ပါတယ်။
  • တိကျသော စစ်ဆေးမှုရလဒ် ထွက်ပေါ်လာစေရန်နှင့် အူလမ်းကြောင်းအတွင်းပိုင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန်အတွက် ဖျော်စပ်ထားသော ဆေးရည်အားလုံးကို ကုန်အောင်သောက်ရန် အလွန် အရေးကြီးပါတယ်။
  • များသောအားဖြင့် ဆေးစတင်သောက်ပြီး ၁ နာရီမှ ၃ နာရီအတွင်းမှာ ဝမ်းစတင်သွားမှာ ဖြစ်ပါတယ်။
  • ဝမ်းနှုတ်ဆေးရည်အားလုံး သောက်ပြီးလို့ ဝမ်းစတင်သွားချိန်မှာ ရေကို လိုအပ်သလို ပြန်လည် သောက်သုံးနိုင်ပါတယ်။ သို့သော် သန်းခေါင်ယံ (ည ၁၂ နာရီ) ကျော်လျှင် သို့မဟုတ် မှန်ပြောင်း မကြည့်မီ (၆) နာရီအလိုက စတင်ပြီး ရေအပါအဝင် မည်သည့်အရာမျှ စားခြင်း၊ သောက်ခြင်း မပြုလုပ်ရတော့ပါ။

မှန်ပြောင်းကြည့်မည့်နေ့အတွက် လမ်းညွှန်ချက်များ

  •  အစာနှင့် ရေ ဖြတ်ရန် သတိပေးချက် - မိမိအား ကုသပေးမည့် ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း သန်းခေါင်ယံ (ည ၁၂ နာရီ) ကျော်လျှင် သို့မဟုတ် စစ်ဆေးမှု ပြုလုပ်ရန် သတ်မှတ်ထားသော အချိန်မတိုင်မီ (၆) နာရီအလိုမှ စတင်၍ ရေအပါအဝင် မည်သည့်အရာမျှ စားခြင်း၊ သောက်ခြင်း လုံးဝ မပြုလုပ်ပါရန်။
  • ဆေးရုံသို့ ရောက်ရှိရမည့်အချိန် - စစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အချိန်လုံလောက်စွာ ရရှိစေရန်အတွက် သတ်မှတ်ထားတဲ့ စစ်ဆေးချိန်မတိုင်မီ အနည်းဆုံး မိနစ် ၃၀ ကြိုတင်ပြီး ဆေးရုံသို့ အရောက်လာပေးပါရန်။

ဆေးရုံတက်၍ မှန်ပြောင်းမကြည့်မီ ပြင်ဆင်ခြင်း အဆင့်ဆင့်

စစ်ဆေးမှုမတိုင်မီ တစ်ရက်အလို

  1. စစ်ဆေးမှုမပြုလုပ်မီ တစ်ရက်အလိုမှာ တစ်နေကုန် မည်သည့် အစာမာမာကိုမျှ မစားရပါ။ အောက်ပါ အရည်ကြည်များကိုသာ သောက်သုံးရပါမယ်။ 
    • စွပ်ပြုတ်ရည် သို့မဟုတ် အသားပြုတ်ရည် ကြည်ကြည်
    • ဆန်ပြုတ်အရည် (အဖတ်မပါစေရ)
    • နို့
    • ဂျယ်လီကဲ့သို ပျော့အိသောမုန့်များ၊ အချိုပွဲများ (အနီရောင် မဟုတ်သော အရောင်များကိုသာ စားသုံးနိုင်)
    • အချိုရည် အကြည်များ သို့မဟုတ် ရေနှင့်ဓာတ်ဆားအားဖြည့် ဖျော်ရည်များ
  2. မိမိအား ကုသပေးမယ့် ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း သန်းခေါင်ယံ (ည ၁၂ နာရီ) ကျော်သည်နှင့် ရေအပါအဝင် မည်သည့်အရာမျှ  ထပ်မံ စားခြင်း၊ သောက်ခြင်း မလုပ်ရတော့ပါ။

မှန်ပြောင်းကြည့်မည့်နေ့ ဆောင်ရွက်ချက်များ 

  1. ဆေးရုံသို့ ရောက်ရှိရမည့်အချိန် - စစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကျန်းမာရေးအခြေအနေ စောင့်ကြည့်စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်ရန် ဆေးရုံသို့ သတ်မှတ်ထားသော အချိန်ထက် ကြိုတင်၍ လာရောက်ရပါမယ်။ (များသောအားဖြင့် နံနက်ပိုင်းတွင် လာရောက်ရန် တောင်းဆိုလေ့ရှိပါတယ်)။
  2. ဆေးရုံတွင် ဝမ်းနှုတ်ခြင်း - ဆေးရုံမှ ဝမ်းနှုတ်ဆေးရည်ကို ပြင်ဆင်ပေးမည်ဖြစ်ပြီး သောက်သုံးရမည့် နည်းလမ်းကိုလည်း လမ်းညွှန်ပေးပါလိမ့်မယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ စောင့်ကြည့်မှုနှင့် အတူ (၂) နာရီအတွင်း ဆေးရည်အားလုံး ကုန်အောင် သောက်ရပါမယ်။ သောက်သုံးရာမှာ ၁၀ မိနစ်မှ ၁၅ မိနစ်လျှင် တစ်ကြိမ်၊ ဖန်ခွက်တစ်ခွက် (၈ အောင်စခန့်) နှုန်းဖြင့် သောက်ရပါမယ်။
  3. အူလမ်းကြောင်း သန့်စင်ပြီးနောက် ဝမ်းများအားလုံး သန့်စင်သွားပြီဟု ဆေးဘက်ဆိုင်ရာအဖွဲ့က အတည်ပြုပြီးပါက၊ အူမကြီးမှန်ပြောင်းကြည့်ခြင်းလုပ်ငန်းစဉ်အတွက် စတင်ပြင်ဆင်တော့မှာ ဖြစ်ပါတယ်။
     

အူမကြီးမှန်ပြောင်းကြည့်နေစဉ်မှာ ဘာတွေဖြစ်လာမှာလဲ။

လူနာအများစုဟာ စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း သက်သောင့်သက်သာရှိစေရန်နှင့် နာကျင်မှုမရှိစေရန်အတွက် အိပ်ဆေး နှင့် အကိုက်အခဲပျောက်ဆေးများကို ရရှိမှာ ဖြစ်ပါတယ်။ အူလမ်းကြောင်းအတွင်းပိုင်းကို ရှင်းလင်းစွာ မြင်နိုင်ရန်အတွက် အူမကြီးအတွင်းသို့ လေကို အနည်းငယ် သွင်းရပါမယ်။

အသက်အရွယ်နှင့် အထွေထွေကျန်းမာရေး အခြေအနေပေါ်မူတည်၍ အချို့လူနာများတွင် အိပ်ဆေးအပျော့စားကိုသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် စစ်ဆေးမှုမပြုလုပ်မီ မိမိ၏ ရောဂါအခံများ၊ လက်ရှိသောက်နေသော ဆေးဝါးများနှင့် စိုးရိမ်ပူပန်မှုများကို ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးထားရန် အလွန်အရေးကြီးပါတယ်။

အူမကြီးမှန်ပြောင်းကြည့်ခြင်းဟာ ပုံမှန်အားဖြင့် မိနစ် ၃၀ ခန့် ကြာမြင့်တတ်ပါတယ်။ သို့သော် စစ်ဆေးနေစဉ်အတွင်း အသားပို (Polyp) များ တွေ့ရှိခြင်း သို့မဟုတ် အခြားလိုအပ်သော ကုသမှုများ ထပ်မံပြုလုပ်ရန်လိုအပ်ပါက သေချာစေရန်အတွက် အချိန် အနည်းငယ် ပိုပြီး ကြာနိုင်ပါတယ်။
 

အူမကြီးမှန်ပြောင်းကြည့်ပြီးတဲ့အခါ ဘာတွေဆက်လုပ်ရမလဲ?

စစ်ဆေးမှုပြီးသွားပါက လူနာကို အနီးကပ်စောင့်ကြည့်ရန်နှင့် အသုံးပြုထားတဲ့ အိပ်ဆေးအရှိန် လျော့သွား စေရန်အတွက် အနည်းဆုံး (၂) နာရီခန့် အနားယူခန်းမှာ နားနေရပါမယ်။ လူနာများအနေဖြင့် အိမ်သို့ပြန်လိုက်ပို့ပေးမည့် အဖော်တစ်ဦး ကြိုတင်စီစဉ်ထားရန် အကြံပြုလိုပါတယ်။ တကယ်လို့ အဖော်မပါလာပါက ဆေးရုံမှ သယ်ယူပို့ဆောင်ရေးအတွက် ကူညီစီစဉ်ပေးနိုင်သော်လည်း ယင်းအတွက် ကုန်ကျစရိတ်ကို လူနာက ပေးဆောင်ရမှာ ဖြစ်ပါတယ်။

စစ်ဆေးမှုအပြီး ၂၄ နာရီအတွင်း အိပ်ဆေးအရှိန်ကျန်နေနိုင်တာမို့ ပထမ ၂၄ နာရီအတွင်း အောက်ပါတို့ကို ရှောင်ကြဉ်ရပါမယ်။ 

  • ကားမောင်းခြင်း သို့မဟုတ် စက်ကိရိယာများ မောင်းနှင်ကိုင်တွယ်ခြင်း။
  • ဘေးအန္တရာယ်ရှိသော လုပ်ဆောင်မှုများ ပြုလုပ်ခြင်း။
  • အရက်သေစာ သောက်သုံးခြင်း။
  • အလုပ်ပြန်ဆင်းခြင်း။
  • အရေးကြီးသော ကိုယ်ရေးကိုယ်တာကိစ္စများ၊ ငွေရေးကြေးရေး သို့မဟုတ် ဥပဒေကြောင်းအရ ဆုံးဖြတ်ချက်ကြီးများ ချမှတ်ခြင်း။

ဆစ်မီတဝေ့ဆေးရုံကြီးရှိ အူမကြီးမှန်ပြောင်းကြည့်ခြင်း ဝန်ဆောင်မှု

ဆစ်မီတဝေ့ဆေးရုံကြီး အသည်းနှင့် အစာအိမ်အူလမ်းကြောင်း စင်တာ  ဟာ ဂျပန်နိုင်ငံရှိ Sano Hospital နှင့် ရေရှည်လက်တွဲဆောင်ရွက်လျက် ရှိနေပါတယ်။ Sano Hospital ဟာ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း၊ အထူးသဖြင့် ကြီးမားပြီး ခက်ခဲတဲ့ အသားပို (Polyps) တွေကို ဖယ်ရှားခြင်းမှာ ကမ္ဘာ့အဆင့်အသိအမှတ်ပြု ထိပ်တန်းဆေးရုံကြီးတစ်ရုံ ဖြစ်ပါတယ်။ 

ဒီပူးပေါင်းဆောင်ရွက်မှုမှာ ဆရာဝန်များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း၊ အသိပညာဖလှယ် ခြင်းနှင့် မှန်ပြောင်းကြည့်ကုသခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အစဉ်တစိုက် မြှင့်တင်ခြင်းတို့ ပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်ကစပြီး Sano Hospital မှ ကျွမ်းကျင်ပညာရှင်တွေဟာ ဆစ်မီတဝေ့ဆေးရုံကြီးသို့ နှစ်စဉ် လာရောက်ပြီး လူနာကုထုံးများကို လေ့လာဆွေးနွေးခြင်းနှင့် အတွေ့အကြုံများ မျှဝေခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။

ရောဂါရှာဖွေရာတွင် တိကျမှုပိုမိုရှိစေရန်အတွက် ဆာမိတိဝေ့ဆေးရုံကြီးမှာ AI-assisted endoscopy (EndoBRAIN-EYE): AI နည်းပညာကို အသုံးပြု၍ ပုံရိပ်များကို အချိန်နှင့်တစ်ပြေးညီ ခွဲခြမ်းစိတ်ဖြာပြီး အသားပိုများကို အမိအရ ရှာဖွေပေးနိုင်ပါတယ်။ ဒီနည်းပညာကို Narrow Band Imaging (NBI) နှင့် ပေါင်းစပ်ခါ  အပြာရောင်နှင့် အစိမ်းရောင်အလင်းလှိုင်းများကို အသုံးပြုပြီး အစာအိမ်နှင့် အူလမ်းကြောင်း အတွင်းရှိ သွေးကြောများနှင့် တစ်ရှူးမျက်နှာပြင် များကို ပိုမိုထင်ရှားစွာ မြင်တွေ့နိုင်တဲ့ အဆင့်မြင့် နည်းပညာနှင့် စစ်ဆေးပေးနေတာဖြစ်ပါတယ်။ ဒီနည်းပညာနှစ်ခုကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ပုံမှန်မဟုတ်တဲ့ အခြေအနေများကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ထိရောက်စွာ ရှာဖွေတွေ့ရှိနိုင်မှာပဲ ဖြစ်ပါတယ်။

အူမကြီးကင်ဆာကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် စောစီးစွာ ရှာဖွေစစ်ဆေးခြင်းဟာ အလွန်အရေးကြီး တဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ စနစ်တကျ ကြိုတင်ပြင်ဆင်မှု၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ နှင့် ခေတ်မီနည်းပညာများ ပေါင်းစပ်လိုက်ပါက အူမကြီးမှန်ပြောင်းကြည့်ရှုခြင်းကို ဘေးကင်းလုံခြုံစွာဖြင့် ထိရောက်ပြီး သက်သောင့်သက်သာစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ လူကြီးမင်းအနေနှင့် စစ်ဆေးမှုခံယူရန် စီစဉ်နေခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိနေခြင်းမျိုး ရှိပါက ကျွန်တော်တို့ ဆစ်မီတဝေ့အဖွဲ့သားများမှ အဆင့်တိုင်းမှာ ကူညီပံ့ပိုးပေးသွားဖို့ အသင့်ရှိနေပါတယ်။

References

အဆင့်သတ်မှတ်ချက်