ယနေ့ခေတ်တွင် နာတာရှည်အသည်းရောဂါရှင်များတွင် ရုတ်တရက် အသည်းအလုပ်မလုပ်တော့ခြင်းမျိုးဟာ ပိုပြီးအဖြစ်များလာသလို အလွန်လည်း အန္တရာယ်များလာပါတယ်။ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီမှ စက်တင်ဘာလအထိ ဥရောပ ၈ နိုင်ငံရှိ အသည်းရောဂါကုဌာန ၂၉ ခုတွင် ဆေးရုံတက်နေသော နာတာရှည်အသည်းရောဂါရှင် ၁,၃၄၃ ဦးကို လေ့လာခဲ့ရာ ၃၀၃ ဦး (၂၂.၆%) ဟာ နာတာရှည်အသည်းရောဂါရှင်များတွင် အသည်းရုတ်တရက်အလုပ်မလုပ်တော့ခြင်း(ACLF)ဆိုတဲ့ ရောဂါအခြေအနေ ခံစားနေရကြောင်း တွေ့ရပါတယ်။ လေ့လာမှုစတင်ခဲ့ချိန်တွင် ဤရောဂါအခြေအနေခံစားနေရသော လူနာ ၁၁၂ ဦးသာ ရှိခဲ့ပါတယ်။ ဤရောဂါအခြေအနေဟာ နာတာရှည်အသည်းရောဂါ သို့မဟုတ် အသည်းခြောက်ရောဂါရှိသူများတွင် အသည်းရဲ့လုပ်ငန်းဆောင်ချက်များကို အလျင်အမြန် ယိုယွင်းပျက်စီးသွားစေပါတယ်။ ပိုးဝင်ခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းမှ သွေးထွက်ခြင်း စသောအကြောင်းရင်းများနဲ့ ဆက်စပ်ပြီး ကိုယ်တွင်းအင်္ဂါများကိုပါ ပျက်စီးစေနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
နာတာရှည်အသည်းရောဂါရှင်များတွင် ရုတ်တရက် အသည်းအလုပ်မလုပ်တော့ခြင်းဟာ ၄ ပတ်အတွင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ ရောဂါလက္ခဏာများမှာ bilirubin ပမာဏများလာသောကြောင့် အရေပြားနဲ့မျက်လုံးများ ဝါလာခြင်း၊ ဝမ်းဗိုက်ဖောင်းလာခြင်း၊ ဗိုက်ထဲတွင် အရည်စုခြင်း၊ ပုံမှန်မဟုတ်သောသွေးခဲများကြောင့် အစာအိမ်၊ အစာရေမျိုပြွန် လမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေယိုခြင်း သို့မဟုတ် ခန္ဓာကိုယ်တွင် အညိုအမည်းစွဲခြင်းများ ဖြစ်နိုင်ပါတယ်။
ရုတ်တရက်အသည်းအလုပ်မလုပ်တော့ခြင်းကြောင့် ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများ စုပုံလာပြီး ဦးနှောက်ယောင်ခြင်း၊ ဦးခေါင်းခွံတွင်းဖိအားများလာခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ သတိမေ့မျောလုနီးပါးဖြစ်ခြင်းနဲ့ သတိလစ်မေ့မျောခြင်းများအထိ ဖြစ်စေနိုင်ပါတယ်။
ဤအခြေအနေဟာ ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့ တခြားကိုယ်တွင်းအင်္ဂါများရဲ့ လုပ်ဆောင်ချက်များကိုပါ ထိခိုက်စေနိုင်ပါတယ်။ နာတာရှည်အသည်းရောဂါရှင် ၃၀-၄၀% ဟာ ပိုးဝင်ခြင်းကြောင့် ကျောက်ကပ်ချို့ယွင်းမှုများ ဖြစ်တတ်ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် သွေးလှည့်ပတ်မှု မမှန်တော့ဘဲ သွေးပေါင်ကျခြင်းမျိုးများ ဖြစ်လာနိုင်ပါတယ်။ ဤလက္ခဏာများဟာ နှလုံးနဲ့ ဟော်မုန်းများရဲ့ လုပ်ဆောင်ချက်ကိုပါ ထိခိုက်စေပြီး နောက်ဆုံးတွင် ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်းအထိ ဖြစ်နိုင်ကာ သေဆုံးနိုင်ချေနှုန်းဟာ ၅၀-၉၀% အထိ ရှိပါတယ်။
အသည်းအလုပ်မလုပ်တော့အောင် အဓိကဖြစ်စေသော အကြောင်းရင်းများမှာ အသည်းရောင်တဲ့အထိ အရက်အလွန်အကျွံသောက်သုံးခြင်း၊ အသည်းရောင်စေသော ဆေးဝါးများ သောက်သုံးခြင်း၊ အသည်းရောင်အသားဝါ (A, B, E) ပိုးဝင်ခြင်း၊ အသည်းထဲသို့ သွေးပို့ပေးသော သွေးပြန်ကြောပိတ်ဆို့ခြင်းနဲ့ သွေးစီးဆင်းမှု ပိတ်ဆို့ခြင်းကြောင့် အသည်းရောင်ခြင်းများ ပါဝင်ပါတယ်။ ဒါ့အပြင် ပိုးဝင်ခြင်း၊ အစာရေမျိုပြွန် လမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေယိုခြင်း၊ ခွဲစိတ်မှုခံယူခြင်း စသော တခြားအကြောင်းရင်းများဟာလည်း အသည်းကို အလုပ်မလုပ်နိုင်အောင် ဖြစ်စေနိုင်ပါတယ်။
ရောဂါအခြေအနေကို ဆုံးဖြတ်ဖို့ ကူညီပေးသောအချက်များမှာ ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ပမာဏ၊ သွေးဥမွှားအရေအတွက်၊ bilirubin ပမာဏ၊ သွေးပေါင်ချိန်၊ အသိသတိရှိမှု အတိုင်းအတာစစ်ဆေးအကဲဖြတ်အမှတ်စနစ်၊ ကျောက်ကပ်ရဲ့လုပ်ဆောင်မှုကို ပြသသော serum creatinine ပမာဏ သို့မဟုတ် ဆီးပမာဏများကို ကြည့်ပြီး ကိုယ်တွင်းအင်္ဂါများ ပျက်စီးနေခြင်းကို စစ်ဆေးခြင်းမျိုးသာ ဖြစ်ပါတယ်။
နာတာရှည်အသည်းရောဂါရှင်များတွင် ရုတ်တရက်အသည်းအလုပ်မလုပ်တော့ခြင်းကို ကုသသော နည်းလမ်းများမှာ Molecular Adsorbents Recirculating System (MARS) လို့ခေါ်သော နည်းလမ်းဖြင့် အဆိပ်အတောက်များ ဖယ်ရှားခြင်းဖြစ်ပြီး၊ ၎င်းတွင် လူနာကို အသည်းအစားထိုးရန် စောင့်နေစဉ်အတွင်း အသည်းမှ အညစ်အကြေးများ စစ်ထုတ်ရန် albumin ဟုခေါ်သော ပရိုတင်းတမျိုး ကို အသုံးပြုပါတယ်။ ရောဂါအစောပိုင်းအဆင့် လူနာများအတွက် အသည်းအစားထိုးကုသမှုနဲ့ ကုသနိုင်ပါတယ်။ သို့သော် ရောဂါအခြေအနေ ဆိုးရွားပြီး ကျောက်ကပ်ပါ ဆက်တိုက်ပျက်စီးနေသော လူနာများဟာ အသည်းအစားထိုးခြင်းအပြင် ကျောက်ကပ်ပါ တွဲဖက်အစားထိုးရန် လိုအပ်နိုင်ပါတယ်။