ကလေးငယ်များတွင်ဖြစ်သော ရေကျောက်ရောဂါ- လက္ခဏာများ၊ ကုသမှုနဲ့ ကာကွယ်ဆေးလမ်းညွှန်

ကလေးငယ်များတွင်ဖြစ်သော ရေကျောက်ရောဂါ- လက္ခဏာများ၊ ကုသမှုနဲ့ ကာကွယ်ဆေးလမ်းညွှန်

အနှစ်ချုပ်

  • ရေကျောက်ရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် ကလေးများတွင် ပိုပြီးအဖြစ်များပါတယ်။ ရေကျောက်ရောဂါဟာ ရာသီမရွေး ဖြစ်ပွားနိုင်ပေမယ့် အေးသောရာသီဥတုတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။
  • ရေကျောက်ရောဂါ၏ လက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ယားယံခြင်းတို့ ဖြစ်နိုင်ပြီး ခန္ဓာကိုယ်အနှံ့ အနီစက်များ ပေါ်လာကာ နောက်ပိုင်းတွင် အဆိုပါ အနီစက်များသည် အရည်ကြည်ဖုများအဖြစ် ပြောင်းလဲသွားတယ်။
  • ကာကွယ်ဆေးထိုးခြင်းက ရေကျောက်ရောဂါကို အနှစ် ၂၀ အထိ ကာကွယ်ပေးနိုင်ပြီး ရောဂါဖြစ်ပွားမှုကို ၈၅% ခန့် လျှော့ချနိုင်သလို ပြင်းထန်သော လက္ခဏာများကိုတော့ ၉၅% ကျော် ကာကွယ်ပေးနိုင်ပါတယ်။

ရေကျောက်ရောဂါအကြောင်း သိကောင်းစရာ

ရေကျောက်ရောဂါဟာ Varicella ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ရောဂါဖြစ်ပါတယ်။ ဤဗိုင်းရပ်စ်ဟာ အလွန်ကူးစက်လွယ်ပြီး နောက်ပိုင်းတွင် ဆင်ရေယုန်ရောဂါ ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ရေကျောက်ဖုများကို တိုက်ရိုက်ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်ပြီး ရောဂါရှိသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်းမှ ထွက်လာသော အသက်ရှူလမ်းကြောင်းမှ အမှုန်များကို ရှူရှိုက်မိခြင်းကြောင့်လည်း ကူးစက်နိုင်ပါတယ်။ ထို့အပြင် ဗိုင်းရပ်စ်ရှိသူနှင့် ကိုယ်ရေးကိုယ်တာ အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်းမှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ရေကျောက်ရောဂါကို ကလေးများ တွင် အများဆုံး တွေ့ရပြီး အေးသောရာသီများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ သို့သော် ကိုယ်ခံအားနည်းသော လူကြီးများတွင်လည်း ဖြစ်ပွားနိုင်ပြီး လက္ခဏာများဟာ ကလေးများထက် ပိုမိုပြင်းထန်တတ်ပါတယ်။ သို့ရာတွင် ကာကွယ်ဆေးထိုးခြင်းဖြင့် ရေကျောက်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။

ရေကျောက်ရောဂါရဲ့ လက္ခဏာများ

ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီးနောက် ပုံမှန်အားဖြင့် ၁၀ ရက်မှ ၂၁ ရက်အတွင်း လက္ခဏာများ စတင်ပေါ်လာတတ်ပါတယ်။ လက္ခဏာများအနေဖြင့် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် ယားယံခြင်းတို့ ဖြစ်နိုင်ပါတယ်။ အစပိုင်းတွင် အနီစက်လေးများ ပေါ်လာပြီး နောက်ပိုင်းတွင် ခန္ဓာကိုယ်အနှံ့ အရည်ကြည်ဖုများ ဖြစ်လာပါတယ်။ အဆိုပါ အရည်ကြည်ဖုများမှာ အလွန်ယားယံပြီး အစတွင် အရည်ကြည်ဖုများအဖြစ် တွေ့ရကာ နောက်ပိုင်းတွင် ပြည်ပါဝင်သော ဖုများအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ နောက်ဆုံးတွင် ထိုဖုများဟာ အနာဖေးဖြစ်ပြီး ခြောက်သွားကာ အလိုလို ကွာကျသွားတတ်ပါတယ်။

ရေကျောက်ရောဂါကြောင့် ဖြစ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာများ

ပုံမှန်အားဖြင့် ရေကျောက်ရောဂါသည် အမာရွတ်မကျန်ဘဲ ပြန်လည်ကောင်းမွန်သွားတတ်ပါတယ်။ သို့သော် နောက်ဆက်တွဲ ပြဿနာအနေဖြင့် ဘက်တီးရီးယားပိုး ဝင်ရောက်ပါက အရည်ကြည်ဖုများမှာ ပြည်တည်လာနိုင်ပြီး အမာရွတ် ကျန်ရှိနိုင်ပါတယ်။ ထို့အပြင် ရေကျောက်ရောဂါမှ ပြန်လည်သက်သာလာပြီးနောက် အသက်ကြီးလာသောအခါ ဆင်ရေယုန်ရောဂါ ပြန်လည်ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။

ကလေးများတွင် ရေကျောက်ဖြစ်ရသော အကြောင်းရင်းများ

ရေကျောက်ရောဂါဟာ များသောအားဖြင့် ကလေးများ လူထူထပ်သော နေရာများသို့ သွားရောက်တဲ့အခါ သို့မဟုတ် ရောဂါရှိသူနဲ့ နီးနီးကပ်ကပ် ထိတွေ့မိတဲ့အခါ ကူးစက်တတ်ပါတယ်။

ရေကျောက်ရောဂါ ဟုတ်မဟုတ် စစ်ဆေးခြင်း

ဆရာဝန်ဟာ လူနာရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထွက်နေတဲ့ အစက်အပြောက်တွေကို ကြည့်ရှုစစ်ဆေးခြင်းဖြင့် ရေကျောက် ဟုတ်မဟုတ် ခွဲခြားနိုင်ပါတယ်။ အကယ်၍ လက္ခဏာတွေ သဲသဲကွဲကွဲ မထင်ရှားပါက ဗိုင်းရပ်စ်အပေါ် ခုခံနိုင်စွမ်း ရှိမရှိ သိနိုင်ရန် သွေးစစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။

ရေကျောက် ကုသခြင်း

  • အပြည့်အဝ အနားယူပြီး ရေများများ သောက်ပေးပါ။
  • ခန္ဓာကိုယ် သန့်ရှင်းနေစေရန် ပုံမှန် ရေချိုးပေးပါ။
  • ရေကျောက်ဖုများကို ကုတ်မိခြင်း၊ ဆိတ်မိခြင်း မဖြစ်စေရန် လက်သည်းကို အမြဲတိုတို ညှပ်ထားပါ။
  • ယားယံမှု သက်သာစေရန် ကယ်လာမိုင်း (Calamine) ကဲ့သို့ လိမ်းဆေးများ အသုံးပြုပေးပါ။
  • ရောဂါပိုး ထပ်မံ မကူးစက်စေရန် မိမိအသုံးအဆောင်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထိန်းသိမ်းထားပါ။

ရေကျောက်ကာကွယ်ဆေး (Varicella Vaccine / Chickenpox Vaccine)

ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ လေ့လာမှုတစ်ခုအရ ဤကာကွယ်ဆေးထိုးထားပါက အနှစ် ၂၀ ကြာတဲ့အထိ ရေကျောက်ရောဂါမဖြစ်အောင် ၇၀-၈၅% အထိ ကာကွယ်ပေးနိုင်သလို၊ အကယ်၍ ရောဂါဖြစ်ခဲ့ရင်တောင် လက္ခဏာမပြင်းထန်အောင် ၉၅% ကျော်အထိ ကာကွယ်ပေးနိုင်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ရေကျောက်တစ်မျိုးတည်းအတွက် သီးသန့်ကာကွယ်ဆေး (VZV) ရှိသလို ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးနဲ့ ရေကျောက် စုစုပေါင်း ၄ မျိုးကို တစ်ပြိုင်တည်း ကာကွယ်ပေးနိုင်တဲ့ ပေါင်းစပ်ကာကွယ်ဆေး (Combination Vaccine) လည်း ရှိပါတယ်။

ဘယ်သူတွေ ကာကွယ်ဆေးထိုးသင့်လဲ?

  • အသက် ၁ နှစ်နဲ့အထက် ကလေးများ ကာကွယ်ဆေး ၂ ကြိမ် ထိုးသင့်ပါတယ်။ ပထမအကြိမ်ကို အသက် ၁ နှစ်မှ စတင်ထိုးနိုင်ပြီး ဒုတိယအကြိမ်ကို ပထမအကြိမ်ထိုးပြီး ၆ လအကြာတွင် ထိုးပေးရပါတယ်။
  • ရေကျောက် တစ်ခါမှ မဖြစ်ဖူးသူများ သို့မဟုတ် အသက် ၁၂ နှစ်အောက် ကလေးများ ကာကွယ်ဆေး ၂ ကြိမ် ထိုးသင့်ပါတယ်။ တစ်ကြိမ်နှင့်တစ်ကြိမ်ကြား အနည်းဆုံး ၃ လ ခြားထားသင့်ပါတယ်။
  • အသက် ၁၃ နှစ်နဲ့အထက် ကလေးများ ကာကွယ်ဆေး ၂ ကြိမ် ထိုးသင့်ပါတယ်။ တစ်ကြိမ်နှင့်တစ်ကြိမ်ကြား အနည်းဆုံး ၁ လ ခြားထားသင့်ပါတယ်။
  • ရေကျောက်လူနာကို ပြုစုစောင့်ရှောက်နေသူများ လည်း ကာကွယ်ဆေး ထိုးသင့်ပါတယ်။

ရေကျောက်ကာကွယ်ဆေး မထိုးခင် ဘယ်လို ပြင်ဆင်ရမလဲ?

  • အရင်က ရေကျောက် ဖြစ်ဖူးသူများ၊ ကိုယ်ခံအားနည်းသော ရောဂါရှိသူများ၊ တီဘီရောဂါ သို့မဟုတ် ကင်ဆာရောဂါ အခံရှိသူများအနေဖြင့် ကာကွယ်ဆေး မထိုးခင် ဆရာဝန်ကို ကြိုတင် အသိပေးသင့်ပါတယ်။
  • အကယ်၍ ဖျားနေပါက သို့မဟုတ် နေမကောင်း ဖြစ်နေပါက ဆေးထိုးမယ့်ရက်ကို ရွှေ့ဆိုင်းထားသင့်ပါတယ်။ ပြန်လည် နေကောင်းလာပြီးနောက် အနည်းဆုံး ၇ ရက်ခန့် ကြာမှ ကာကွယ်ဆေး ထိုးသင့်ပါတယ်။

မှတ်ချက်

  • ရေကျောက်ကာကွယ်ဆေးကို ဘယ်ရာသီမဆို ထိုးနိုင်သလို တခြားကာကွယ်ဆေးများနဲ့လည်း တွဲဖက်ထိုးနိုင်ပါတယ်။
  • ဘယ်ကာကွယ်ဆေးပဲဖြစ်ဖြစ် မထိုးခင် ဆရာဝန်နဲ့ ကြိုတင် ပြသစစ်ဆေးသင့်ပါတယ်။

ရေကျောက် ကာကွယ်ဆေး မထိုးသင့်သူများ

  • ကိုယ်ခံအားကို ကျဆင်းစေသော ဆေးဝါးများ သောက်သုံးနေသူများ
  • ကိုယ်ခံအားနည်းသော ရောဂါအခံရှိသူများ
  • လတ်တလော သွေးသွင်းကုသမှု ခံယူထားသူများ

ကာကွယ်ဆေးထိုးခြင်းရဲ့ အကျိုးကျေးဇူးများ

  • ရေကျောက်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးပါတယ်။
  • နောက်ပိုင်းတွင် ဆင်ရေယုန်ရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက် သတိပြုရမယ့် အချက်များ

  • မူးမေ့သတိလစ်ခြင်းမဖြစ်အောင် ၁၅ မိနစ်ခန့် အနားယူပြီး သတိထားပါ။
  • အကယ်၍ မူးဝေလာပါက ဆရာဝန်ထံ ချက်ချင်း အသိပေးသင့်ပါတယ်။
  • ကာကွယ်ဆေးထိုးထားတဲ့ နေရာတွင် နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း ဖြစ်ပါက ရေခဲဝတ်ကပ်ပေးနိုင်ပါတယ်။
  • ကာကွယ်ဆေးထိုးထားတဲ့ နေရာတစ်ဝိုက်တွင် ရေကျောက်နဲ့တူတဲ့ အနီစက်လေးများ ထွက်လာနိုင်ပေမဲ့ အများအားဖြင့် အလိုလို ပြန်လည် ပျောက်ကင်းသွားတတ်တဲ့အတွက် အလွန်စိတ်ပူရန် မလိုအပ်ပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများ

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ

  • အဖျားအနည်းငယ် ရှိခြင်း
  • လက်မောင်း နာကျင်ခြင်း
  • ဆေးထိုးထားသော နေရာတွင် ရောင်ရမ်းခြင်း သို့မဟုတ် အညိုအမည်းစွဲခြင်း
  • အနီစက်အနည်းငယ် ထွက်ခြင်း

ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ

  • ဆေးနဲ့ ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်ခြင်း
  • ခန္ဓာကိုယ်အနှံ့ အနီစက်များ ကျယ်ပြန့်စွာ ထွက်လာခြင်း
  • အညိုအမည်းစွဲလွယ်ခြင်း သို့မဟုတ် သွေးထွက်လွယ်ခြင်း
  • တက်ခြင်း
  • မျက်စိညောင်းခြင်း
  • ဦးနှောက်ရောင်ခြင်း

ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်ပေါ်လာပါက သို့မဟုတ် အထက်ဖော်ပြပါ လက္ခဏာများအပြင် အခြားထူးခြားသော လက္ခဏာများ ခံစားရပါက ဆရာဝန်ထံ ချက်ချင်း သွားရောက် ပြသသင့်ပါတယ်။ 

ရေကျောက်ရောဂါရှိသူနဲ့ ထိတွေ့မိပါက ရေကျောက်ရောဂါ ပြန်ဖြစ်နိုင်ခြေ ရှိပေမယ့် အလွန်ဖြစ်ခဲပါတယ်။ အကယ်၍ ပြန်ဖြစ်ခဲ့ရင်တောင် ပထမတစ်ကြိမ် ဖြစ်ခဲ့စဉ်ကလောက် မပြင်းထန်တော့ဘဲ ဖျားနာခြင်း မရှိခြင်း သို့မဟုတ် အနီစက် အနည်းငယ်သာ ထွက်ခြင်းမျိုး ဖြစ်တတ်ပါတယ်။  ရေကျောက်ရောဂါ တစ်ခါမှ မဖြစ်ဖူးပေမယ့် ကာကွယ်ဆေး ထိုးထားသောသူများတွင်လည်း ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ သို့သော် လက္ခဏာများမှာ မပြင်းထန်ဘဲ အများအားဖြင့် ပေါ့ပါးပါတယ်။

အဆင့်သတ်မှတ်ချက်