ကလေး ကင်ဆာရောဂါကုသမှုမှာ ပိုမိုထိရောက် အားကောင်းစေတဲ့ CAR T-Cell ကုထုံးအကြောင်း

ကလေး ကင်ဆာရောဂါကုသမှုမှာ ပိုမိုထိရောက် အားကောင်းစေတဲ့  CAR T-Cell ကုထုံးအကြောင်း

အနှစ်ချုပ်

  • ခုခံအားစနစ်ကို မြှင့်တင်ခြင်း - CAR T-cell ကုထုံးဟာ ကင်ဆာဆဲလ်တွေကို တိတိကျကျ ရှာဖွေချေမှုန်းနိုင်ရေး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပိုမိုအားကောင်းလာစေတဲ့ ကလေးသူငယ်ကင်ဆာရောဂါကုသမှုအတွက် ချဉ်းကပ်မှုပုံစံအသစ်တစ်ရပ် ဖြစ်ပါတယ်။ 
  • အောင်မြင်မှု ရလဒ်များ- ဆစ်မီတဝေ့ကလေးဆေးရုံကြီးမှာ CAR T-cell ကုထုံးဖြင့် ထူးခြား ပြောင်မြောက်တဲ့ အောင်မြင်မှုများကို ရရှိထားပြီး ဖြစ်ပါတယ်။ ကလေးကင်ဆာဝေဒနာရှင် ၇ ဦး အပါအဝင် စုစုပေါင်း လူနာ ၁၀ ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပြီး အကောင်းဆုံးသော စောင့်ရှောက်မှုနှင့် ထူးခြားတဲ့ ရလဒ်များကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
  • ခေတ်မီဆန်းသစ်သော ဆေးဘက်ဆိုင်ရာ ကုသရေးအထောက်အကူပြု စနစ်များ - ဆစ်မီတဝေ့ ကလေး ဆေးရုံကြီးမှာ ဆေးဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများရဲ့ ထိပ်တန်းဖြစ်တဲ့ CAR T-cell ကုထုံးကို အပြည့်အဝ ပံ့ပိုးပေးနိုင်စေဖို့ အဆင့်မြင့် ခေတ်မီနည်းပညာနှင့် အထောက်အကူပြု ပစ္စည်းကိရိယာများ ကို ပြည့်စုံစွာ တပ်ဆင်ထားရှိပါတယ်။

Chimeric antigen receptor (CAR) T-cell ကုထုံးဆိုတာကတော့ သွေးကင်ဆာရောဂါ တိုက်ဖျက်ရေးမှာ အလွန်အားထားရပြီး အလားအလာကောင်းမွန်တဲ့ အဆင့်မြင့် ခုခံအား ကုထုံးတစ်ခုပဲ ဖြစ်ပါ တယ်။ အဆိုပါကုထုံးဟာ လူနာရဲ့ ခန္ဓာကိုယ်ထဲက T ဆဲလ်များကို ပြုပြင်မွမ်းမံပြီးနောက် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ထည့်သွင်းပေးခြင်းဖြင့် ကင်ဆာဆဲလ်များကို တိတိကျကျ ရှာဖွေတိုက်ခိုက်နိုင်ရေး ကိုယ်ခံအား စနစ်ကို စွမ်းရည်မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။ ဒီ ကုထုံးဟာဆိုရင် သွေးကင်ဆာ ဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေအတွက် မျှော်လင့်ချက်ရောင်ခြည်ကို ပေးစွမ်းနိုင်တဲ့အပြင်၊ အခြားသော ကင်ဆာအမျိုးအစားများ ကိုပါ ကုသနိုင်ဖို့ လက်တွေ့စမ်းသပ်လေ့လာမှုများ ပြုလုပ်နိုင်ရန် လမ်းစများကိုလည်း ဖော်ဆောင်ပေးလျက် ရှိပါတယ်။

T ဆဲလ်များ 

T ဆဲလ်များ ဆိုတာကတော့ ခန္ဓာကိုယ်ထဲရှိ ပိုးဝင်ကူးစက်မှုများနှင့် ကင်ဆာ ကဲ့သို့သော ရောဂါဝေဒနာတွေကို တိုက်ဖျက်ပေးတဲ့ ထူးခြားသွေးဖြူဥဆဲလ်များပဲ ဖြစ်ပါတယ်။ သူတို့က ခန္ဓာကိုယ်အနှံ့ လှည့်လည်သွားလာနေကြပြီး မကောင်းတဲ့ဆဲလ်တွေကို ရှာဖွေဖျက်ဆီးပစ်လေ့ ရှိပါတယ်။ ကျွန်တော်တို့ ဖျားတဲ့အခါ ဖြစ်နေတဲ့ အကြောင်းအရင်းအမြစ်ကို ရှာဖွေတိုက်ဖျက်ဖို့အတွက် T ဆဲလ်တွေ ထွက်လာကြပါတယ်။ ပြီးတော့သူတို့က  တိုက်ခိုက်ခဲ့ဖူးတဲ့ ပိုးဝင်ကူးစက်မှုတွေကိုလည်း မှတ်မိနေတတ်ကြတာမို့ နောက်တစ်ကြိမ် ထပ်ဖျားတယ် ဆိုရင် အဆိုပါပိုးကို အလျင်အမြန် ပြန်လည်တိုက်ခိုက်ပြီး ဟန့်တားပေးနိုင်ကြပါတယ်။

CAR T-cell ကုထုံးဆိုတာ ဘာလဲ?

CAR T-cell ကုထုံးဆိုတာကတော့ ကင်ဆာဆဲလ်တွေကို ရှာဖွေဖျက်ဆီးနိုင်စွမ်းရှိတဲ့ T ဆဲလ်တွေရဲ့ စွမ်းရည်ကို ပိုမိုမြင့်မားလာစေရေး လုပ်ဆောင်ပေးတဲ့ ဆန်းသစ်ကင်ဆာကုထုံးတစ်ရပ် ဖြစ်ပါတယ်။ အဆိုပါကုထုံးမှာ T ဆဲလ်တွေ ပစ်မှတ်ကို တိတိကျကျ ရှာဖွေနိုင်စွမ်း မြင့်မားလာစေဖို့အတွက် သူတို့ရဲ့ မျိုးရိုးဗီဇကို ဓာတ်ခွဲခန်းမှာ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပြီး Chimeric Antigen Receptors (CARs) လို့ခေါ်တဲ့ ကင်ဆာပစ်မှတ်ရှာလက်ခံစနစ်များကို ဖြစ်ပေါ်လာစေဖို့ ပြုလုပ်ရပါတယ်။ ဒီကုထုံးဟာ ကင်ဆာဆဲလ် များနှင့် သာမန်ဆဲလ်များကို ခွဲခြားရခက်ခဲတဲ့ စိန်ခေါ်မှုကို ဖြေရှင်းပေးနိုင်တာမို့ ကင်ဆာကုသရေးကဏ္ဍမှာ အလွန်အလားအလာကောင်းတဲ့ ချဉ်းကပ်မှုပုံစံသစ်တစ်ခု ဖြစ်လာတာပဲ ဖြစ်ပါတယ်။

CAR T-cell ကုထုံးက ဘယ်လို အလုပ်လုပ်တာလဲ?

CAR T-cell ကုထုံးက ကင်ဆာဆဲလ်များပေါ်မှာရှိနေတဲ့ တိကျသောပရိုတင်းတွေကို ခွဲခြား မှတ်မိနိုင်စွမ်း ရှိတဲ့ Chimeric Antigen Receptors (CARs) လို့ခေါ်တဲ့ ကင်ဆာပစ်မှတ်ရှာလက်ခံစနစ်တွေ ထွက်လာစေဖို့ T ဆဲလ်တွေကို မျိုးရိုးဗီဇဆိုင်ရာ ပြုပြင်မွမ်းမံပြီး အလုပ်လုပ်စေတာ ဖြစ်ပါတယ်။ လူနာရဲ့ မိဘ သို့မဟုတ် မွေးချင်းမောင်နှမထံမှ T ဆဲလ်များကို စုဆောင်းရယူပြီးနောက်၊ ကင်ဆာဆဲလ်များပေါ်က တိကျသော ပရိုတင်းများနှင့် တွဲဆက်နိုင်စွမ်းရှိစေရန် CARs ကင်ဆာပစ်မှတ်ရှာလက်ခံစနစ်တွေ ထွက်လာ အောင် ဓာတ်ခွဲခန်းမှာ ပြုပြင်ဖန်တီးရပါတယ်။ ပြီးတော့မှ ဒီလိုပြုပြင်မွမ်းမံထားတဲ့ CAR T-ဆဲလ်များကို အရေအတွက် ပိုမိုပွားများလာစေရန် လုပ်ဆောင်ပေးပြီး လူနာရဲ့ သွေးကြောထဲသို့  ပြန်လည်ထည့်သွင်း ပေးလိုက်ခြင်း ဖြစ်ပါတယ်။

CAR T-cell ကုထုံးများဟာ သတ်မှတ်ထားတဲ့ ကင်ဆာအမှတ်အသားဆဲလ် (antigens) များကို တိတိကျကျ ပစ်မှတ်ထား တိုက်ခိုက်နိုင်ရန်အတွက် လူနာတစ်ဦးချင်းစီအလိုက် သီးသန့် ပြုပြင်ဖန်တီးယူရပါတယ်။ ဥပမာ - သွေးကင်ဆာ နှင့် ပြန်ရည်ကျိတ်ကင်ဆာ အချို့အမျိုးအစားများတွေဆိုရင် ကင်ဆာဆဲလ်များမှာ CD19 လို့ ခေါ်တဲ့ ပဋိပစ္စည်းတစ်မျိုး ရှိနေတတ်ပါတယ်။ ဒါကြောင့် CAR T-cell ကုထုံးများကို အဆိုပါ CD19 ပဋိပစ္စည်းနှင့် တွဲဆက်ပြီး တိုက်ခိုက်ပစ်နိုင်ဖို့ ပုံစံထုတ်လုပ်ထားခြင်း ဖြစ်တာမို့  အဆိုပါ ပဋိပစ္စည်း မရှိတဲ့ အခြားကင်ဆာအမျိုးအစားများအတွက်မူ ထိရောက်မှု မရှိနိုင်ပါ။

ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် CAR T-ဆဲလ်တွေဟာ ကင်ဆာဆဲလ်များကို ပိုမိုထိရောက်စွာ ခွဲခြားသိမြင်ပြီး ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြပါတယ်။ သူတို့ဟာ အားကောင်းပြီး  ပြင်းထန်တဲ့ ကိုယ်ခံအားတုံ့ပြန်မှုကို စတင်လှုံ့ဆော်ပေးပြီး ကင်ဆာဆဲလ်များကို ပျက်စီးသွားစေရန် လုပ်ဆောင်ပေးပါတယ်။ ဒီလို လူနာတစ်ဦးချင်းစီအလိုက် သီးသန့်လုပ်ဆောင်ရတဲ့ ချဉ်းကပ်မှုပုံစံဟာ ကင်ဆာကို တိုက်ဖျက်ဖို့ လူနာရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်အသုံးပြုခြင်းဖြစ်ပြီး၊ တိကျသော ပစ်မှတ်ရှိကာ အစွမ်းထက်တဲ့ ကုသမှုရွေးချယ်ခွင့်တစ်ရပ်ကို ဖော်ဆောင်ပါတယ်။ CAR T-cell ကုထုံးဟာ အထူးသဖြင့် အခြားကုသမှုနည်းလမ်းများဖြင့် အောင်မြင်မှုမရရှိခဲ့တဲ့ အခြေအနေများမှာ သိသာထင်ရှားတဲ့ ထိရောက်မှုကို ပြသနိုင်ခဲ့ပါတယ်။ အဆိုပါကုထုံးဟာ သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာနှင့် ရိုးတွင်းခြင်ဆီ ကင်ဆာကဲ့သို့သော သွေးနှင့်သက်ဆိုင်တဲ့ ကင်ဆာရောဂါများကို ကုသရန်အတွက် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (USA FDA) ရဲ့ အသိအမှတ်ပြု ခွင့်ပြုချက်ကို ရရှိထားပြီး ဖြစ်တာမို့ အဆိုပါ ရောဂါဝေဒနာများကို ရင်ဆိုင်နေရတဲ့ လူနာများအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုပဲ ဖြစ်ပါတယ်။

CAR T-Cell ကုထုံးရဲ့ လုပ်ဆောင်ပုံ လုပ်ငန်းစဉ် အဆင့်ဆင့်

  • T ဆဲလ်များ စုဆောင်းရယူခြင်း - မိဘ သို့မဟုတ် မွေးချင်းမောင်နှမရဲ့ သွေးပြန်ကြောမှ သွေးကို ထုတ်ယူပြီး T ဆဲလ်များကို သီးသန့်ဖယ်ထုတ်ဖို့ “သွေးဖြူဥ သီးသန့်ဖယ်ထုတ်ခြင်း” ဆိုတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ရပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ၂ နာရီမှ ၃ နာရီခန့် ကြာမြင့်တတ်ပြီး ကျန်ရှိတဲ့ သွေးများကိုတော့ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းပေးပါတယ်။
  • T ဆဲလ်များကို မျိုးရိုးဗီဇ ပြုပြင်မွမ်းမံခြင်း - စုဆောင်းရရှိထားတဲ့ T ဆဲလ်များကို ဓာတ်ခွဲခန်းသို့ ပေးပို့ကာ ဓာတ်ခွဲခန်းထုတ် CARs ကင်ဆာပစ်မှတ်ရှာလက်ခံစနစ်မျိုးရိုးဗီဇ ထည့်သွင်းခြင်းဖြင့် 'CAR T ဆဲလ်များ' ဖြစ်လာစေရန် ပြုပြင်မွမ်းမံရပါတယ်။ ပြီးတဲ့နောက် အဆိုပါ ဆဲလ်များကို အရေအတွက် ပိုမိုပွားများလာစေဖို့ ဓာတ်ခွဲခန်းထဲမှာပဲ ၃ ပတ်မှ ၄ ပတ်ခန့် ကြာအောင် ပျိုးထောင်ရပါတယ်။
  • CAR T ဆဲလ်များအတွက် လူနာအား ကြိုတင်ပြင်ဆင်ခြင်း - CAR T-cell ကုထုံး မစတင်မီ ၁ ပတ်မှ ၂ ပတ်အလိုမှာ လူနာရဲ့ ခန္ဓာကိုယ်ကို ကြိုတင်ပြင်ဆင်ရန်နှင့် ကုသမှုရဲ့ ထိရောက်မှုကို အကောင်းဆုံးဖြစ်စေရန် ဆေးပမာဏအနည်းငယ်ဖြင့် ကင်ဆာဆေးသွင်းကုသခြင်း ကို ပြုလုပ်ရပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက ခန္ဓာကိုယ်ထဲရှိ အခြားကိုယ်ခံအားဆဲလ် အရေအတွက်ကို လျှော့ချ ပေးပြီး အသစ်ဝင်ရောက်လာမယ့် CAR T ဆဲလ်များအတွက် နေရာဖန်တီးပေးကာ ၎င်းတို့ရဲ့ ကင်ဆာတိုက်ဖျက်နိုင်စွမ်းရည်ကို ပိုမိုအစွမ်းထက်လာစေပါတယ်။
  • CAR T ဆဲလ်များ ပြန်လည်ထည့်သွင်းခြင်းနှင့် စောင့်ကြည့်ခြင်း - သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်စုံလုံလောက်စွာ ထွက်ရှိလာတဲ့အခါ CAR T ဆဲလ်များကို လူနာရဲ့ လက်မောင်းသွေးကြော မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်ပါတယ်။ ဒီကာလအတွင်း လူနာအခြေအနေကို အနီးကပ် စောင့်ကြည့်စစ်ဆေးနိုင်ရန်အတွက် ၃ ပတ်မှ ၄ ပတ်ခန့် ဆေးရုံတက်ရောက် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

CAR T-cell ကုထုံးဖြင့် ကုသမှုခံယူရန် သင့်တော်သူများ

CAR T-cell ကုထုံးဟာ ပုံမှန်ကုသနေကျနည်းလမ်းများဖြင့် အောင်မြင်မှုမရရှိဘဲ ရောဂါတစ်ကြော့ပြန် ဖြစ်ပေါ်လာသော သို့မဟုတ် ကုသမှုကို တုံ့ပြန်မှုမရှိတော့သော သွေးနှင့် ပြန်ရည်ကျိတ် ကင်ဆာဝေဒနာရှင် ကလေးငယ်အချို့အတွက် ညွှန်းဆိုထားတဲ့ ကုထုံးဖြစ်ပါတယ်။ သွေးဖြူဥကင်ဆာ အပြင်းစား၊ ဘီဆဲလ်များ ကြီးထွားလာသော နန်း-ဟော့ချ်ကင် ပြန်ရည်ကျိတ်ကင်ဆာ Large B cell non-Hodgkin's Lymphoma နှင့် အာရုံကြောဆဲလ် ကင်ဆာကဲ့သို့သော အဖုအကျိတ်ကင်ဆာများ ပါဝင်ပါတယ်။

မိမိရဲ့ ကလေးဟာ CAR T-cell ကုထုံး ခံယူဖို့ သင့်တော်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန်အတွက် ကလေးကင်ဆာ အထူးကုဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးကာ ဆေးဘက်ဆိုင်ရာ အခြေအနေများကို စစ်ဆေးအကဲဖြတ်ရပါမယ်။ ဒီလိုဆုံးဖြတ်ရာမှာ ကင်ဆာအမျိုးအစား၊ ရောဂါအဆင့်၊ ယခင်ကုသခဲ့ဖူးသော နည်းလမ်းများနှင့် လူနာရဲ့ ယေဘုယျကျန်းမာရေးအခြေအနေ စတဲ့အချက်များကို ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများရဲ့ အကြံဉာဏ်နှင့် မိမိနှင့်ကိုက်ညီ အဆင်ပြေမယ့် လမ်းညွှန်မှုများကို ရရှိနိုင်ဖို့အတွက် ဆေးရုံရက်ချိန်းရယူ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

CAR T-Cell ကုထုံး၏ ဘေးထွက်ဆိုးကျိုးများ

  • ဆိုက်တိုကိုင်းန် (Cytokine) အလွန်အကျွံထွက်ရှိသည့် လက္ခဏာစု (Cytokine release syndrome - CRS) - ခုခံအားစနစ် ကမောက်ကမ ဖြစ်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ပျို့အန်ခြင်းနှင့် သွေးဖိအားကျခြင်း စတဲ့ လက္ခဏာများ ပြသတတ်တဲ့ ပြင်းထန်နောက်ဆက်တွဲ ဝေဒနာတစ်ရပ် ဖြစ်ပါတယ်။
  • အာရုံကြောစနစ်ဆိုင်ရာ ပြဿနာများ - အာရုံကြောစနစ်ကို ထိခိုက်မှုများ ဖြစ်ပွားနိုင်ပြီး ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေး ဝေခွဲမရဖြစ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း နှင့် စကားပြောရန် သို့မဟုတ် ခန္ဓာကိုယ် ဟန်ချက်ထိန်းရန် ခက်ခဲခြင်း စသည်တို့ ကြုံတွေ့ရနိုင်ပါတယ်။
  • အခြား ဖြစ်နိုင်ခြေရှိသော ပြင်းထန်ဘေးထွက်ဆိုးကျိုးများ - သွေးတွင်း သတ္တုဓာတ်ပမာဏ မူမမှန်ခြင်း၊ ဆေးမတည့်ဘဲ ဓာတ်မတည့်မှု တုံ့ပြန်ခြင်း၊ ကိုယ်ခံအားစနစ် အားနည်းသွားခြင်းနှင့် သွေးဆဲလ်အရေအတွက် လျော့နည်းသွားခြင်း (သွေးအားနည်းခြင်း) တို့ ပါဝင်ပါတယ်။

CAR T-cell ကုသမှုအပိုင်းမှာ အထူးပြုကျွမ်းကျင်ကြတဲ့ ဝါရင့်ဆရာဝန်များနှင့် သူနာပြုအဖွဲ့များဟာ အဆိုပါ ဘေးထွက်ဆိုးကျိုး လက္ခဏာများကို ချက်ချင်း သိရှိနားလည်နိုင်ပြီး အချိန်မီ ကုသပေးနိုင်ကြပါတယ်။ ဖြစ်လာနိုင်တဲ့ ပြင်းထန်ဘေးထွက်ဆိုးကျိုးများကို စနစ်တကျ ဖြေရှင်းနိုင်ရန်အတွက် CAR T-cell ကုထုံး ခံယူနေစဉ်အတွင်း အနီးကပ် စောင့်ကြည့်စစ်ဆေးခြင်းနှင့် သတ်မှတ်ထားတဲ့ စံ စောင့်ရှောက်မှု လုပ်ငန်းစဉ်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ အလွန်အရေးကြီးပါတယ်။

ဆစ်မီတဝေ့ကလေးဆေးရုံတွင် CAR T-Cell ကုထုံး ခံယူခြင်း၏ အကျိုးကျေးဇူးများ

  • ကျွမ်းကျင်မှု အဆင့်အတန်း - ကျွန်တော်တို့ရဲ့ အထူးကုအဖွဲ့ကို CAR T-cell ကုထုံး၊ ရိုးတွင်း ခြင်ဆီနှင့် ပင်မဆဲလ် အစားထိုးကုသခြင်း နှင့် ကင်ဆာကုသရေးအပိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အတွေ့အကြုံရင့်ကျက်ပြီးဖြစ်တဲ့ Prof. Suradej Hongeng, M.D., က ဦးဆောင်ပါတယ်။ ကလေးကင်ဆာဝေဒနာရှင်ပေါင်း ၁,၀၀၀ ကျော်ကို ကုသပေးခဲ့တဲ့ မှတ်တမ်းလည်းရှိနေပြီး၊ ကလေး ကင်ဆာလူနာ ၇ ဦးအပါအဝင် စုစုပေါင်းလူနာ ၁၀ ဦးကို CAR T-Cell ကုထုံးဖြင့် အောင်မြင်စွာ ကုသပေးနိုင်ခဲ့ခြင်းတို့ဖြင့် အကောင်းဆုံးသော စောင့်ရှောက်မှုနှင့် ထူးခြားတဲ့ ရလဒ်များကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 
    သုတေသနဆိုင်ရာ ပံ့ပိုးကူညီမှုများ - Prof. Suradej Hongengရဲ့ ဆန်းသစ်တီထွင်မှုဖြစ်တဲ့ CD19 ကင်ဆာပစ်မှတ်ရှာလက်ခံစနစ် (CAR) မွမ်းမံထားတဲ့ T-ဆဲလ်များ ဖော်ထုတ်ခြင်း အပါအဝင် CAR T-cell ကုထုံးဆိုင်ရာ ထူးခြားပြောင်မြောက်တဲ့ သုတေသနလုပ်ငန်းတွေဟာ ယခုကုသမှု နယ်ပယ်ကို ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ CAR T-cell ကုထုံးဆိုင်ရာ သုတေသနအကြောင်းကို  https://onlinelibrary.wiley.com/doi/epdf/10.1111/ajco.13474 မှာ ဖတ်ရှုလေ့လာနိုင်ပြီး၊ Prof. Hongeng ရေးသားခဲ့တဲ့ အခြား သုတေသနစာတမ်းများကိုလည်း   https://pubmed.ncbi.nlm.nih.gov/?term=Hongeng+S&cauthor_id=36427475 မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
  • CAR T-cell ထုတ်လုပ်မှုဆိုင်ရာ ဆေးဝါးပစ္စည်းကိရိယာနှင့်နည်းစနစ်များ - ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး သန့်စင်စနစ် စံချိန်စံညွှန်း (GMP) အသိအမှတ်ပြုလက်မှတ်ရ “ဆဲလ်နှင့်မျိုးရိုးဗီဇကုထုံး ထုတ်လုပ်မှုဆိုင်ရာ ဆေးဝါးပစ္စည်းကိရိယာနှင့် နည်းစနစ်များဌာန” နှင့် ပူးပေါင်း ဆောင်ရွက်ထားတာကြောင့် CAR-T ထုတ်လုပ်မှုအတွက် နိုင်ငံတကာစံနှုန်းများနှင့် အဆင့်မြင့်နည်းပညာများကို အာမခံချက်ပေးနိုင်ပါတယ်။ တိကျတဲ့အရည်အသွေးစစ်ဆေးမှုများဖြင့် လူနာရဲ့ ဘေးကင်းလုံခြုံရေး ကို အဓိကဦးစားပေး ဆောင်ရွက်ထားပါတယ်။ အကောင်းဆုံးအရည်အသွေးရှိတဲ့ CAR T-cell ကုထုံးကို ပေးစွမ်းနိုင်စေဖို့ အဆိုပါပူးပေါင်းဆောင်ရွက်မှုဟာ ယုံကြည်စိတ်ချရတဲ့အပြင်၊ ပြည်ပသို့ အပ်နှံထုတ်လုပ်ခြင်းနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်ကို ၅ ဆခန့် သက်သာစေပါတယ်။
  • နယ်ပယ်စုံမှ ပူးပေါင်းကုသရေးအဖွဲ့ - ကျွန်တော်တို့အဖွဲ့မှာ သွေးနှင့် ကင်ဆာ ရောဂါဆိုင်ရာ ကလေးအထူးကုဆရာဝန်များ၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကလေးအထူးကု ဆရာဝန်များ၊ နှလုံးရောဂါဆိုင်ရာ ကလေးအထူးကုဆရာဝန်များ၊ စိတ်ကျန်းမာရေးဆိုင်ရာ ကလေး အထူးကုဆရာဝန်များ၊ သွားဘက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်များ၊ အာဟာရပညာရှင်များ၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၊ လူနာဆောင်သူနာပြု များ၊ ဓာတ်ခွဲခန်းနှင့် သွေးလှူဘဏ်ဆိုင်ရာ နည်းပညာရှင်များ၊ ကူးစက်ရောဂါထိန်းချုပ်ရေး သူနာပြုများနှင့် အခြားကျွမ်းကျင်သူများစွာ ပါဝင်ကြပါတယ်။ အဖွဲ့သားအားလုံးဟာ CAR T-cell ကုထုံးခံယူနေတဲ့ ကလေးငယ်များကို ဘက်စုံလွှမ်းခြုံပြီး စနစ်တကျ ဟန်ချက်ညီ စောင့်ရှောက်မှု များ ပေးစွမ်းနိုင်ရန်အတွက် အနီးကပ် ပူးပေါင်းဆောင်ရွက်ပေးနေကြပါတယ်။
  • ခေတ်မီဆန်းသစ်သော ဆေးဘက်ဆိုင်ရာ ကုသရေးအထောက်အကူပြု စနစ်များ -  ဆစ်မီတဝေ့ ကလေး ဆေးရုံမှာ ဆေးဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများရဲ့ ထိပ်တန်းဖြစ်တဲ့ CAR T-cell ကုထုံးကို အပြည့်အဝ ပံ့ပိုးပေးနိုင်စေဖို့ အဆင့်မြင့် ခေတ်မီနည်းပညာနှင့် အထောက်အကူပြု ပစ္စည်းကိရိယာများ ကို ပြည့်စုံစွာ တပ်ဆင်ထားရှိပါတယ်။ သန့်စင်သောလေကို ပေးနိုင်တဲ့ လေဖိအားမြင့်အခန်း Positive pressure ventilation စနစ်ဖြင့် လေဝင်လေထွက် ထိန်းချုပ်ထားပြီး အဏုဇီဝပိုးမွှားများနှင့် ဖုန်မှုန့်များကို အသေးစိတ် သန့်စင်ပေးနိုင်တဲ့ HEPA လေစစ်စနစ်များ တပ်ဆင်ထားတဲ့ သီးသန့်လူနာဆောင်ခန်းများလည်း အားလုံးပါဝင်ပါတယ်။
  • နိုင်ငံတကာအဆင့် စောင့်ရှောက်မှုစံနှုန်းများ - ဆစ်မီတဝေ့ကလေးဆေးရုံဟာ ၂၀၂၂ ခုနှစ် Healthcare Asia Awards ဆုပေးပွဲမှာ ဂုဏ်ထူးဆောင် "Specialty Hospital of the Year" (အကောင်းဆုံး အထူးကုဆေးရုံဆု) ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဆိုပါဆုဟာ အာရှတစ်လွှား လူနာများအား နိုင်ငံတကာအဆင့် ကုသစောင့်ရှောက်မှုများ ပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့ အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုများရဲ့ အသီးအပွင့်တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆေးရုံကြီးဟာ ထူးကဲပြောင်မြောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်နိုင်ဖို့ ရည်မှန်းချက်ထားရှိပြီး၊ လူနာများအတွက် အရည်အသွေးပြည့်ဝမှုနှင့် ဘေးကင်းလုံခြုံမှုကို အမြင့်မားဆုံးအဆင့်မှာ ရှိနေစေဖို့ အစွမ်းကုန် ဆောင်ရွက်ပေးလျက် ရှိနေပါတယ်။

ကိုးကားချက်များ၏စာရင်း 

စာတမ်း ထုတ်ဝေရာ အရင်းအမြစ်များ

https://pubmed.ncbi.nlm.nih.gov/?term=Hongeng+S&cauthor_id=36427475
https://onlinelibrary.wiley.com/doi/abs/10.1111/ejh.13906
https://www.astctjournal.org/article/S1083-8791(06)00181-9/fulltext
https://www.nejm.org/doi/full/10.1056/NEJMoa1705342
https://www.nstda.or.th/nac/2019/images/seminar/date28/28-experience-04.pdf
https://www.researchgate.net/profile/Suradej-Hongeng

ကျွန်တော်တို့၏ တီထွင်ဆန်းသစ်မှုများအတွက် အရင်းအမြစ်များ

https://www.gnptbio.com/ม-มหิดล-แถลงผลสำเร็จในกา/
้https://www.gnptbio.com/car-t-cell-ความหวังผู้ป่วยโรคมะเ/

Car-T Cell နှင့် သက်ဆိုင်သော အရင်းအမြစ်များ

https://www.cancerresearchuk.org/about-cancer/treatment/immunotherapy/types/CAR-T-cell-therapy
https://www.pennmedicine.org/cancer/navigating-cancer-care/treatment-types/immunotherapy/what-is-car-t-therapy
https://www.cancer.org/cancer/managing-cancer/treatment-types/immunotherapy/car-t-cell1.html
https://research.medicine.psu.ac.th/rsmu/media/upload/AB_Book2022.pdf

အဆင့်သတ်မှတ်ချက်