မိဘများသတိပြုဖို့ရာကလေးငယ်များရဲ့ ADHD ပြဿနာ

မိဘများသတိပြုဖို့ရာကလေးငယ်များရဲ့ ADHD ပြဿနာ

အနှစ်ချုပ်

  • ADHD ဖြစ်နေတဲ့ ကလေးများရဲ့ (၂၀) ကနေ (၆၀) ရာခိုင်နှုန်း ဟာ လေ့လာသင်ယူမှုမှာ အခက်အခဲတွေ ရှိနေပါတယ်။
  • ADHD ဟာ အပြုအမူ ၊ စိတ်ခံစားမှု ၊ လေ့လာသင်ယူမှု၊ လူမှုရေးရာ တတ်မြောက်မှု စတာတွေအပေါ်သက်ရောက်မှုရှိနေပြီး တိတိကျကျ လက္ခဏာများကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားပါတယ်။
  • ADHD ရဲ့ လက္ခဏာအပြုအမူများအနေနဲ့ အာရုံစူးစိုက်မှုမရှိခြင်း ၊ တက်ကြွလွန်ခြင်း ၊ စိတ်လိုက်မာန်ပါလုပ်ခြင်း စတာတွေဖြစ်ပါတယ်။

ADHD ဆိုတာဘာလဲ?

ADHD ဖြစ်တဲ့ ကလေးများဟာ အာရုံစူးစိုက်မှု ၊ ကိုယ့်ကိုယ်ကိုထိန်းချုပ်မှု ၊ အမူအကျင့် စတာတွေမှာအခက်အခဲများရှိသလို ဂဏှာမငြိမ်တာမျိုးလည်း ဖြစ်နိုင် ပါတယ်။ အဲဒီလက္ခဏာတွေဟာ အသက် (၁၂) နှစ်မတိုင်ခင်မှာ ပြသလေ့ရှိ ပါတယ်။ ADHD ဟာ အပြုအမူ ၊ စိတ်ခံစားမှု ၊ လေ့လာသင်ယူမှု၊ လူမှုရေးရာတတ် မြောက်မှု စတာတွေအပေါ် သက်ရောက်မှု ရှိနေပြီး တိကျတဲ့ လက္ခဏာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ တချို့ကလေးများဟာ ငြိမ်ငြိမ်ဆိမ်ဆိမ် မနေဘဲ ကြမ်းကြမ်း တမ်းတမ်း ဆော့ကစားကာ သူတို့ရဲ့ အပြုအမူ များကို မထိန်းချုပ်နိုင်ကြပါဘူး။ တချို့ကလေးများကတော့ အာရုံစူးစိုက်မှုရဖို့ ခက်ခဲပြီး နေ့စဥ်လုပ်ဆောင်မှုတွေ့ကိုလည်း မေ့လျော့တတ်ကြပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များမှာ  ADHD ဖြစ်လေ့ရှိပြီး ထိုင်းနိုင်ငံမှာဆိုရင် ကျောင်းနေအရွယ်ကလေးငယ်များရဲ့ (၆) ရာခိုင်နှုန်းကနေ (၉) ရာခိုင်နှုန်းဟာ ADHD ခံစားနေရတယ်လို့ သိရပါတယ်။

ADHD ကလေးများရဲ့အမူအရာနှင့်လက္ခဏာများ

က. အောက်ပါလက္ခဏာများကဲ့သို့ အာရုံစူးစိုက်မှုမရှိခြင်း

၁) အသေးစိတ်အကြောင်းအရာများကို သေချာအာရုံမစိုက်နိုင်ခြင်း ၊ ကျောင်းစာ ၊ အလုပ် နှင့် တခြားလှုပ်ရှားမှုများမှာ သတိမထားတဲ့အမှားများလုပ်မိခြင်း

၂) လုပ်ငန်းတာဝန်နှင့် ဆော့ကစားနည်းများမှာ အာရုံစူးစိုက်မှု မထိန်းနိုင်ခြင်း

၃) တိုက်ရိုက်စကားပြောနေစဥ်မှာ နားထောင်နေတဲ့ပုံမပေါ်ခြင်း

၄) ညွှန်ကြားချက်များကို လိုက်မလုပ်နိုင်ခြင်း (သို့) ကျောင်းအလုပ် ၊ အိမ်အလုပ် (သို့) အလုပ်တာဝန်များကို ပြီးမြောက်အောင်မလုပ်နိုင်ခြင်း

၅) အလုပ်တာဝန်များနဲ့ လှုပ်ရှားမှုများစီမံရာမှာ ခက်ခဲမှုရှိခြင်း

၆) အဆက်မပြတ်စိတ်အာရုံစူးစိုက်မှုလိုအပ်တဲ့ လုပ်ဆောင်မှုများကို ငြင်းဆိုခြင်း (သို့) ညှိယူရခက်ခဲခြင်း ( ကျောင်းစာ(သို့)အိမ်စာကဲ့သို့အလုပ်များ)

၇) တစ်ခုခုလုပ်ဖို့ မဖြစ်မနေလိုအပ်တဲ့အရာများကို မေ့လျော့ခြင်း (သို့) ဖျောက်ပစ်ခြင်း ( ဥပမာ- အိမ်စာ ၊ စာအုပ် ၊ ခဲတံ)

၈) စိတ်အားထက်သန်စေတဲ့အရာများကနေ အလွယ်တကူ စိတ်အာရုံလွင့်ပြယ်ခြင်း

၉)နေ့စဥ်လုပ်နေရတဲ့အရာများကို မေ့လျော့ခြင်း

 

ခ. တက်ကြွမှုလွန်ကဲခြင်းနှင့် စိတ်လိုက်မာန်ပါပြုမူခြင်း

၁) အမြဲလိုလိုဂဏှာမငြိမ်ဖြစ်ခြင်း ၊ လက်(သို့)ခြေထောက်များကို ကုတ်ခြစ်ခြင်း ၊ ထိုင်ခုံပေါ်မှာ တွန့်လိမ်တဲ့ အနေအထားနဲ့နေခြင်း

၂) ခုံမှာထိုင်နေရမယ့်အခြေအနေမှာ ထိုင်ခုံများပေါ်မထိုင်ခြင်း (ဥပမာ- စာသင်ခန်း (သို့) အလုပ်ထဲက ထိုင်ခုံများပေါ်မှာ မထိုင်ခြင်း)

၃) မသင့်လျော်တဲ့နေရာမှာ ပြေးလွှားဆော့ကစားခြင်း ၊ ကုတ်ကတ်တက်ခြင်း

၄) မေးခွန်းမဆုံးခင်မှာ မစဥ်းစားဘဲဖြေဆိုခြင်း

၅) အပိုစကားများပြောခြင်း

၆) တခြားသူများကို ကြားဖြတ်နှောင့်ယှက်ခြင်း

၇) တန်းစီခြင်း ၊ ကိုယ့်အလှည့်ကျခြင်း များကို မစောင့်နိုင်ခြင်း

၈) အေးအေးဆေးဆေး လုပ်ရမယ့် လှုပ်ရှားမှုများကို မကစားနိုင်ခြင်း (သို့) စိတ်မဝင်စားခြင်း

၉) စက်တပ်ထားသကဲ့သို့ တရစပ် လှုပ်ရှားနေခြင်း ၊ ပုံမှန်ထက်ပို စကားများခြင်း

ADHD ဖြစ်ပွားစေတဲ့အကြောင်းအရင်းများ

ADHD ဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ထဲရှိ ဓာတုပစ္စည်းများကို ထိန်းချုပ်ပေး တဲ့ မျိုးရိုးဗီဇများကြောင့် ဖြစ်ပွားပါတယ်။ ကလေးငယ်များရဲ့ တချို့သော တိုးတက်ဖွံ့ဖြိုးမှုပုံစံများနဲ့ ပတ်ဝန်းကျင်ဟာလည်း ADHD ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများလို့ ပြေလို့ရပါတယ်။ မိခင်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း ၊ တချို့သော ဓာတုပစ္စည်းများနဲ့ ထိတွေ့မှုများ ရှိမယ်ဆိုရင်လည်း ADHD ဖြစ်ပွားနိုင်ခြေများပါတယ်။ ADHD ရှိနေတဲ့ ကလေးငယ်များရဲ့ (၂၀) ကနေ (၆၀)ရာခိုင်နှုန်းဟာ လေ့လာသင်ယူမှုဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရပါတယ်။ ဒါပေမယ့် သကြားနဲ့ချောကလက် အများအပြား စားသုံးမှုဟာ ADHD လက္ခဏာနဲ့ ဆက်စပ်မှုမရှိပါဘူး။ 

ကလေးများမှာဖြစ်တဲ့ ADHD ကို ကုသခြင်း

၁) ADHD နဲ့ပတ်သက်တဲ့ အချက်အလက်များကို မိဘများနဲ့ဆရာ/ဆရာမ များကို အသိပေးခြင်း

၂) မိသားစုတွင်း ၊ကျောင်းတွင်းနဲ့ ဆေးရုံတို့မှာ ပူးပေါင်းဆောက်ရွက်မှုစနစ်တစ်ခုကို ဖန်တီးပြီး ကလေးငယ်များကိုကူညီခြင်း

၃) ကလေးငယ်များနဲ့ မိသားစုများအတွက် အပြုအမူဆိုင်ရာစီမံခန့်ခွဲမှုနဲ့ စိတ်ပိုင်းဆိုင်ရာဆွေးနွေးအကြံပေးခြင်း

၄) တရားထိုင်ခြင်း

၅) ADHD နဲ့ပတ်သက်တဲ့နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်ခြင်း

ADHDရဲ့ ရလဒ်

ADHD နဲ့ပတ်သက်ပြီး သင့်လျော်တဲ့ကုသမှုကိုခံယူတဲ့ ကလေးငယ်များရဲ့ (၂၀) ကနေ (၃၀) ရာခိုင်နှုန်းဟာ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ ရောဂါလက္ခဏာတွေ  ပျောက်ကွယ်သွားပါတယ်။ ဆေးသောက်စရာမလိုဘဲ လေ့လာသင်ယူမှုနဲ့ အလုပ်တွေကို လုပ်နိုင်လာပါတယ်။ ဒါပေမယ့် ကလေးငယ်များစုမှာတော့ စိတ်ပါဝင်စားမှုပြဿနာအပြင် တက်ကြွမှုလွန်ကဲခြင်းနဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အကျင့်တွေ ရှိနေနိုင်ပါသေးတယ်။ သူတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ပြင်ပလူမှုဆက်ဆံရေးတို့ကို ထိခိုက်စေတာကြောင့် ဆက်လက်ကုသမှုက အရေးကြီးပါတယ်။  

ADHD ခံစားနေရတဲ့ကလေးငယ်များကိုကူညီပေးတဲ့ဆရာ ဆရာမများအတွက် အကြံပြုချက်များ

၁) ကလေးငယ်ကို စာသင်ခန်းရဲ့အရှေ့ဘက်မှာထိုင်ခိုင်းပါ (သို့) ဆရာ ဆရာမ နဲ့ အနီးစပ်ဆုံးနေရာမှာ ထားပါ။

၂) ကလေးငယ်များကို တံခါး ၊ ပြတင်းပေါက်များနဲ့ ဝေးရာမှာ ထားပါ။

၃) အိမ်စာ (သို့) ကျောင်းလေ့ကျင့်ခန်းများကို သေချာစာရင်းမှတ်ပါ။

၄) ကျောင်းစာတွေပြီးမပြီး သိရဖို့ ကလေးငယ်ရဲ့ ကျောင်းစာအုပ်ကို ပုံမှန် စစ်ဆေးပါ။

၅) တစ်ချိန်တည်းမှာ စာတွေ အများကြီးမလုပ်ခိုင်းပါနဲ့။ နောက်တစ်ဆင့် ထပ် မတက်ခင်မှာ ပထမအဆင့် ကို ပြီးအောင်အရင်လုပ်ခိုင်းပါ။

၆) ကလေးများကိုအခက်မတွေ့ဘဲ လုပ်ကိုင်နိုင်အောင် သီးသန့်ဆုံးမသွန်သင်ပေးပါ။

၇) ကလေးငယ်များ အင်အားဖြစ်စေဖို့အတွက် အားကစားလုပ်ချိန်ပိုပေးခြင်း ၊ စာသင်ပုန်းဖျက်ခိုင်းခြင်း ၊ စာရွက်ဝေခိုင်းခြင်း ၊ အပြေးအဖွဲ့များနဲ့ ပူးပေါင်းခိုင်းခြင်း စတာတွေကို လုပ်ဆောင်ပေးပါ။

၈) အပြုအမူများပိုမိုတိုးတက်လာစေဖို့ ချက်ချင်း ချီးမွမ်းစကား (သို့) ဆုပေးခြင်း ကိုပြုလုပ်ပါ။

၉) ကလေးငယ်က အမှား တစ်ခုခု လုပ်မိတဲ့အခါ ထေ့ငေါ့သောစကားများ ၊ ကြမ်းတမ်းစွာအပြစ်တင်ခြင်း ၊ အရှက်ရစေခြင်း ၊  ရိုက်နှက်ခြင်းလိုမျိုး ပြင်းထန်တဲ့အပြစ်ပေးခြင်း များကို ရှောင်ကျဥ်ပါ။

၁၀) အမှတ်လျှော့ခြင်း ၊ အမှတ်မပေးခြင်း ၊ အခန်းသန့်ရှင်းရေးလုပ်စေခြင်း ၊ ကျောင်းစာများမပြီးတဲ့အခါကျောင်းလွှတ်ချိန်ကျောင်းမှာဆက်ရှိစေ ခြင်း  စတာတွေ ကိုသာ လုပ်ဆောင်ပါ။

၁၁) ADHD ရှိသူကလေးငယ်များအတွက် စာမေးပွဲမှာ အချိန်ပိုပေးပါ။

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်းအမျိုးအစား*
မေးခွန်းအမျိုးအစား*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။