ဒီလိုအခြေအနေမျိုးကို မြင်ယောင်ကြည့်လိုက်ပါ - “သားလေးဟာ နေ့ခင်းဘက်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဟိုပြေးဒီလွှား ဆော့ကစားနေပေမဲ့ ညအိပ်ရာဝင်ချိန်မှာတော့ ချောင်းတွေဆိုးပြီး အသက်ရှူသံတွေ ပြင်းလာပါ တော့တယ်။ ညဘက်တွေမှာ အသက်ရှူရ ခက်နေတာမျိုး ဒါမှမဟုတ် ချောင်းတွေတဟွတ်ဟွတ်ဆိုးပြီး ခဏခဏ နိုးနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်တာကြောင့် မနက်လင်းတဲ့အခါမှာ သားက ဂျီကျပြီး စိတ်ကြည်လင်မှု မရှိတော့ပါဘူး။” အကယ်၍ ဒီလိုမျိုးတွေ တကယ်ဖြစ်လာခဲ့ရင် ဒါဟာ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။
ဓာတ်မတည့်မှုနဲ့ခုခံအားစနစ်ဆိုင်ရာ ကလေးအထူးကုဆရာဝန်ကြီး Dr. Wasu Kamchaisatian က ပန်းနာရင်ကျပ်ရောဂါနဲ့ ပတ်သက်ပြီး အခုလို အကြံပြုထားပါတယ်။ “ပန်းနာရင်ကျပ်ဆိုတာဟာ လေပြွန်မကြီး ကနေ လေပြွန်ငယ်လေးတွေအထိ ပါဝင်တဲ့ အသက်ရှူလမ်းကြောင်းအောက်ပိုင်းမှာ ဖြစ်ပွားတတ်တဲ့ ဓာတ်မတည့်မှု အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ကလေးအရွယ်စုံ၊ ကျားမ မရွေးမှာ ဖြစ်ပွားနိုင်ပါတယ်။ ကူးစက် ရောဂါ မဟုတ်ပေမဲ့ မျိုးရိုးလိုက်တတ်ပါတယ်။ ဒါ့အပြင် အရင်က ရင်ကျပ်ဝေဒနာ တစ်ခါမှမရှိဖူးသူတွေတောင်မှ မသင့်တော်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေနဲ့ ကြုံရတဲ့အခါ ရောဂါလက္ခဏာတွေ စတင်ခံစားလာရနိုင်ပါတယ်။”
ပန်းနာရင်ကျပ်ဟာ ရာသီဥတုအပြောင်းအလဲလိုမျိုး ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။ လေအေးပေးစက်ခန်းထဲက အေးမြတဲ့အပူချိန်ဟာ ရင်ကျပ်ဖြစ်နိုင်ခြေကို တိုက်ရိုက်မတိုးစေပေမဲ့ လေစစ်ဇကာတွေကို ပုံမှန်မဆေးကြောဘူးဆိုရင်တော့ ရင်ကျပ်ထစေနိုင်တဲ့ မှိုပိုးတွေနဲ့ ဖုန်မှုန့်တွေ ခိုအောင်းနေနိုင် ပါတယ်။ ရင်ကျပ်ဝေဒနာကို လှုံ့ဆော်ပေးတဲ့ အရာတွေထဲမှာ အိမ်တွင်းဖုန်မှုန့်၊ ပိုးဟပ်၊ ခွေးနဲ့ ကြောင်တို့ရဲ့ အမွေးအမျှင် (ဗောက်)၊ ဝတ်မှုန်တွေနဲ့ အိမ်ပတ်ဝန်းကျင်က မှိုတွေ ပါဝင်ပါတယ်။ ရင်ကျပ်ဝေဒနာ ခံစား နေရသူတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာမျိုးဟာ (နည်းနည်းပဲဖြစ်ဖြစ်၊ များများပဲ ဖြစ်ဖြစ်) အသက်ရှူလမ်းကြောင်းအောက်ပိုင်းကို လှုံ့ဆော်မှုကို အလွယ်တကူ ခံရနိုင်ပြီး ကျုံ့သွားတတ်တာကြောင့် ရောဂါ လက္ခဏာကို ရုတ်တရက် ထကြွလာစေနိုင်ပါတယ်။
ချောင်းဆိုးတာအပြင် ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်ခဲတာ ဒါမှမဟုတ် အသက်ရှူတဲ့အခါ တရွှီရွှီမြည်သံ (ကျပ်သံ) ထွက်လာတာမျိုးတွေဟာ ပန်းနာရင်ကျပ်ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေကို ကလေးရော လူကြီးမှာပါ သတိထားကြည့်ရှုဖို့ လိုအပ်ပါတယ်။ အကယ်၍ တစ်ဦးတစ်ယောက်ဟာ တစ်ညလုံး ချောင်းဆိုးနေပြီး တခြားဓာတ်မတည့်တဲ့ လက္ခဏာတွေပါ ပြလာပြီဆိုရင်တော့ ဒါဟာ ပြင်းထန်ရင်ကျပ်ဝေဒနာ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။. ဒီလိုအခြေအနေမျိုးမှာ ရောဂါလက္ခဏာ သက်သာစေဖို့အတွက် ရင်ကျပ်ရှူဆေး (အင်ဟေလာ / ဂေါက်) ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ရင်ကျပ်ရှူဆေး တစ်ခါမှမသုံးဖူးတဲ့ ကလေးငယ်တွေမှာ အခုလို ဝေဒနာပြင်းပြင်းထန်ထန် ခံစားလာရရင်တော့ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း ပို့ဆောင်ပေးရပါမယ်။ အချိန်မီ မကုသနိုင်ပါက အောက်ဆီဂျင် ပြတ်လပ်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရပ်တန့်သွားပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဖြစ်ပွားနိုင်လို့ပဲ ဖြစ်ပါတယ်။
၁၉၈၅ ခုနှစ်ကစပြီး ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ကူးစက်ရောဂါဗေဒဆိုင်ရာ လေ့လာချက်တွေအရ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ပန်းနာရင်ကျပ် ဖြစ်ပွားနှုန်းဟာ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ရပြီး အထူးသဖြင့် ဘန်ကောက်မြို့ပြ ဧရိယာတွေမှာ ပိုမိုများပြားလာပါတယ်။ ပန်းနာရင်ကျပ်နဲ့ အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်းတို့ဟာ ရောဂါဖြစ်ပွားပုံချင်း မတူညီကြပေမဲ့ ပြသတဲ့ ရောဂါလက္ခဏာတွေကတော့ အတော်လေး ဆင်တူနိုင်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ် ဟုတ်၊ မဟုတ် အတည်ပြုနိုင်ဖို့အတွက် အကယ်၍ မိသားစုထဲမှာ မျိုးရိုးရာဇဝင်မရှိဘူးဆိုရင် အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုင်းတာတဲ့ စစ်ဆေးမှုမျိုး ပြုလုပ်နိုင်ပါတယ်။ နောက်ထပ် သိသာစေတဲ့ အချက်တစ်ခုကတော့ ရင်ကျပ်ရှူဆေး အသုံးပြုလိုက်တဲ့အခါ ထိထိရောက်ရောက် သက်သာသွားခြင်း ရှိ၊ မရှိ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ပန်းနာရင်ကျပ်ဟာ အဆုတ်အတွင်းရှိ လေပြွန်လမ်းကြောင်းတွေ ရောင်ရမ်းမှုကြောင့် ဖြစ်ပွားရတာမို့ စတီးရွိုက် ပါဝင်တဲ့ ရှူဆေးတွေကို အသုံးပြုခြင်းက လေပြွန်တွေကို ပြန်လည်ကျယ်လာစေဖို့ ကူညီပေးနိုင်ကြောင်း Dr. Wasu က ရှင်းပြပါတယ်။ အဲဒီရှူဆေးတွေကို စနစ်တကျ အသုံးပြုမယ်ဆိုရင် ဘေးထွက်ဆိုးကျိုး မရှိဘဲ စိတ်ချလက်ချ သုံးစွဲနိုင်သလို၊ ရှူဆေး အသုံးမပြုနိုင်သူတွေအတွက် အစားထိုးဆေးဖြစ်တဲ့ Leukotrienes ဆေးပြားတွေထက်စာရင် ပိုပြီးတော့လည်း ထိရောက်မှုရှိပါတယ်။
ပန်းနာရင်ကျပ်ဟာ နာတာရှည်ရောဂါတစ်မျိုး ဖြစ်သော်လည်း စနစ်တကျ ကုသမှုခံယူပါက ကောင်းစွာ ထိန်းချုပ်ထားနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အကယ်၍ စနစ်တကျ မကုသဘဲ ထားပါက အဆုတ်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းရည် ကျဆင်းလာခြင်းနဲ့ နာတာရှည် လေပြွန်ရောင်ရမ်းခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ရင်ကျပ်ဝေဒနာ ရုတ်တရက် ထကြွခြင်းမှ ကာကွယ်ရန်အတွက် ကလေးငယ်များကို တုပ်ကွေးကာကွယ်ဆေး ပုံမှန်ထိုးနှံ ပေးဖို့လည်း Dr. Wasu က အကြံပြုထားပါတယ်။