Kawasaki - ကလေးငယ်များတွင်ဖြစ်သော နှလုံးရောဂါတစ်မျိုး

Kawasaki - ကလေးငယ်များတွင်ဖြစ်သော နှလုံးရောဂါတစ်မျိုး

အဓိကလေ့လာရမယ့်အချက်များ

  • Kawasaki ရောဂါဟာ ကလေးငယ်များအတွက် ဆိုးရွားတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အချိန်တိုတိုအတွင်းမှာ မကုသဘဲထားလိုက်မယ်ဆိုရင် အသက်အန္တရာယ်ခြိမ်းခြောက်သည်အထိဖြစ်စေတဲ့ နှလုံးသွေးကြော ရောဂါ ဖြစ်လာနိုင်ပါတယ်။
  • Kawasaki ရောဂါ ဟာ အသက်(၅)နှစ်အောက် အာရှတိုက်မှ ကလေးငယ်များမှာ အဖြစ်များပါတယ်။
  • Kawasaki ရောဂါ ကိုလက်ရှိချိန်ထိ မကာကွယ်န်ိုင်သေးပါဘူး။ ဒါပေမယ့် လည်း ပထမဆုံးရောဂါလက္ခဏာပြပြီး (၁၀) ရက်အတွင်း ကုသမယ်ဆို ရင် အောင်မြင်စွာကုသနိုင်တဲ့အပြင် နှလုံးသွေးကြောမှာ ဖြစ်တတ်တဲ့ ရောဂါ အန္တရာယ်များကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

Kawasaki ရောဂါဟာ ဂျပန်လူမျိုးဆရာဝန်တစ်ဦးဖြစ်တဲ့ Dr.Tomisaku Kawasaki ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ သူဟာ အသက်(၅)နှစ် အောက်ကလေးတွေမှာဖြစ်တဲ့ ဒီရောဂါကို ၁၉၆၇ ခုနှစ်မှာ ပထမဆုံး ရှာဖွေတွေ့ရှိ ခဲ့သူဖြစ်ပါတယ်။

Kawasaki ရောဂါဖြစ်ပွားတဲ့ ကလေးငယ်တွေဟာ အဖျားကြီးခြင်း၊ လက်နဲ့ ခြေဖဝါးများရောင်ရမ်းခြင်း၊ မျက်လုံးနီရဲခြင်း၊ အရေပြားအနီဖုထခြင်း၊ ပါးစပ်တဝိုက် ခြောက်သွေ့ရောင်ရမ်းခြင်း၊ လျှာမှာအဖုဖြစ်ခြင်း (စတော်ဘယ်ရီသီးနှင့်ဆင်တူ) စတာတွေကို ခံစားရလေ့ရှိပါတယ်။ ဒီလိုရောဂါလက္ခဏာတွေကို အချိန်မီ မကုသနိုင်ခဲ့ဘူးဆိုရင် အသက်အန္တရာယ်ရှိသည်အထိဖြစ်စေတဲ့ နှလုံးသွေးကြော ရောဂါ ခံစားနိုင်ပါတယ်။

ရောဂါဖြစ်စေသည့်အကြောင်းအရင်းများ

Kawasaki ရောဂါဘာကြောင့်ဖြစ်သလဲဆိုတာ လက်ရှိချိန်ထိ ဘယ်သူမှ မသိကြ သေးပါဘူး။ ဒီရောဂါဟာ အသက်(၅)နှစ်အောက် အာရှတိုက်မှ ကလေးငယ်များ မှာ အဖြစ်များပြီး အထူးသဖြင့် ဂျပန်၊ ကိုးရီးယား စတဲ့ အရှေ့မြောက် အာရှနိုင်ငံ များမှ ကလေးငယ်များမှာ တွေ့ရလေ့ရှိပါတယ်။

ရောဂါရှာဖွေစစ်ဆေးခြင်း

ကလေးငယ်တစ်ယောက်ဟာ ကိုယ်အပူချိန်ဟာ (၅)ရက်ဆက်တိုက်ထက်ပိုပြီး (၃၈)ဒီဂရီ စင်တီဂရိတ်အထက်မှာ ရှိနေတယ်ဆိုရင် Kawasaki ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ ဒါ့အပြင် အောက်ဖော်ပြပါ ရောဂါလက္ခဏာ (၅)ခုထဲမှ (၄) ခုခံစား ရတယ်ဆိုရင်လည်း Kawasaki ရောဂါဖြစ်နိုင်ခြေလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

  • ခြေလက် နဲ့ ပေါင်ခြံနေရာတစ်ဝိုက်မှာ အနီဖုများထခြင်း။
  • အရင်ဆုံး လက်ဖဝါးနဲ့ခြေဖဝါးမှာ အနီဖုထကာ ရောင်ရမ်းပြီး ဒုတိယ မြောက်အပတ် မှာ လက်ချောင်းနဲ့ ခြေချောင်းထိပ်များ အနီဖုထကာ အရေပြားကွက်ပြီး ရောင်ရမ်းခြင်း။
  • မျက်လုံးနှစ်ဖက်စလုံးမှာ မျက်ကြည်လွှာမပါဝင်ဘဲ နီကာ ရောင်ရမ်းခြင်း။
  • နှုတ်ခမ်းခြောက်သွေ့ကာ အနီဖုများထသည့်အပြင် လျှာပေါ်မှာ အနီဖုများ ထခြင်း (လျှာမှာစတော်ဘယ်ရီသီးကဲ့သို့ဖြစ်ခြင်း)။
  • လည်ချောင်းနှစ်ဖက်စလုံး(သို့) တစ်ဖက်မှာ အကျိတ်ဖြစ်ပေါ်ခြင်း။

Kawasaki ရောဂါကြောင့် လူနာရဲ့ နှလုံးအပေါ် သက်ရောက်မှု ရှိ မရှိ ဆိုတာကို တိတိကျကျသိရဖို့အတွက် ဆရာဝန်အနေနဲ့ လိုအပ်တဲ့ အောက်ပါ ရောဂါရှာဖွေ မှုများကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။

  • နှလုံးသွေးကြောရောဂါအဆင့်နဲ့ နှလုံးကျုံ့ခြင်း ဖြစ်နိုင်မှုကို သိရှိနိုင်ဖို့ မူမမှန်မှုများကို စစ်ဆေးနိုင်တဲ့  နှလုံးပဲ့တင်သံစစ်ဆေးခြင်းနည်းပညာ (Echocardiogram)။
  • နှလုံးကြွက်သားပုပ်ခြင်း(Myocardial Infarction) ကို စမ်းသပ်သည့် နှလုံး လျှပ်စစ်စွမ်းရည်စစ်ဆေးခြင်း(Electricardiogram)။
  • သွေးဖြူဥတိုးတက်လာမှုကိုသုံးသပ်ကာ ရောင်ရမ်းမှုကိုသိရှိနိုင်သည့် သွေးစစ်ခြင်း။ (၎င်း စစ်ဆေးမှုသည် Albumin ပမာဏ အနည်းအများကိုပါ သိရှိနိုင်ပါသည်။)
  • အသည်းအင်ဇိုင်းပမာဏများပြားမှုကို စစ်ဆေးနိုင်သည့် အသည်း လုပ်ဆောင်မှု စစ်ဆေးခြင်း။
  • နှလုံးလုပ်ဆောင်မှုမရှိတော့ခြင်း(Heart Failure) ရဲ့ လက္ခဏာများကို စစ်ဆေးနိုင်သည့် ရင်ဘတ် X-Ray ရိုက်ခြင်း။

ကုသမှု

Kawasaki ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်းမရှိသေးပေမယ့် လည်း ပထမဆုံးရောဂါလက္ခဏာပြပြီး (၁၀)ရက်အတွင်းကုသနိုင်မယ်ဆိုရင် အောင်မြင်စွာ ကုသနိုင်ပါတယ်။ စောစောစီးစီးကုသနိုင်မယ်ဆိုရင် နှလုံးသွေးကြောနဲ့ ပတ်သက်ပြီးဖြစ်တတ်တဲ့ ရောဂါများကိုပါ လျှော့ချပေးနိုင်ပါတယ်။ လူအများလက်ခံထားတဲ့ ဆေးဝါးပုံစံ ကတော့ Immunoglobulin ခေါ် ပဋိပစ္စည်းများကို အကြောထဲထိုးပြီး ရောင်ရမ်းမှု ကိုကာကွယ်ခြင်းဖြစ်ပါတယ်။ တကယ်လို့ လက္ခဏာများဟာ (၄၈)နာရီမှ (၇၂)နာရီအတွင်း တိုးတက်လာမှုမရှိဘူးဆိုရင် ဒီဆေးကို နောက်တစ်ကြိမ်ပေးမှာ ဖြစ်ပါတယ်။ နာကျင်မှုသက်သာစေဖို့၊ အဖျားကျစေဖို့၊ သွေးခဲခြင်းကို ကာကွယ်ဖို့အတွက် အက်စ်ပရင်(Asprin) ဆေးများကို အသုံးပြုနိုင်ပါတယ်။

ကျွမ်းကျင်အထူးကုဆရာဝန်များရဲ့ သင့်လျော်တဲ့ ကုသမှုပုံစံနဲ့ အချိန်မီကုသမှု ခံယူတဲ့ ကလေးငယ်လူနာအများစုဟာ လုံးဝပြန်လည်သက်သာလာနိုင်ပါတယ်။ ဒါပေမယ့်လည်း အလုံးစုံပြန်လည်သက်သာလာခြင်းဟာ ကုသပြီးနောက် မှန်ကန်တဲ့စောင့်ရှောက်မှုများ၊ ညွှန်ကြားထားတဲ့ဆေးဝါးများကို တိတိကျကျ လိုက်နာသုံးစွဲမှု စတာတွေအပေါ်မှာလည်း မူတည်နေပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။