ကလေးငယ်များမှာအဖြစ်များတဲ့ကင်ဆာရောဂါ (၅)မျိုး

ကလေးငယ်များမှာအဖြစ်များတဲ့ကင်ဆာရောဂါ (၅)မျိုး

အနှစ်ချုပ်

  • ရုတ်တရက်ဖြစ်တဲ့လူကီးမီးယားသွေးကင်ဆာ(Acute Leukemia) ဟာ ကလေးငယ်များမှာအဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်ပါတယ်။ ကလေးငယ်များမှာဖြစ်တဲ့ ကင်ဆာအားလုံးရဲ့ (၅၀) ရာခိုင်နှုန်းဟာ ဒီအမျိုး အစားမှာပါဝင်ပါတယ်။ လက္ခဏာများအနေနဲ့ ဖျားနာခြင်း၊ ဖြူဖပ်ဖြူရော် ဖြစ်ခြင်း၊ ပွန်းပဲ့ဒဏ်ရာရခြင်း၊ ခန္ဓာကိုယ်အနှံ့ သွေးထွက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
  • ရုတ်တရက်ဖြစ်တဲ့လူကီးမီးယားသွေးကင်ဆာ ကို ကုသဖို့ ခီမိုဆေးသွင်း ခြင်း (Chemotherapy) နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် လည်း သွေးဖြူဥများက ဆေးကို မတုန့်ပြန်နိုင်တဲ့ လူနာများ (သို့) ရောဂါ  ပြန်လည်ဖြစ်ပွားတဲ့ လူနာများအနေနဲ့  တခြားရွေးချယ်မှုတစ်ခုဖြစ်တဲ့ ရိုးတွင်းခြင်ဆီအစားထိုးခြင်း (Bone Marrow Transplantation) ကို လုပ်ဆောင်နိုင်ပါတယ်။

အသက်(၁၅)နှစ်အောက် ကလေးလူနာများသေဆုံးမှုရဲ့ ဒုတိယအမြင့်ဆုံး အကြောင်းအရင်းဟာ ကင်ဆာရောဂါကြောင့်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတစ်နိုင်ငံတည်းမှာပဲ တစ်နှစ်လျှင် ကလေးငယ် (၉၀၀) ဟာ ကင်ဆာရောဂါကို ခံစားနေကြရပါတယ်။ ထိုင်းကလေးငယ်များမှာ အဖြစ်အများ ဆုံး ကင်ဆာရောဂါ(၅)မျိုးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။   

၁ ။   နှစ်စဉ် ထိုင်းကလေးငယ် အယောက်(၁)သန်းမှာ (၄၀) နီးပါးဟာ  ရုတ်တရက်ဖြစ်တဲ့သွေးကင်ဆာ (Acute Leukemia) ရောဂါကို ခံစားနေကြရပါတယ် ။

၂။   နှစ်စဉ် ထိုင်းကလေးငယ် အယောက်(၁)သန်းမှာ (၆)ယောက်အထက်ဟာ ပြန်ရည်ကျိတ်ကင်ဆာ(Lymphoma) ရောဂါကို ခံစားနေကြရပါတယ်။

၃။  နှစ်စဉ် ထိုင်းကလေးငယ် အယောက်(၁)သန်းမှာ (၆)ယောက်အထက်ဟာ  ဦးနှောက်အကျိတ်ကင်ဆာ(Brain Tumor) ရောဂါကို ခံစားနေကြရပါတယ်။

၄ ။  နှစ်စဉ် ထိုင်းကလေးငယ် အယောက်(၁)သန်းမှာ (၅)ယောက်ဟာ   အာရုံကြောကင်ဆာ(Neuroblastoma) ရောဂါကို ခံစားနေကြရပါတယ်။

၅။ နှစ်စဉ် ထိုင်းကလေးငယ် အယောက်(၁)သန်းမှာ (၄)ယောက်အထက်ဟာ    မျိုးဗီဇဆဲလ်ကင်ဆာ (Germ Cell Tumor) ရောဂါကိုခံစားနေကြရပါတယ်။

ရုတ်တရက်ဖြစ်တဲ့လူကီးမီးယားသွေးကင်ဆာ(Acute Leukemia)

ဒီကင်ဆာရောဂါဟာ အဖြစ်များတဲ့ ကင်ဆာအမျိုးအစားဖြစ်ပြီး ကလေးငယ်များ ခံစားရတဲ့ ကင်ဆာရဲ့ တစ်ဝက်လောက်ဟာ ဒီအမျိုးအစားဖြစ်ပါတယ်။ အဓိက အားဖြင့် (၂)မျိုးခွဲခြားနိုင်ပါတယ်။

– Acute Lymphoblastic Leukemia - မပြည့်ဝတဲ့သွေးဖြူဥများကြီးထွားလာခြင်းကြောင့်ရုတ်တရက်ဖြစ်သော သွေးကင်ဆာ (ALL) ( AML ထက် ဖြစ်ပွားမှု (၃)ဆ ပိုများ)

– Acute Myeloid Leukemia (AML) - ရုတ်တရက်ဖြစ်သောရိုးတွင်းခြင်ဆီကင်ဆာ(AML)

အတွေ့ရများတဲ့ လက္ခဏာများကတော့ ဖျားခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ သွေးခြည်ဥခြင်း၊ ခန္ဓာက်ိုယ်အနှံ့သွေးထွက်ခြင်း တို့ဖြစ်ပါတယ်။ ဒါ့အပြင် အသည်းနှင့်သရက်ရွက်ကြီးခြင်း၊ ခန္ဓာကိုယ်အနှံ့နာကျင်ကိုက်ခဲခြင်း၊ ပြန်ရည်ကျိတ်ရောင်ခြင်း၊ အမျိုးသားများမှာ ဝှေးစေ့ တစ်ဖက်(သို့) နှစ်ဖက်စလုံး ကြီးလာခြင်း၊ အသေးစိတ်သွေးစစ်ဆေးရာတွင် သွေးဖြူဥမပြည့်ဝခြင်း စတာတွေ လည်း ဖြစ်နိုင်ပါတယ်။

ALL နဲ့ AML တို့ကို ရှာဖွေစစ်ဆေးရာမှာ သွေးဖြူဥအမျိုးအစားနဲ့ မူမမှန်မှု များ ရှိ မရှိ သိရဖို့အတွက် ကလေးငယ်ရဲ့ ရိုးတွင်းခြင်ဆီကို စစ်ဆေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် လူကီးမီးယားဆဲလ်တွေ ပျံ့နှံခြင်း ရှိ မရှိ သိရဖို့ ဦးနှောက်နဲ့အာရုံကြော မကြီးအတွင်းနဲ့ ၎င်းတစ်ဝိုက်မှာ ရှိတဲ့အရည် (CSF) ကို လည်း သေချာလေ့လာ စစ်ဆေး ရမှာဖြစ်ပြီး ဒါဟာ ကုသမှုနဲ့ ရောဂါသုံးသပ်မှုအတွက် လွန်စွာ အရေးပါတဲ့ စစ်ဆေးမှုဖြစ်ပါတယ်။

ရုတ်တရက်ဖြစ်တဲ့သွေးကင်ဆာ(Acute Leukemia) ကို အမျိုးအစား အပေါ် မူတည်ပြီး  ကြာရှည်တဲ့အချိန်ကာလတစ်ခုအထိ ခီမိုဆေးသွင်းခြင်း နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။ မပြည့်ဝတဲ့သွေးဖြူဥများကြီးထွားလာခြင်း ကြောင့်ရုတ်တရက် ဖြစ်သော သွေးကင်ဆာ (ALL) ကုသမှုဟာ ပုံမှန်ဆိုရင် (၂)နှစ်ခွဲ-(၃)နှစ် လောက် အထိ ကြာတတ်ပြီး ရုတ်တရက်ဖြစ်သော ရိုးတွင်း ခြင်ဆီကင်ဆာ(AML) ကတော့ (၆)လ လောက်ပဲ အချိန်ယူ ကုသရပါတယ်။ လူနာဟာ ရောဂါကျွမ်းတဲ့အခြေ အနေ (သို့) ထပ်ခါတလဲလဲ ဖြစ်ပွားနေတယ်ဆိုရင် နောက်တစ်ဆင့်အနေနဲ့ ရိုးတွင်းခြင်ဆီအစားထိုးကုသမှုကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ရိုးတွင်းခြင်ဆီအစားထိုးကုသမယ့် လူနာတွေအနေနဲ့ Stem Cells ထပ်တူကျအောင်(သို့) ထပ်တူကျလုနီးပါးဖြစ်တဲ့အထိ စောင့်နေဖို့မလိုတော့ပါ ဘူး။ လူနာရဲ့ မိခင်(သို့)ဖခင် ဆီကနေ ထုတ်ယူပြီး အစားထိုးနိုင်ပါတယ်။ ဒီကုသမှု နည်းပညာကို ရိုးတွင်းခြင်ဆီ Stem Cells အစားထိုးကုသမှု (Haploidentical Hematopoietic Stem Cell Transplantation) လို့ ခေါ်ပါတယ်။ နောက်ဆုံးပေါ်ခေတ်မီ ကုသမှုနည်းပညာအကြောင်းကို ဒီနေရာကနေဖတ်ရှုနိုင်ပါတယ်

လက်ရှိချိန်မှာ ALL အတွက် ကုသအောင်မြင်မှုနှုန်းဟာ (၈၀)-(၈၅)ရာခိုင်နှုန်းထိ ရှိပြီး အကောင်းဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ AML အတွက် ကုသအောင်မြင်မှု ကတော့ (၅၅)ရာခိုင်နှုန်းရှိပါတယ်။ AML ခံစားနေရတဲ့ လူနာတွေကို ခီမိုဆေးသွင်းခြင်းနဲ့ ကုသရာမှာ ဆက်လက်အသက်ရှင်သန်မှုဟာ (၅၀) ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမယ့် ဒီလူနာတွေကို အစကတည်းက ရိုးတွင်းခြင်ဆီ အစားထိုးခြင်းနည်းလမ်းနဲ့ ကုသမယ်ဆိုရင် အသက်ရှင်သန်မှုဟာ (၈၀) ရာခိုင်နှုန်း အထိ တိုးတက်လာနိုင်ပါတယ်။

ပြန်ရည်ကျိတ်ကင်ဆာ(Lymphoma)

ရုတ်တရက်ဖြစ်တဲ့လူကီးမီးယားသွေးကင်ဆာနောက်မှာ ဒုတိယအဖြစ်အများဆုံး ကင်ဆာကတော့ ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma)ဖြစ်ပြီး အမျိုးအစား (၂) ခု ခွဲခြားသတ်မှတ်ထားပါတယ်။

  • ဟော့ဒ်ကင်းပြန်ရည်ကျိတ်ကင်ဆာ(Hodgkin Lymphoma)
  • ဟော့ဒ်ကင်းပြန်ရည်ကျိတ်ကင်ဆာမဟုတ်သော ကင်ဆာ (Non-Hodgkin Lymphoma)

ဒီ ကင်ဆာရောဂါခံစားနေရတဲ့လူနာများဟာ နာတာရှည်ရောဂါ၊ အကြောင်းအရင်း မရှိဘဲ ကြာရှည်စွာဖျားခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ညဘက်အိပ်ပျော်နေစဉ်ချွေးထွက်ခြင်း များ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အနှံ့အပြားမှာပြန်ရည်ကျိတ် (Lymph Nodes)များ ကြီးလာခြင်း၊ အသည်းနှင့်သရက်ရွက်ကြီးလာခြင်း များလည်းဖြစ်တတ်ပြီး ဒီလက္ခဏာတွေ ခံစားရပြီဆိုရင် ရင်ဘတ်(သို့)ဝမ်းဗိုက် အလယ်မှာ အောင့်ခြင်း ကိုလည်း ခံစားရနိုင်ပါတယ်။

ဒီကင်ဆာအမျိုးအစားကို ရှာဖွေစစ်ဆေးဖို့အတွက် အသားစယူခြင်း(Biospy) ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အသားစ ယူရာမှာ အကျိတ်(သို့)ပြန်ရည်ကျိတ် ရဲ့ တစ်စိတ်တစ်ပိုင်းကို ထုတ်ယူပြီး ရောဂါဗေဒဆိုင်ရာ အသေးစိတ်စစ်ဆေးမှုများကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါပျံ့နှံ့မှုကို သိနိုင်ဖို့အတွက် ဓာတ်မှန်စစ်ဆေးမှုများ ( CT Scan / Gallium Scan / PET Scan / Bone Scan) အပြင် နံရိုးအတွင်းရှိအရည်နမူနာယူခြင်း(Bone Marrow Aspiration)၊ အသားစယူခြင်း စတာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကုသမှု အပိုင်းမှာတော့ ရောဂါအဆင့်အပေါ်မူတည်ပြီး ခီမိုဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ကုထုံး စတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကုသအောင်မြင်မှုနှုန်းဟာ လွန်စွာမြင့်မားသလို ပြန်ရည်ကျိတ်ကင်ဆာနဲ့ ရောဂါ အဆင့်အပေါ်မူတည်ပြီး အသက်ရှင်မှု (၇၀) ရာခိုင်နှုန်းကနေ (၉၅) ရာခိုင်နှုန်းအထိ ရှိပါတယ်။

ဦးနှောက်အကျိတ်

ဒီကင်ဆာရောဂါခံစားရသူလူနာများဟာ ဟန်ချက်ညီမှုမရှိခြင်း၊ ဆိုးရွားစွာ ပျို့အန်ခြင်း၊ အမြင်အာရုံပြဿနာများ၊ နှာချေခြင်း၊ ခေါင်းကိုက်ခြင်း၊ ဦးခေါင်း အရွယ်အစားကြီးလာခြင်း စတဲ့ လက္ခဏာများကို ခံစားကြရပါတယ်။ ရောဂါလက္ခဏာများဟာ အကျိတ်ရဲ့တည်နေရာ ၊ ကင်ဆာဆဲလ်အမျိုးအစား နဲ့ ၎င်းအကျိတ်ဟာ မြန်မြန်ဆန်ဆန်ကြီးလာခြင်း ရှိ မရှိ ဆိုတဲ့ အချက်တွေ အပေါ်မှာ မူတည်ပါတယ်။

ဦးနှောက်အကျိတ်အတွက် ရောဂါရှာဖွေစစ်ဆေးမှုမှာ တော့ အကျိတ်ရဲ့ တည်နေရာနဲ့ အရွယ်အစားကို သိနိုင်ဖို့အတွက် CT Scan (သို့) MRI Scan လိုမျိုး ပုံရိပ်နည်းပညာများနဲ့ စစ်ဆေးရမှာဖြစ်ပါတယ်။  ဦးနှောက်ကို နမူနာထုတ် ယူပြီး တခြားစစ်ဆေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။

ဦးနှောက်အကျိတ်ကို ကုသရာမှာ အမျိုးအစားနဲ့ တည်နေရာအပေါ်မူတည်ပြီး ခွဲစိတ်ကုသမှု၊ ခီမိုဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ကုထုံး စတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြပါတယ်။

အာရုံကြောကင်ဆာ(Neuroblastoma)

ဒီကင်ဆာအမျိုးအစားကို  မွေးကင်းစမှ အသက်(၆)နှစ်အရွယ်ကလေးများမှာ တွေ့ရတတ်ပါတယ်။

ဒီကင်ဆာအမျိုးအစားရဲ့ လက္ခဏာများအနေနဲ့ နေရာမျိုးစုံမှာ  အကျိတ်၊ အဖု များ တွေ့ရတတ်ပါတယ်။ အတွေ့ရများတာကတော့ ဝမ်းဗိုက်မှာအကျိတ်တည် ခြင်းဖြစ်ပြီး ရောဂါပျံ့နှံ့မှုကြောင့် အခြား နောက်ဆက်တွဲရောဂါပြဿနာများလည်း ရှိတတ်ပါတယ်။ ဖျားနာခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ အားနည်းခြင်း၊ ခန္ဓာကိုယ်(သို့) နံရိုးနာကျင်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း စတဲ့ လက္ခဏာများကို ခံစားရပါတယ်။ တကယ်လို့ အကျိတ်ဟာ ခါးရိုးအထဲမှာရှိတဲ့ ကျောရိုးနာ့ဗ်ကြောမ ကို ဖိအားသက်ရောက်စေခဲ့တယ် ဆိုရင် ခြေထောက်အားမရှိခြင်းလိုမျိုး လက္ခဏာကိုလည်း ခံစားရမှာဖြစ်ပါတယ်။

ရောဂါအဆင့်သတ်မှတ်မှုနဲ့ ရောဂါရှာဖွေမှုဟာ သွေးစစ်ချက်၊ ရိုးတွင်းခြင်ဆီ နမူနာယူစစ်ဆေးခြင်း၊ သွေး(သို့)ဆီးထဲမှာရှိနေတဲ့ အာရုံကြောအကျိတ်ကနေ ထုတ်လုပ်တဲ့ ကင်ဆာဖြစ်စေတဲ့ပစ္စည်းများကို စစ်ဆေးခြင်း၊ CT Scan၊ Bone Scan ၊ MIBG Scan ကဲ့သို့သော ပုံရိပ်စစ်ဆေးမှုနည်းပညာများ၊ တခြားရောဂါ ဆိုင်ရာ စစ်ဆေးမှုများအတွက် အကျိတ်နမူနာယူခြင်း စတာတွေ အပေါ်မှာ မူတည်တာဖြစ်ပါတယ်။

ကုသမှုအပိုင်းမှာတော့ အကျိတ်ကိုဖယ်ရှားရမယ့်ခွဲစိတ်ကုသမှု နဲ့ တချို့အခြေအနေ များမှာ ဓာတ်ရောင်ခြည်ကုထုံးကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ထိရောက်တဲ့ကုသမှု

ကုသမှု ထိထိရောက်ရောက်ရှိ မရှိဆိုတာဟာ ရောဂါရှာဖွေတွေ့ရှိချိန် လူနာရဲ့ အသက်အရွယ်၊ ရောဂါဆိုင်ရာ စစ်ဆေးမှုရလဒ်များအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ရောဂါကို အစပိုင်းအဆင့်မှာ ရှာဖွေတွေ့ရှိခဲ့တယ်ဆိုရင်  တခြား အစိတ်အပိုင်းများဆီ ကင်ဆာပျံ့နှံ့ပြီးမှ ရှာဖွေတွေ့ရှိတာထက် ပိုမိုကောင်းမွန်တဲ့ ကုသမှုရလဒ်ထွက်ပေါ်မှာဖြစ်ပါတယ်။

မျိုးဗီဇဆဲလ်ကင်ဆာ (Germ Cell Tumors)

ဒီကင်ဆာရောဂါအမျိုးအစားကို အသက်(၁)နှစ်မှ(၄)နှစ်အတွင်း၊ အသက်(၁၅)နှစ် မှ (၁၉)နှစ်အတွင်း ကလေးငယ်များမှာ တွေ့ရတတ်ပါတယ်။

ငယ်ရွယ်တဲ့ကလေးငယ်များမှာ ဝမ်းဗိုက်အတွင်း(သို့) ကျောရိုးအောက်ပိုင်း မှာ အကျိတ်တွေ့ရတဲ့ လက္ခဏာအနေနဲ့ ပြတတ်ပါတယ်။ လူငယ်ပိုင်းတွေမှာတော့ ဝှေးစေ့နဲ့  မ မျိုးဥအိမ် လို မျိုးပွားအင်္ဂါမှာ အကျိတ်ကိုတွေ့ရတတ်ပါတယ်။ တကယ်လို့ ရောဂါဟာ Pineal Gland ခေါ် လူပျို/အပျိုဖော်ဝင်ချိန်ကို ထိန်းချုပ်တဲ့ ဦးနှောက်အတွင်း ပဲစေ့သဏ္ဍာန်ရှိနေတဲ့ အစိတ်အပိုင်းမှာ ဖြစ်နေတယ်ဆိုရင် ပုံမှန်ထက်စောစီးစွာလူပျို/အပျိုဖော်ဝင်ခြင်းလက္ခဏာများ၊ ရင်ဘတ်အောင့်ခြင်း၊ နာတာရှည်ချောင်းဆိုးခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့ လက္ခဏာတွေပြတတ်ပါတယ်။

ရောဂါရှာဖွေမှုနဲ့ ရောဂါအဆင့်သတ်မှတ်ဖို့အတွက်ဆိုရင် ဦးနှောက်ထဲမှာရှိနေတဲ့ ဟော်မုန်းပမာဏကို တိုင်းတာပေးနိုင်တဲ့သွေးစစ်ဆေးမှု၊ CT Scan / Bone Scan ကဲ့သို့ ဓာတ်မှန်အသုံးပြုရောဂါရှာဖွေမှု၊ တခြားလေ့လာမှုများလုပ်ဆောင်ဖို့ ရောဂါဗေဒပညာရှင်မှလုပ်ဆောင်တဲ့ အကျိတ်နမူနာယူစစ်ဆေးမှု စတာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

တကယ်လို့ ဦးနှောက်ထဲမှာ ဟော်မုန်းပါဝင်မှုမရှိဘူးဆိုရင် ကုသမှုနည်းလမ်းများ အနေနဲ့ ခီမိုဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ကုထုံး၊ အကျိတ်ကိုဖယ်ရှားတဲ့ ခွဲစိတ် ကုသမှု စတာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။