အစာအိမ်ထဲက အက်စစ်တွေ ဆန်တက်တဲ့ရောဂါ “စားချင့်ပြန်ရောဂါ” သတိပြုစရာ

အစာအိမ်ထဲက အက်စစ်တွေ ဆန်တက်တဲ့ရောဂါ “စားချင့်ပြန်ရောဂါ” သတိပြုစရာ

အဓိကအချက်များ

  • အစာအိမ်ထဲက အက်စစ်တွေ ဆန်တက်တဲ့ရောဂါ (စားချင့်ပြန်ရောဂါ) Acid Reflux Disease ဆိုတာ စိတ်ဖိစီးမှုတစ်ခုခုကြောင့် ဖြစ်လာတတ်ပြီး မကုဘဲ ပစ်ထားလိုက်ရင်  အန္တရာယ်ပေးနိုင်တဲ့ အဆင့်တစ်ခု အထိ ရောက်လာတတ်ပါတယ်။
  • ဒီဝေဒနာကို ခံစားနေရပြီဆိုရင် မအီမသာမျက်နှာကြီးနဲ့ဖြစ်နေပြီး နိစ္စဓူဝလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာလည်း ကသိကအောက် ဖြစ်စေပါတယ်။ မကုဘဲထားလိုက်ရင် နာတာရှည်လို ဖြစ်သွားပြီး နောက်ဆုံး အသက်အန္တရာယ်ရှိတဲ့ အစာရေမျိုပြွန်ကင်ဆာ အထိ ရောက်သွား နိုင်ပါတယ်။
  • ဖြစ်ပြီဆိုရင်လည်း ဆေးဆိုင်တွေမှာ အလွယ်တကူရတဲ့ ဆေးတွေကို မဆင်မခြင် ဝယ်သောက်ခြင်း၊ ဆေးမြီးတိုများနဲ့ ကုသခြင်းတို့ကြောင့်  နောက်ဆက်တွဲကျန်းမားရေး ဆိုးကျိုးတွေကိုလည်း ခံစားရမယ် ဖြစ်ပါတယ်။

အစာအိမ်အက်စစ်များအပေါ်သို့ ဆန်တက်ခြင်း (စားချင့်ပြန်ခြင်း) ဆိုတာ အစာအိမ်ထဲက အစာချေရည် တွေ အစာရေမျိုတစ်လျှောက် ဆန်တက်လာပြီး ရင်ခေါင်းထိပ်မှာ လေပူထတယ်လို့ခေါ်တဲ့ ပူလောင်ခြင်း ဝေဒနာ ဖြစ်ပေါ်နေခြင်းပဲ ဖြစ်ပါတယ်။ တစ်ချို့ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းတွေပါ ခံစားရတတ် ပါတယ်။ သက်ရွယ်မရွေး၊ ကျား မ မရွေးမှာ ဖြစ်နိုင်ပါတယ်။

ဒီဝေဒနာကို ခံစားနေရပြီဆိုရင် မအီမသာမျက်နှာကြီးနဲ့ဖြစ်နေပြီး နိစ္စဓူဝလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာလည်း ကသိကအောက် ဖြစ်စေပါတယ်။ မကုဘဲထားလိုက်ရင် နာတာရှည်လို ဖြစ်သွားပြီး နောက်ဆုံး အသက်အန္တရာယ်ရှိတဲ့ အစာရေမျိုပြွန်ကင်ဆာ အထိ ရောက်သွားနိုင်ပါတယ်။  ရေရှည်မှာ အမြဲလိုလိုဖြစ်နေရင် အစာမျိုပြွန်ထဲက Barrett’s Esophagus Region လို့ခေါ်တဲ့ နေရာမှာ တစ်သျှူးပြောင်းလဲမှုတွေ ဖြစ်လာပြီး ကင်ဆာအဆင့်ကို ကူးပြောင်းရတာ ဖြစ်ပါတယ်။

စားချင့်ပြန်ရောဂါကို ကိုယ်တိုင် ဆန်းစစ်ခြင်း

စားချင့်ပြန်ရောဂါ (acid reflux disease) ကို ကိုယ်တိုင်ဆန်းစစ်မယ်ဆိုရင် ဒါတွေကို စောင့်ကြည့်ဖို့လိုပါတယ်။ 

  • ရင်ဘတ်နှင့် ရင်ညွန့်ရိုးအောက် ပူလောင်ခြင်း ၊ အစိုင်အခဲတစ်ခုခုလည်ပင်းထဲ စိုက်ဝင်နေ သလို လည်ချောင်းနာ နေပြီး အစာမျိုရခက်ခဲခြင်း၊ လည်ချောင်းထဲ ပူလောင်သည့်ခံစားမှု နှင့်အတူ ပျို့ခြင်း၊ မကြာခဏ လေတက်ခြင်း၊ အစာအိမ်အက်စစ်များ စုလာမှုကြောင့် လည်ချောင်း ထဲတွင် ခါးသက်သက် အရသာကိုလည်း ခံစားရနိုင်ခြင်း။
  • အစာမကြေသလို ဗိုက် ရစ်နာခြင်းနှင့် ဝမ်းဗိုက်တောင့်တင်းခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ သွားကျဉ်ခြင်း။
  • အစာမချက်နိုင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း သို့မဟုတ် အစာစားပြီးခါစမှာ ချောင်းခြောက် ဆိုးခြင်း။
  • အစာအိမ်အက်စစ်ကြောင့် အသံအိုးရောင်ပြီး မနက်ပိုင်းလည်ချောင်းနာခြင်း (သို့) နာတာရှည် လည်ချောင်း နာခြင်းများ။
  • တံတွေးသီးခြင်း နှင့် အိပ်နေစဉ် အသက်ရှုကြပ်ခြင်း။

စားချင့်ပြန်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ

၁။ အစာမျိုပြွန်အောက်ပိုင်း ချုံချဲ့ ကြွက်သားများ ပုံမှန် အလုပ်မလုပ်နိုင်တော့ခြင်း
အသက်အရွယ်ကြီး ရင့်သူတွေမှာ တွေ့ရတတ်ပါတယ်။ အသက်ကြီးလာတော့ ကိုယ်တွင်း အင်္ဂါတွေဟာ တဖြေးဖြေး ယိုယွင်းပျက်စီးလာပြီး မိမိတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အပြည့်အဝ လုပ်ကိုင်နိုင်မှုတွေ အားနည်းလာပါတယ်။ ဒါကြောင့် ဗိုက်ထဲက အစာချေရည်နှင့် အစာအိမ်အက်စစ်ဓာတ်တွေဟာ အစာမျိုပြွန်တွင်းကို ပြန်ဆန်တက်ပြီး ရင်ဘတ်အလည် ပိုင်းမှာ ပူလောင်တဲ့ဝေဒနာကို ဖြစ်လာစေပါတယ်။ တစ်ချို့ဆေးဝါးတွေ၊ အရက်နှင့် ဆေးလိပ် သောက်သုံးခြင်းတွေကြောင့်လည်း စားချင့်ပြန်ဝေဒနာကို ဖြစ်စေပါတယ်။

၂။ အစာမျိုပြွန် ကြွက်သား ကြုံ့ဆန့်မှု မူမမှန်ခြင်း
အစာမျိုပြွန်ထဲက ကြွက်သားတွေ ကြုံ့ဆန့်မှု မူမမှန်တော့တာကြောင့်  အထဲကဆန်တက် လာတဲ့ အက်စစ်တွေကို အစာအိမ်ဆီကိုပြန် ညှစ် မပို့နိုင်ဘဲ အစာမျိုပြွန်ထဲမှာ အက်စစ် တွေဟာ ပုံမှန်ထက် အချိန်များစွာပိုပြီး အောင်းနေမှု ကြောင့်လည်း စားချင့်ပြန်ဝေဒနာကို ဖြစ်ပေါ်စေပါတယ်။

၃။ အစာအိမ် ကြွက်သား ကြုံ့ဆန့်မှု အားနည်းခြင်း
အစာအိမ်ထဲကကြွက်သားတွေ ကြုံ့နိုင်ဆန့်နိုင်မှု အားနည်းနေရင် ချေဖျက်လိုက်တဲ့ အစာ အားလုံးကို အူထဲရောက် အောင် မပို့နိုင်ခြင်း ၊ အစာအိမ်တွင်း အချိန်အတော်ကြာအောင် ရှိနေ ခြင်းက အစာမျိုပြွန် ချုံချဲ့ ကြွက်သားတွေအပေါ် ဖိအားသက်ရောက်ပြီး အစာအိမ်တွင်းက အစာတစ်ချို့နဲ့ အစာချေအရည်များကို အစာမျိုပြွန်အတွင်း ဆန်တက်စေပါတယ်။

၄။ အခြားဆက်စပ်အကြောင်းရင်းများ

  • ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်တာဟာ အစာအိမ်အက်စစ် အမြောက်အမြား ထွက်ခြင်းကို အားပေးတဲ့ အပြင် အစာအိမ် အကြုံအဆန့်ကိုပါနည်းစေပြီးတော့ အစာချေရည်နှင့် အက်စစ်များကို အစာမျိုပြွန် အတွင်းသို့ ပြန်စီးဝင်စေရန် အားပေး ပါတယ်။
  • စိတ်ဖိစီးမှု - စိတ်ဖိစီးမှုများလာရင် အစာအိမ်အက်စစ်ကို အလုံးအရင်းနှင့်ထွက်စေပြီး စားချင့်ပြန် ရောဂါကို ဖြစ်စေပါတယ်။
  • အစားအစာနှင့် အချိုရည်တစ်ချို့- တစ်ချို့အစားအစာတွေနဲ့ အချိုရည်တွေဟာ အစာမျိုပြွန်ကြွက်သားတွေကို အားလျော့ စေပါတယ်။ အဆီများတဲ့ အစားအစာ၊ ကဖင်းပါတဲ့ ကော်ဖီ ၊ လက်ဖက်ရည် ၊ အရက် နဲ့ ပက်ပါမင့်ပါတဲ့ သကြားလုံး စသည်တို့ ဖြစ်ပါတယ်။
  • အက်ဆစ်ဓါတ်ကြွယ်ဝသည့် အစားအသောက်များ- လိမ္မော်သီး၊ သံပုရာသီး နဲ့ ရနံ့ပြင်းတဲ့ အစားအစာတွေမှာ အစာအိမ်ကို နှိုးဆွ စေတဲ့သတ္တိ ရှိတာကြောင့် အဲဒါတွေဟာလည်း အက်စစ် လျှံတက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
  • အချို့ဆေးဝါးများ - ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက တစ်ယောက်နဲ့ တစ်ယောက် သက်ရောက်မှုခြင်း မတူပေမဲ့ ဒီ အက်စစ်ဆန်တက်တဲ့ရောဂါကိုတော့ ဖြစ်စေတတ်တဲ့ အတွက် သံသယရှိရင် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ ဆေးများကို ဆေးပတ်မလည်ခင် ကိုယ့်သဘောနဲ့ကိုယ် ဖြတ်ခြင်း၊ ဆေးဆိုင်တွေကပေးလိုက်တဲ့ တွဲဆေး၊ စပ်ဆေးတွေ ဝယ်သောက်တာမျိုးတွေတော့ မပြုလုပ်သင့်ပါ။
  • အဝလွန်သူများ - အဝလွန်တဲ့သူတွေဟာ သာမာန်လူတွေထက် ဝမ်းဗိုက် ဖိအား ပိုမိုစေပါတယ်။ အဲဒီဖိအားက အစာအိမ်အပေါ်ကိုသက်ရောက်ပြီး ရောဂါရစေဖို့ အခွင့်အလမ်း ပိုများပါတယ်။
  • ကိုယ်ဝန်ဆောင် - သန္ဓေသားပိုကြီးထွားလာလေ အစာအိမ်အပေါ် ဝမ်းဗိုက် ဖိအားသက်ရောက်မှု ပိုများလေဖြစ်ပြီး စားချင့်ပြန်ရောဂါ ရလာတတ်ပါတယ်။
  • အဆီများတဲ့အစားအစာ - ဆီများတဲ့ ဟင်း၊ အစားအစာ နဲ့ ဆီပူထဲနှစ်ကြော်ထားတဲ့ အကြော်တွေ၊ အသင့်စား အစားအစာတွေ၊ အုန်းနို့၊ ထောပတ်၊ ဒိန် တို့နှင့် ရောချက် ထားတဲ့ ဟင်းလျာတွေ၊ ရေခဲမုန့် နှင့် အနီရောင် အသားတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအသောက်တွေမှာပါတဲ့ အဆီက အစာအိမ်အက်စစ်နဲ့ တွေ့ထိ ပေါင်းစပ်တဲ့အခါ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ၊ နေမထိထိုင်မသာဖြစ်ခြင်း နဲ့ heart burn ခေါ် ရင်ဝ ပူလောင်ခြင်းတို့ ဖြစ်တတ်ပါတယ်။
  • စားပြီးလှဲနေခြင်း - စားပြီး အစာကျေညက်သွားစေဖို့ ၂ နာရီ ကနေ ၃ နာရီ လောက် အချိန်ပေးရပါတယ်။ ဒါကြောင့် စားပြီးတာနဲ့ လှဲမနေဖို့ လိုပါတယ်။ အစာမကြေခင်  လဲလျောင်းနေခြင်းက အက်စစ်ဓာတ်တွေ အပေါ်ကို  အလွယ်တကူ လျှံတက်ဖို့ အထောက်အကူဖြစ်စေပါတယ်။

စားချင့်ပြန်ခြင်းကို ကုသခြင်း

  • အစာအိမ်အက်စစ်ထုတ်လုပ်မှု လျော့ကျစေတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက် ပါ။ ဆေးလက်မှတ် မလိုတဲ့ ပြင်ပဆေးဆိုင်က ဆေးတွေကို ဝယ်ယူသုံးစွဲမှု မပြုဖို့နှင့် မဆင်မခြင် သုံးစွဲမှုက ဆေးတွေရဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုခံစားရနိုင်ပါသည်။

  • ခွဲစိတ်ကုသခြင်းကိုတော့ ကာလရှည် အက်စစ်လျှံတက်ရောဂါရှင်များ ၊ ဆေးဝါးများဖြင့် သက်သာပျောက်ကင်းအောင် မကုနိုင်သည့် လူနာများနှင့် ကုသမှုဆေးများ၏ ဘေးထွက်ဆိုးကျိုး တွေကို ခံစားနေရသူတွေအတွက် ရွေးချယ်နိုင်ပါသည်။

စားချင့်ပြန်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

  • အစာအိမ်အက်စစ် ထွက်ခြင်းကို အားပေးတဲ့ အဆီများတဲ့ အစားအစာများကိုရှောင်ပါ။ အရက်နှင့် ကဖိန်းဓာတ်ပါသော အရည်များ နှင့် ဆေးလိပ်သောက်ခြင်း အလေ့အထကိုဖြတ်ပါ။
  • စိတ်ဖိစီးမှု ကိုလျှော့ချပါ။ လုံလောက်စွာအနားယူပါ။ ကိုယ် လက် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။
  • မျက်စိအကျင့် ဝမ်းအချင့်’ ဆိုတဲ့အတိုင်း အစားအသောက်ကို ချင့်ချိန်စားသုံးပြီး ပုံမှန် ကိုလ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကိုလ်အလေးချိန်ကိုထိန်းသိမ်းပါရန်။
  • အစာစားပြီးပြီးချင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း နှင့် အခြား ခါးအကွေးအဆန့်ပါတဲ့ အိမ်မှုကိစ္စ များလုပ်မည့်အစား အစာများကောင်းစွာကျေညက်အောင် အနည်းဆုံး ၂နာရီ ၃ နာရီခန့် စောင့်ဆိုင်းပြီးမှ လုပ်ရန်။
  • အစာစားပြီးပြီးချင်း တန်း၍ လဲလျောင်း ခြင်းမပြုလုပ်ရန်။ အစာကောင်းစွာကျေညက်သည်ထိ အနည်းဆုံး ၃ နာရီခန့် စောင့်ဆိုင်းသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နှင့် စားချင့်ပြန်ဝေဒနာ

ကိုယ်ဝန်ဆောင်အမျိုးသမီး  တွေမှာ စားချင့်ပြန်ဝေဒနာ ခံစားနိုင်ဖို့ အခွင့်အလမ်းပိုများပါတယ်။ အထူးသဖြင့် လရင့် နောက်ဆုံးပိုင်း ၃ လမှာ သားအိမ်ဟာ တစ်စတစ်စ ပိုမို ကြီးထွားလာပြီး အစာအိမ်ပေါ်ကို လနုစဉ်ကထက် ပိုပြီး ဖိမိတာကြောင့် အစာအိမ်မှ ချေဖျက်ပြီး အစာနှင့် အရည်တွေကို အစာမျိုပြွန်တွင်းသို့ ဆန်တက်လာစေဖို့ ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲ ကလည်း အစာအိမ်ရဲ့ အစာချက်နှုန်းကို လျော့ကျ စေပါသည်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ စားချင့်ပြန်ဝေဒနာ ခံစားလာရပြီဆိုရင်  ကိုယ့်သဘောနဲ့ ကိုယ် ဆေးဝါးများ မဆင်မခြင် သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အဲဒီဆေးဝါးတွေက ကိုယ်ဝန်ဆောင် သို့မဟုတ် အတွင်း သန္ဓေသားရဲ့ ကျန်းမာရေးကို တစ်စုံတစ်ရာ သက်ရောက်မှု ရှိနိုင်ပါတယ်။  ခံစားရတဲ့ ဝေဒနာ လက္ခဏာပေါ် မူတည်ပြီး ဆရာဝန်များနှင့် တိုင်ပင်သင့်ပါတယ်။

အစာအိမ်အက်စစ်အထက်ဆန်တဲ့ရောဂါ စားချင့်ပြန်ဝေဒနာကို ခံစားနေရပြီဆိုရင် မအီမသာ မျက်နှာကြီးနဲ့ဖြစ်နေပြီး နိစ္စဓူဝလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာ မှာလည်း ကသိကအောက် ဖြစ်စေပါတယ်။ မကုဘဲထားလိုက်ရင် နာတာရှည်လိုဖြစ်သွားပြီး နောက်ဆုံး အသက်အန္တရာယ်ရှိတဲ့ အစာရေမျိုပြွန်ကင်ဆာ အထိ ရောက်သွားနိုင်ပါတယ်။ ဖြစ်ပြီဆိုရင်လည်း ဆေးဆိုင်တွေမှာ အလွယ်တကူရတဲ့ ဆေးတွေကို မဆင်မခြင် ဝယ်သောက်ခြင်း၊ ဆေးမြီးတိုများနဲ့ ကုသခြင်းတို့ကြောင့် နောက်ဆက်တွဲကျန်းမားရေး ဆိုးကျိုးတွေကိုလည်း ခံစားရမယ် ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးကိုဂရုစိုက်ပါ။ ပိုဆိုးသွားစေနိုင်မဲ့ အလားအလာရှိတဲ့ အန္တရာယ် ပေးနိုင်မယ့် အရာများကိုရှောင်ပါ။ မှန်ကန်ထိရောက်တဲ့ ကုသမှုရရှိဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ဆရာဝန် ညွှန်ကြားချက်များအတိုင်း တစ်သဝေမတိမ်းလိုက်နာမယ်ဆိုရင်တော့ ဒီ စားချင့်ပြန် ဝေဒနာဟာ အပြီးတိုင် ပျောက်ကင်းနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းစကား ပါးလိုက်ရပါတယ်။ 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။