အက်ဒီနွိုက်ဂလင်းဆိုတာ နှာခေါင်းရဲ့ အနောက်ဘက်၊ အာသီးရဲ့ အပေါ်နားမှာရှိတဲ့ ကိုယ်ခံအား စနစ်ဆိုင်ရာ တစ်သျှူးအစုအဝေးဖြစ်ပါတယ်။ သူ့ကို ပါးစပ်ထဲကနေ ကြည့်လို့တော့ မမြင်ရနိုင်ပါဘူး။ သူက ကိုယ်ခံအားစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ဝင်ရောက်လာတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဖမ်းယူတိုက်ဖျက်တဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ ပိုးဝင်ကူးစက်မှုတွေ ဖြစ်နေပြီဆိုရင် အက်ဒီနွိုက်တွေဟာ ရောင်ရမ်းဖူးယောင်လာတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွင်း ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေပြီဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ “အက်ဒီနွိုက်ကြီးခြင်း” လို့ခေါ်တဲ့ အဲဒီ အက်ဒီနွိုက်ဂလင်းတွေ ကြီးထွားလာမှုဟာ အသက် ၃ နှစ်မှ ၆ နှစ်ကြား ကလေးများတွေမှာ အများဆုံးတွေ့ရပြီး၊ ကလေး ၇ ရာခိုင်နှုန်းဟာ အိပ်နေစဉ် ဟောက်တတ်ခြင်း၊ ၂% ကတော့ အိပ်နေစဉ်ခေတ္တအသက်ရှူရပ်ခြင်း စတာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။အက်ဒီနွိုက်ဂလင်းက ကလေးဘဝ (အဓိကအားဖြင့် အသက် ၂ နှစ်မှ ၁၂ နှစ်ကြား) မှာ ရောဂါပိုးဝင်ရောက်မှုတွေ ကနေ အကာအကွယ်ပေးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ ဒီဂလင်းဟာ တဖြည်းဖြည်း သေးငယ်ပျောက်ကွယ်သွားပြီး၊ အရွယ်ရောက်ပြီးသွားတဲ့အခါကျရင်တော့ ပိုးဝင်ကူးစက်မှုတွေကို တားဆီးရာမှာ သိသာထင်ရှားတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခြင်း ရှိမနေတော့တာကို တွေ့ရပါတယ်။
အက်ဒီနွိုက်တွေ ကြီးထွားလာရခြင်းဟာ နှာခေါင်းကတစ်ဆင့် ဝင်ရောက်လာတဲ့ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေကြောင့် ဖြစ်ပွားရတာဖြစ်ပြီး၊ ဒါကလည်း ရောဂါပိုးကို တားဆီးဖို့အတွက် ခန္ဓာကိုယ်ရဲ့ သဘာဝ ကိုယ်ခံအား တုံ့ပြန်မှု တစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရောဂါပိုး လျော့ပါးသွားပြီဆိုတာနဲ့ အက်ဒီနွိုက် တွေဟာလည်း သူတို့ရဲ့ ပုံမှန်အရွယ်အစားကို ပြန် ကျုံ့သွားပါတယ်။ ဒါပေမယ့် တချို့ကလေးတွေမှာကျတော့ ရောဂါပိုး ကင်းစင်သွားပြီးတဲ့ နောက်မှာတောင် အက်ဒီနွိုက်တွေဟာ ဆက်လက် ရောင်ရမ်းနေတတ်ပါတယ်။ ဓာတ်မတည့်ခြင်း၊ နာတာရှည် ထိပ်ကပ်နာ၊ သို့မဟုတ် ထပ်ခါတလဲလဲ အအေးမိဖျားနာခြင်း စတဲ့ အခြေအနေ များသည်လည်း အက်ဒီနွိုက်တွေ အမြဲတမ်းကြီးထွားနေမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အက်ဒီနွိုက်ကြီးခြင်းကြောင့် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ထိခိုက်စေပြီး သိသာထင်ရှားတဲ့ လက္ခဏာ တွေဟာ များသောအားဖြင့် ညဘက်တွေမှာ ပိုပြီးပေါ်လွင်လာတတ်ပါတယ်။ အဓိကလက္ခဏာနှစ်ရပ်ကတော့ နှာခေါင်းပိတ်ခြင်း နဲ့ ဟောက်ခြင်းတို့ဖြစ်ပြီး၊ အခြား လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ကလေးတွေ အိပ်ပျော်နေစဉ်မှာ ဟောက်ခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုက အက်ဒီနွိုက်ကြီးနေတာကြောင့် ဖြစ်ပါတယ်။ ကလေး၏ အိပ်စက်မှုအရည်အသွေးကိုလည်း ထိခိုက်စေတာကြောင့် အာရုံစူးစိုက်နိုင်မှု ချွတ်ယွင်း ခြင်း အပါအဝင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ကျဉ်းတဲ့ ကလေးတွေမှာဆိုရင် အက်ဒီနွိုက်တွေ ကြီးထွားလာခြင်းဟာ လေလမ်းကြောင်းကို ပိတ်ဆို့ စေပြီး အိပ်နေစဉ် ခဏတာအသက်ရှူရပ်ခြင်း၊ အောက်ဆီဂျင်ချို့တဲ့ခြင်းနှင့် အခြေအနေဆိုးရွားပါက အသက် အန္တရာယ်ရှိလာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
အက်ဒီနွိုက်ကြီးခြင်းကြောင့် ဖြစ်တဲ့ ဟောက်ခြင်းကို မကုသဘဲ ထားမယ်ဆိုရင်၊ အိပ်ပျော်နေချိန်မှာ အောက်ဆီဂျင်ချို့တဲ့မှုကြောင့် ဦးနှောက် နဲ့ အာရုံကြောစနစ် လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပြီး ဖွံ့ဖြိုးမှု နှေးကွေးခြင်းကို ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲအနေ နဲ့ ပညာရေးစွမ်းဆောင်ရည် နိမ့်ကျခြင်း၊ အတက်ကြွလွန်ခြင်း စတာတွေအပြင် ပါးစပ်ဖြင့် အသက်ရှူရတဲ့ အလေ့အထကြောင့် မျက်နှာပုံစံ ဖွဲ့စည်းပုံ မမှန်ခြင်းမျိုးအထိတောင် ဖြစ်သွားစေနိုင်ပါတယ်။ ဒါ့အပြင် အက်ဒီနွိုက်ကြီးခြင်းဟာ ပုံမှန်အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ကလေးအတွက် လုံလောက် တဲ့ အနားယူမှု မရတာကြောင့် အလွန်အမင်း တက်ကြွနေခြင်း၊ ကြီးထွားမှုနောက်ကျခြင်း၊ အသက်နည်းနည်း ကြီးလာတဲ့တိုင် အိပ်ရာထဲ ဆီးသွားခြင်းနဲ့ အိပ်နေစဉ် အောက်ဆီဂျင် ထပ်ခါတလဲလဲ ချို့တဲ့မှုကြောင့် အခြေအနေဆိုးရွားပါက နှလုံးပျက်စီးခြင်း စတဲ့ နောက်ဆက်တွဲပြဿနာတွေအထိ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် သားသားမီးမီးတို့ အိပ်နေစဉ် ဟောက်ပါက ပုံမှန်လို့ ယူဆပြီး ပေါ့ပေါ့ဆဆ မထားသင့်ပါ။ ဖြစ်ပေါ် လာနိုင်တဲ့ ရေရှည်ဆိုးကျိုးတွေကို ကာကွယ်နိုင်စေဖို့ ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးပြီး မှန်ကန်တဲ့ ရောဂါရှာဖွေခြင်းနဲ့ သင့်လျော်တဲ့ကုသမှုကို အချိန်မီ ခံယူစေသင့်ပါတယ်။
အက်ီဒနွိုက်ကြီးတာအတွက် ရောဂါရှာဖွေတဲ့နေရာမှာ ဆရာဝန်ဟာ လူနာဆေးမှတ်တမ်းနဲ့ လက္ခဏာတွေကို ပြန်လည်သုံးသပ်ခြင်းကနေ စတင်ပါလိမ့်မယ်။ ပုံမှန်မဟုတ်တဲ့ အခြေအနေများလို့ သံသယရှိပါက အက်ဒီနွိုက် အရွယ်အစားကို စစ်ဆေးဖို့ လည်ပင်း ဓာတ်မှန်ရိုက်ခြင်း နဲ့ ပိုးဝင်ကူးစက်မှုကို စစ်ဆေးဖို့ သွေးစစ်ခြင်း စတဲ့ ထပ်ဆောင်းစစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပါလိမ့်မယ်။ အခြေအနေ ပြင်းထန်ပါက “အိပ်စက်မှုဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း (အိပ်စက်ခြင်းကို စမ်းသပ်လေ့လာခြင်း)” ပြုလုပ်ဖို့ အကြံပေးနိုင်ပြီး၊ ဆေးရုံမှာ တစ်ညတာ တက်ရောက်ပြီး အသက်ရှူနှုန်း၊ ဦးနှောက်လှိုင်းများ၊ နှလုံးခုန် နှုန်း၊ ရင်ဘတ်လှုပ်ရှားမှု၊ အောက်ဆီဂျင်ပမာဏ နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ စတဲ့ ခန္ဓာကိုယ်လုပ်ဆောင် ချက် အမျိုးမျိုးကို စောင့်ကြည့်စစ်ဆေးခြင်းတို့ကို လုပ်ပါလိမ့်မယ်။
ကလေးတွေမှာ အက်ဒီနွိုက်ကြီးနေတာကို ကုသမှုပေးတဲ့ ကုထုံးတွေကတော့ အခြေခံအကြောင်းရင်းပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်
ခွဲစိတ်မှုပြီးတဲ့နောက် ၂ ပတ်မှ ၃ ပတ်အတွင်းမှာ ပုံမှန်အားဖြင့် ပြန်လည်သက်သာလာပြီး တိုးတက်မှုတွေ ကိုလည်း သိသိသာသာခံစားလာရမှာ ဖြစ်ပါတယ်။
အက်ဒီနွိုက်ကြီးခြင်းဟာ ကလေးတွေမှာ အဖြစ်များပြီး အပြည့်အဝကာကွယ်ပေးဖို့ မဖြစ်နိုင်ပေမယ့်၊ အရွယ်ရောက် လာတာနဲ့အမျှ များသောအားဖြင့် တိုးတက်ကောင်းမွန်လာခြင်း ဒါမှမဟုတ် ပျောက်ကင်းသွားခြင်း တို့ ဖြစ်တတ်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေးမှာ အက်ဒီနွိုက် ကြီးနေတယ်လို့ စိုးရိမ်ပူပန်မှုရှိနေ တယ်ဆိုရင် လက္ခဏာတွေ စတင်ပေါ်ပေါက်ချိန်ကတည်းက ဆရာဝန်နဲ့ စောစီးစွာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဆရာဝန် တွေရဲ့ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်တွေဟာ အခြေအနေကို ထိထိရောက်ရောက် ထိန်းချုပ်စီမံနိုင်ဖို့ ကူညီ ပေးပါလိမ့်မယ်။
အက်ဒီနွိုက်ကြီးခြင်းဟာ ကလေးများတွေမှာ မကြာခဏတွေ့ရလေ့ရှိပြီး၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း စတဲ့ ဓာတ်မတည့်ခြင်း နဲ့ ဆင်တူတဲ့ လက္ခဏာတွေ နဲ့အတူ အိပ်ပျော်နေချိန်မှာ ဟောက်ခြင်း ဖြစ်ပေါ်လာတတ် ပါတယ်။ အဲဒီ ဟောက်ခြင်းကပဲ အရေးကြီးတဲ့ သတိပေးလက္ခဏာ ဖြစ်ပါတယ်။ မိဘတွေဟာ မိမိတို့ရဲ့ ကလေး ကို အနီးကပ် စောင့်ကြည့်လေ့လာသင့်ပြီး၊ ဟောက်ခြင်းက မကြာခဏဆိုသလို ဖြစ်နေတတ်ရင်၊ သို့မဟုတ် အိပ် နေစဉ် ခဏတာအသက်ရှူရပ်တာမျိုး ဖြစ်နေတတ်ရင် ရောဂါရဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ နဲ့ အချိန်မီ ကုသမှု စတင်နိုင်ဖို့ ဆရာဝန်နှင့် ချက်ချင်း ပြသသင့်ပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။
ဆောင်းပါးများ