ကလေးတွေနဲ့ ကားစီးကြတဲ့အခါ…

ကလေးတွေနဲ့ ကားစီးကြတဲ့အခါ…

အနှစ်ချုပ်

  • ကလေးတွေနဲ့ ကားစီးကြတဲ့အခါ ကလေးကို ကားကလေးထိုင်ခုံနဲ့ ထိုင်ခိုင်းခြင်းဟာ ကားအက်ဆီဒင့်တွေဘာတွေ ဖြစ်ခဲ့ရင် ထိခိုက်ဒဏ်ရာရမှုကို ၇၀ - ၈၀% အထိ လျှော့ချနိုင်ပါတယ်။
  • မွေးစကလေးမှ ၁၃ နှစ်အထိ ကလေးကားထိုင်ခုံကို သုံးလို့ရပါတယ်။ ကလေးအသက်အရွယ်အလိုက် ထိုင်ခုံ အမျိုးမျိုး ရွေးချယ်သုံးစွဲလို့ ရပါတယ်။
  • တကယ်လို့ ကလေးက မထိုင်ချင်လို အော်တာ၊ ငိုတာ၊ ငြင်းတာမျိုးတွေရှိရင် မိဘတွေ အနေနဲ့ အလိုမလိုက်ဘဲ စိတ်ရှည်ရှည်နဲ့ ချော့မော့ပြီး ရအောင် ထိုင်ခိုင်းရမှာ ဖြစ်ပါတယ်။ ထိုင်ရင် လိုချင်တာလုပ်ပေးမယ် စတဲ့ အပေးအယူမျိုး၊ ကလေးသေးသေးလေးဆိုရင် အပြင်က တစ်ခုခုကိုပြပြီး အာရုံလွှဲထားတာမျိုး၊ တစ်နေရာမှာ ကားခဏရပ်ပြီး လမ်းပေးလျှောက်တာမျိုး၊ ထိုင်ခုံမှာ အရုပ်ကလေးတွေ တပ်ထားတာမျိုး စတာတွေ လုပ်ပေးပြီး ခရီးစဉ်တစ်လျှောက် သူတို့ သက်သောင့်သက်သာလိုက်ပါနိုင်အောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ကားမတော်တဆမှုဆိုတာ အချိန်မရွေး ဖြစ်နိုင်ပါတယ်။

သေသေချာချာ ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားခြင်းဖြင့် ထိခိုက်ဒဏ်ရာရမှုများကို သိသိသာသာလျှော့ချနိုင်ပါတယ်။ လေ့လာမှုများအရ ကလေး ကားထိုင်ခုံများကို အသုံးပြုခြင်းဖြင့် ယာဉ်မတော်တဆမှုမှာ ကလေးကို ထိခိုက်နိုင်မှုကို ၇၀ ကနေ ၈၀% လောက်အထိ လျှော့ချနိုင်တာကို တွေ့ရပါတယ်။

ကလေးတွေနဲ့ ကားစီးတဲ့အခါ ဘာကြောင့် ကလေးထိုင်ခုံနဲ့ ထိုင်စေဖို့ အရေးကြီးရတာလဲ…

ကလေးတွေရဲ့ ကိုယ်ခန္ဓာလေးတွေဆိုတာ အပြည့်အဝမဖွံ့ဖြိုးသေးဘူးလေ။ နုလည်း နုသေးတယ်။ ဒါကြောင့် ကားထိုင်ခုံက လူကြီးခါးပတ်တွေနဲ့ မသင့်တော်ဘူး။ ဒါကြောင့် ကလေးငယ်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ ကားထိုင်ခုံနဲ့ ခါးပတ်ဟာ အထူးအရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ မပြောကောင်း မဆိုကောင်း ယာဉ်မတော်တဆမှုများဖြစ်ခဲ့ရင် ကလေးတွေဟာ ထိုင်ခုံကနေ လွင့်ထွက်လာပြီး ခေါင်း တို့၊ ခါးရိုးတို့၊ အဆုတ်ထဲဖောက်ဝင်သွားတာတို့၊ အသည်းကွဲသွားတာတို့၊ သရက်ရွက်ကွာသွားတာတို့ တခြား ကိုယ်တွင်းအင်္ဂါတွေထိခိုက်ပြီး အတွင်းကြေ ကြေသွားတာတို့ စတဲ့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရာမှုတွေ ဖြစ်လာနိုင်ပါတယ်။ ပြင်းထန်တဲ့ မတော်တဆမှုတွေမှာဆိုရင် ကလေးကို ပြည့်စုံလုံလောက်တဲ့ အကာအကွယ်တွေ ပေးမထားရင် သေတောင် သေနိုင်ပါတယ်။

တစ်ချို့ မိဘတွေ ကားစီးရင် ကလေးတွေကို ပေါင်ပေါ်တင်ထားတာ၊ ရင်ခွင်ထဲပိုက်ထားတာတွေလည်း လုပ်လေ့ ရှိပါသေးတယ်။ မိဘရင်ခွင်ဟာ သားသမီးတွေအတွက် အလုံခြုံဆုံးလို့ ဆိုပေတာကိုး။ တကယ့်တကယ် အက်ဆိဒင့် ဖြစ်တဲ့အခါ ကလေးတွေဟာ လွင့်ထွက်သွားပြီး ဖမ်းမမိဖြစ်တတ်ပါတယ်။ တစ်ချို့ကလည်း ကလေးကိုပါ ခါးပတ်ထဲ ထည့်ပတ်ထားကြတာမို့ ယာဉ်တိုက်မှုဖြစ်ပြီး အခန့်မသင့်ရင် ကိုယ့်ကိုယ်လုံးနဲ့ ဖိမိပြီး ကလေးခမျာ ညှပ်လို့ သေရတာမျိုးတွေလည်း ရှိဖူးပါတယ်။

ကလေးကားထိုင်ခုံနဲ့ ထိုင်သင့်တဲ့ အရွယ်

မွေးခါစကနေ ၁၃ နှစ်အထိ ကလေးထိုင်ခုံနဲ့ ထိုင်ခိုင်းသင့်ပါတယ်။ ထွားလာတာနဲ့ အမျှ အရွယ်အလိုက် ကလေးကားထိုင်ခုံကို ရွေးချယ်နိုင်ပါတယ်။ ဆိုက်အမျိုးမျိုး၊ ကွာလတီအမျိုးမျိုး ရွေးချယ်စရာတွေ အများကြီးရှိတဲ့အနက် လုံခြုံမှုအပေးနိုင်ဆုံး safety အကောင်းဆုံး အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

ယေဘုယျအားဖြင့် ကလေးရဲ့ အသက်၊ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်အလိုက် သင့်တော်တဲ့ ကားထိုင်ခုံကို ရွေးချယ်ဖို့ ၃ မျိုးခွဲထားပါတယ်။

  • ပထမအုပ်စု မွေးကင်းစ - ၂ လ အောက်၊ ကိုယ်အလေးချိန် ၀ - ၁၃ ကီလို
  • ဒုတိယအုပ်စု ကလေးငယ် - ၉ လ မှ ၄ နှစ်၊ ကိုယ်အလေးချိန် ၉ - ၁၈ ကီလို
  • တတိအုပ်စု ကလေး - ၄ နှစ် ကနေ ၁၂ နှစ်၊ ကိုယ်အလေးချိန် ၁၈ ကီလို အထက်

ကားထိုင်ခုံကို ဘယ်လိုတပ်ကြမလဲ

  • မွေးကင်းစလေးတွေအတွက်ဆိုရင် ကားထိုင်ခုံထဲက ကူရှင်အပြင် မွေ့ရာတစ်ထပ် ပါရသေးတယ်။ ကလေးလေး ထွက်ကျ မသွားအောင် သေသေချာချာ ချည်ထားနိုင်ဖို့လည်း လိုပါတယ်။
  • ကလေးကားထိုင်ခုံတပ်မယ်ဆိုရင် ကားနောက်ခန်းဟာ စိတ်အချရဆုံးနေရာပဲဖြစ်ပါတယ်။ နောက်ထိုင်ခုံနဲ့ မျက်နှာချင်းဆိုင် (မောင်းသူဘက်ကို ကျောပေးပြီး) တပ်ရမှာဖြစ်ပါတယ်။ ကလေးအနေနဲ့ ဆိုရင် ကားနောက်ဘက်ကို မျက်နှာမူထားတဲ့အနေအထားဖြစ်ပါတယ်။ တစ်ခုခုဆို ရုတ်တရက် ဘရိတ်အုပ်ရလို့ ဒက်စတော့တွေဘာတွေ ဖြစ်သွားရင် ကားထိုင်ခုံထဲကနေ ကလေးထွက်မသွားစေဖို့ဖြစ်ပါတယ်။
  • ၂နှစ် အထက်ကလေးတွေအတွက်ဆိုရင်တော့ လူကြီးတွေ ထိုင်တဲ့ ဘက်အတိုင်း လှည့်ထားပေးလို့ ရပါတယ်။

မိဘတွေအနေနဲ့ ကားထိုင်ခုံကို မှန်မှန်ကန်ကန်တပ်ဆင်တတ်ဖို့ အရေးကြီးပါတယ်။ ကားမထွက်ခင် ကားထိုင်ခုံဟာ “အံဝင်ခွင်ကျ” ရှိရဲ့လားဆိုတာ သေသေချာချာ စစ်ဆေးရမှာ ဖြစ်ပါတယ်။

ကားထိုင်ခုံမှာ မထိုင်ချင်တဲ့ကလေးတွေကို ဘယ်လို ချော့ မလဲ...

ကလေးလေးတွေကို ကားနဲ့ခေါ်သွားတော့မယ်ဆိုရင် ကားထိုင်ခုံနဲ့စီးဖို့ အကျင့်ရအောင် မွေးကင်းစကတည်းက ထည့်စီးပါလို့ အကြံပြုကြပါတယ်။ အစပိုင်းတော့ ဈေးသွားတာတို့ ဘာတို့ စတဲ့ ခရီးတိုလေးတွေပေါ့။ အလေ့အကျင့်ရနေဖို့ က အဓိကပါ။ ဘာလို့ဆို ၈လ တစ်နှစ်လောက်ဆို ဂျီကျ ကြတော့မယ်လေ။ အော်ရင် ငိုပြရင် အလိုလိုက်တော့မယ်ဆိုတာ သူတို့ သိနေကြပြီလေ။ မိဘတွေ အနေနဲ့ စိတ်ရှည်ဖို့ လိုပါတယ်။ ကားထိုင်ခုံထဲထည့်ထားလို့ အော်နေ ငိုနေ မယ်ဆိုရင် ကားခဏရပ်ပြီး ဟိုနား သည်နား လမ်းပေးလျှောက်တာတို့၊ အရုပ်ကလေးပေးပြီး အာရုံလွှဲထားတာတို့ စ တာတွေ လုပ်ပြီး ကားထိုင်ခုံထဲမှာ အေးအေးဆေးဆေးထိုင်လိုက်လာအောင် လုပ်ပေးကြရမှာဖြစ်ပါတယ် လို့ သားသားမီးမီးတို့ကို ကားနဲ့ခေါ်သွားတော့မယ်ဆိုရင် အန္တရာယ်ကင်း ဘေးရှင်းစေဖို့ အကြံပြု ရေးသားလိုက်ရပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။