အူလမ်းကြောင်းရှိ အဏုဇီဝပိုးများ မမျှတခြင်းကြောင့် ဖျားနာမှုဖြစ်နိုင်ခြေ ပိုများလာနိုင်ခြင်း

အူလမ်းကြောင်းရှိ အဏုဇီဝပိုးများ မမျှတခြင်းကြောင့် ဖျားနာမှုဖြစ်နိုင်ခြေ ပိုများလာနိုင်ခြင်း

အနှစ်ချုပ်

  • ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်နှင့် အာခီးယား (archaea) အပါအဝင် အဏုဇီဝပိုးမွှားပေါင်း ထရီလီယံချီ ပါဝင်ဖွဲ့စည်းထားတဲ့ အူလမ်းကြောင်း အဏုဇီဝဂေဟစနစ် (gut microbiome) ဟာ ယေဘုယျအားဖြင့်ကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အဆိုပါအဏုဇီဝ ပိုးမွှားတွေဟာ အရေပြား၊ ခံတွင်းနှင့် အူလမ်းကြောင်းအတွင်း (အများဆုံး) နေထိုင်ကြပြီး လူသား တို့ရဲ့ ကျန်းမာရေးကဏ္ဍ အသီးသီးအပေါ်မှာ လွှမ်းခြုံမှုရှိကာ စဉ်ဆက်မပြတ် ပြောင်းလဲလှုပ်ရှား နေတဲ့ ဂေဟစနစ်တစ်ခုကို ဖန်တီးထားကြပါတယ်။
  • ကျွန်တော်တို့ နေ့စဉ်စားသုံးနေကြတဲ့ အစားအစာတွေဟာ အူလမ်းကြောင်း အဏုဇီဝဂေဟစနစ် ဖွဲ့စည်းပုံအပေါ်မှာ သိသိသာသာ သက်ရောက်မှုရှိနေပါတယ်။ ဥပမာ - အဆီဓာတ်များပြီး အာဟာရဓာတ်နည်းတဲ့ အစားအစာတွေကို ရေရှည်စားသုံးခြင်းဟာ အဏုဇီဝပိုးမွှားများ ချို့တဲ့မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် အူလမ်းကြောင်း အဏုဇီဝဂေဟစနစ် ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အဓိကကျတဲ့ "ပရီဘိုင်အိုတစ်" (prebiotics) ဓာတ်တွေ ချို့တဲ့မှုကို ဖြစ်ပေါ်စေပါတယ်။
  • အူလမ်းကြောင်း အဏုဇီဝအစုအဝေးများကို စစ်ဆေးခြင်း (Gut microbiome screening) အားဖြင့် အဏုဇီဝပိုးမွှား အမျိုးအစားပေါင်း ၁၀၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာနိုင်ရုံသာမက၊ ဆက်စပ်နေတဲ့ ရောဂါဝေဒနာ ၉ မျိုးအထိ ဖြစ်ပွားနိုင်ခြေရှိတဲ့ အဆင့်ကိုလည်း ဖော်ထုတ်ပေးနိုင်ပါတယ်။

အူလမ်းကြောင်း အဏုဇီဝဂေဟစနစ်ကို နားလည်သဘောပေါက်ခြင်း 

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယား၊ မှိုနဲ့ ဗိုင်းရပ်စ်လိုမျိုး အဏုဇီဝပိုးမွှားပေါင်း  ထရီလီယံနဲ့ချီပြီး ရှင်သန်နေထိုင်ကြပါတယ်။ ဒါကို "အူလမ်းကြောင်း အဏုဇီဝဂေဟစနစ်" (Gut Microbiome) လို့ ခေါ်ပါ တယ်။ သူတို့ဟာ တစ်ကိုယ်ရေကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒီပိုးမွှားလေးတွေဟာ အရေပြား၊ ခံတွင်းနဲ့ အူလမ်းကြောင်းထဲမှာ အများဆုံး နေထိုင်ကြပြီး ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝ နေထိုင်မကောင်းဖြစ်မှုကအစ စိတ်ကျန်းမာရေးအထိ ကဏ္ဍပေါင်းစုံကို ကူညီထိန်းကျောင်းပေးနေတာပဲ ဖြစ်ပါတယ်။ မျှတတဲ့ အဏုဇီဝဂေဟစနစ်ဟာ အစာခြေစနစ်ကို အထောက်အကူပြုခြင်း၊ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များကို ထုတ်လုပ်ပေးခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်းနဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိ ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။ သို့သော်လည်း အန္တရာယ်ရှိ ပိုးမွှားများ အလွန်အကျွံပေါများလာခြင်း သို့မဟုတ် အကျိုးပြုပိုးမွှားများလျော့နည်းသွားခြင်း စတာတွေဖြစ်ပေါ်လာရင်တော့ ဒီမျှတတဲ့ အဏုဇီဝဂေဟစနစ်ဟာ ပျက်စီး သွားပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အကျိုးပြုပိုးမွှားများနှင့် အန္တရာယ်ရှိသော ပိုးမွှားများ

အူလမ်းကြောင်းရှိ အဏုဇီဝပိုးမွှားများကို ခြုံငုံ၍ အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်ပါတယ် -

  1.  Lactobacillus နှင့် Bifidobacterium ကဲ့သို့သော အကျိုးပြုဘက်တီးရီးယားများတွေဟာ ဗီတာမင်ဓာတ်များကို ထုတ်လုပ်ပေးခြင်း၊ အာဟာရဓာတ်စုပ်ယူမှုကို မြှင့်တင်ပေးခြင်း၊ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုခြင်းနှင့် ရောဂါပိုးမွှားများရဲ့ရန်မှ ကာကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။
  2. Helicobacter pylori နှင့် Clostridium difficile (C.diff) တို့ရဲ့ အချို့သော မျိုးစိတ်များ အပါအဝင် ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက် များကို ထုတ်လွှတ်ခြင်း၊ တစ်ရှူးများကို ရောင်ရမ်းစေခြင်းတို့အပြင် အစာအိမ်အနာ၊ အသည်း ရောဂါနဲ့ အူမကြီးကင်ဆာကဲ့သို့သော ရောဂါဝေဒနာများကို ဖြစ်ပွားစေနိုင်ပါတယ်။
  3. အရေးကြီးတဲ့အချက်တစ်ခုကတော့ အဏုဇီဝပိုးမွှားအများစုဟာ သဘာဝအလျောက် အန္တရာယ်ရှိသူများ မဟုတ်ကြပါ။ ရောဂါဖြစ်ပွားနိုင်ခြေရှိခြင်းဆိုတာ ပိုးမွှားများရှိနေခြင်းအပေါ် မှာ မူတည်နေတာမဟုတ်ဘဲ ပိုးမွှားအမျိုးအစားအသီးသီးရဲ့ အရေအတွက် မျှတစွာတည်ရှိမှု အပေါ် မှာသာ မူတည်တာပဲ ဖြစ်ပါတယ်။
     

အူလမ်းကြောင်း အဏုဇီဝပိုးမွှားများ မမျှတခြင်းက တစ်ကိုယ်ရေကျန်းမာရေး အပေါ် သက်ရောက်မှုများ

  • စိတ်ခံစားချက်အပြောင်းအလဲ မြန်ခြင်း
  • စိတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုလွန်ကဲခြင်း 
  • အဝလွန်ခြင်း 
  • နှင်းခူကဲ့သို့သော အရေပြားရောဂါများ 
  • နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ 
  • ဆီးချိုရောဂါ 
  • ကင်ဆာရောဂါ 
  • အသည်းရောဂါ 
  • သွားပိုးစားခြင်းကဲ့သို့သော ခံတွင်းကျန်းမာရေး ပြဿနာများ 

အူလမ်းကြောင်း အဏုဇီဝပိုးမွှား စစ်ဆေးခြင်း

အစာမကြေခြင်း၊ စိတ်ခံစားချက်အပြောင်းအလဲမြန်ခြင်းနှင့် အရေပြားပြဿနာများ စတဲ့ လက္ခဏာတွေဟာ အဏုဇီဝ ပိုးမွှားများ မမျှတခြင်းကို ညွှန်ပြနေနိုင်ပေမယ့် ဒီလက္ခဏာတွေဟာ အခြားသော အကြောင်းရင်းများ ကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာများနှင့်အူလမ်းကြောင်းအဏုဇီဝဂေဟစနစ် တို့ရဲ့ ဆက်စပ်မှုကို ပိုမိုသေချာစွာ သိရှိနိုင်စေဖို့ စစ်ဆေးမှု ပြုလုပ်ခြင်းဟာ အရေးကြီးပါတယ်။

ဓာတ်ခွဲခန်းမှာ ဝမ်းနမူနာကို စစ်ဆေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းရှိ အကျိုးပြုပိုးမွှားများနဲ့ အန္တရာယ်ရှိ ပိုးမွှားများကို ခွဲခြားသိရှိနိုင်တဲ့ စစ်ဆေးမှုတစ်မျိုး ရှိပါတယ်။ ဒီစစ်ဆေးမှုဟာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် သူများအနေနဲ့ လူနာရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အောက်ပါအချက်များကို နားလည်သဘောပေါက်စေရန် ကူညီပေးနိုင်ပါတယ်။ 

  • ခန္ဓာကိုယ်အနှံ့ အဏုဇီဝပိုးမွှားများရဲ့ သိပ်သည်းဆ၊ အရေအတွက်နဲ့ အမျိုးအစား ကွဲပြားစုံလင်မှု လုံလောက်စွာ ရှိ/မရှိ။
  • အဏုဇီဝပိုးမွှားများရဲ့ မျှခြေ  မှန်ကန်မှု ရှိ/မရှိ။
  • တွေ့ရှိရတဲ့ အဏုဇီဝပိုးမွှားတွေရဲ့ ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုများ။ 

အကယ်၍ ခန္ဓာကိုယ်အတွင်းရှိ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အဏုဇီဝပိုးမွှားတွေရဲ့ သိပ်သည်းဆ၊ အမျိုးအစားစုံလင်မှုနှင့် အရေအတွက်များ မျှတမှုမရှိတဲ့ အခြေအနေ (သို့မဟုတ်) မျှတနေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားနိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစစ်ဆေးမှုကို ပြုလုပ်ခြင်းဖြင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဟာ လူနာရဲ့ရောဂါဖြစ်နိုင်ခြေကို ဆန်းစစ်နိုင်ရုံသာမက အူလမ်းကြောင်း အဏုဇီဝပိုးမွှား မမျှတခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ (အူလမ်းကြောင်းလှုပ်ရှားမှု မမှန်ခြင်း) (IBS)၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ ခေါင်းတခြမ်းကိုက်ခြင်း၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းနဲ့ စိတ်ကျရောဂါ စတဲ့ ဝေဒနာတွေကိုပါ ရောဂါရှာဖွေ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

အူလမ်းကြောင်း မျှခြေကို ပြန်လည်ထိန်းညှိခြင်း

ဒီလိုစစ်ဆေးမှုတွေကို ပြုလုပ်ပေးရုံသာမက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဟာ လူနာတွေကို အူလမ်းကြောင်းအတွင်း ကျန်းမာရေးကို အထောက်အကူပြုတဲ့ အဏုဇီဝပိုးမွှား အရေအတွက် တိုးပွားလာ စေဖို့ ရည်ရွယ်တဲ့ အာဟာရဆိုင်ရာ အကြံပြုချက်များကိုလည်း ပေးနိုင်ပါတယ်။ အဲဒီမှာဆိုရင်ပရိုဘိုင်အိုတစ် နှင့် ပရီဘိုင်အိုတစ် စတာတွေကို ပိုမိုစားသုံးဖို့ တိုက်တွန်းခြင်း စတာတွေလည်း ပါဝင်ပါတယ်။ အဆိုပါဓာတ်တွေကို အစားအသောက်နှင့် ဖြည့်စွက်စာတွေကတစ်ဆင့် ရရှိနိုင်တဲ့အပြင်၊ အောက်ဖော်ပြပါ နေထိုင်မှုပုံစံများ၊ အိပ်စက်ချိန်စနစ်များနဲ့ ကိုယ်လက်လှုပ်ရှားမှု အလေ့အကျင့်များကလည်း အပြုသဘော ဆောင်တဲ့ သက်ရောက်မှုတွေကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

  • နိုင်ငံတကာ အိပ်စက်ခြင်းဆိုင်ရာ အဖွဲ့အစည်း (IASD) က လူကြီးတစ်ဦးအနေနဲ့ ညစဉ် ၆ နာရီမှ ၈ နာရီအထိ အိပ်စက်ဖို့ အကြံပြုထားပါတယ်။ လုံလောက်စွာ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးနိုင်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ရေးပျက်သူများနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အိပ်ရေးဝဝအိပ်သူတွေမှာ ပိုမိုကျန်းမာတဲ့ အူလမ်းကြောင်း ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
  • တစ်ကြိမ်လျှင် မိနစ် ၃၀ ကျော်၊ တစ်ပတ်လျှင် ၃ ကြိမ်မှ ၅ ကြိမ်အထိ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းဖြင့် အူလမ်းကြောင်းရဲ့ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေခြင်း၊ အန္တရာယ်ရှိသော ဘက်တီးရီးယားများ ပွားများမှုကို ဟန့်တားပေးခြင်းနှင့် အူလမ်းကြောင်းအတွင်း ပိုမိုစုံလင်ကွဲပြား တဲ့ အဏုဇီဝပိုးမွှားများ ရှိနေစေခြင်းတို့ကို အထောက်အကူပြုပါတယ်။
  • ပြုပြင်မွမ်းမံထားသော အသားများ (Processed meats) နှင့် အသင့်စား အစားအစာများ (Ready meals) စားသုံးမှုကို လျှော့ချခြင်းဟာလည်း အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေ ပါတယ်။
  • အလွန်အမင်း စပ်သော၊ ငန်သော သို့မဟုတ် အဆီအဆိမ့်များသော အစားအစာများ စားသုံးမှုကို လျှော့ချခြင်းကလည်း အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
  • အဆီဓာတ်နှင့် ကာဗိုဟိုက်ဒရိတ် မြင့်မားစွာပါဝင်တဲ့ အစားအစာများ စားသုံးမှုကို လျှော့ချခြင်းဖြင့်လည်း အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
  • ပရိုဘိုင်အိုတစ် (ကျန်းမာရေးကို အထောက်အကူပြုသော အဏုဇီဝပိုးမွှားများ) နှင့် ပရီဘိုင်အိုတစ် (ထိုအကျိုးပြုပိုးမွှားများအတွက် အစာအဖြစ် အသုံးဝင်သောဓာတ်များ) ကို လုံလောက်စွာ စားသုံးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အူလမ်းကြောင်း အဏုဇီဝမျှခြေကို ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။ သို့သော် ပရိုဘိုင်အိုတစ်များကို အလွန်အကျွံ စားသုံးခြင်းဟာ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းကဲ့သို့သော မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ကြောင်း သတိပြုသင့်ပါတယ်။ ဒါကြောင့် အစားအသောက်ပုံစံကို အပြောင်းအလဲမလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အူလမ်းကြောင်း အဏုဇီဝပိုးမွှားများ မမျှတခြင်း

ကျန်းမာတဲ့ အူလမ်းကြောင်း အဏုဇီဝဂေဟစနစ်ဟာ အူနံရံဆဲလ်တွေနဲ့အတူ အကာအကွယ်အတားအဆီး တစ်ခုအဖြစ် လုပ်ဆောင်ပေးတဲ့ အချွဲအမြှေးပါးလွှာတစ်ခုကို ဖန်တီးပေးပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား များ အူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်နိုင်အောင် တားဆီးပေးပါတယ်။ အစာခြေ လမ်းကြောင်းအတွင်းရှိ အကျိုးပြုဘက်တီးရီးယားတွေ မမျှမတဖြစ်လာတဲ့အခါမှာတော့ အဲဒီကာကွယ်မှုဟာ ကောင်းစွာ အလုပ်မလုပ်တော့ဘဲ အူလမ်းကြောင်းရောင်ရမ်းခြင်း သို့မဟုတ် အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ခြင်း ကဲ့သို့သော ဝေဒနာများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာစေပါတယ်။ ဒီရောဂါအခြေအနေနှစ်ခုလုံးဟာ အူလမ်းကြောင်းအဏုဇီဝပိုးမွှားများ မမျှတခြင်း၊ အန္တရာယ်ရှိသော ပိုးမွှားများ ပိုမိုများပြားလာခြင်း သို့မဟုတ် ပဋိဇီဝဆေးများသောက်သုံးရခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ပြီး၊ ရလဒ်အနေနဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေဟာ တစ်ရှူးများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရောင်ရမ်းမှုများကို ဖြစ်စေပြီး အစာခြေစနစ်ဆိုင်ရာ ရောဂါဝေဒနာများကို ပိုမိုဆိုးရွားစေပါတယ်။
 

အဏုဇီဝပိုးမွှားများ မမျှတခြင်းနှင့် အဓိကရောဂါကြီးများအကြား ဆက်စပ်မှု

အာဟာရစုပ်ယူမှု ချို့ယွင်းသည့်ရောဂါစု (Malabsorption Syndrome)

ပုံမှန်အခြေအနေမှာ၊ အူလမ်းကြောင်းရှိ ကျန်းမာရေးအထောက်အကူပြုဘက်တီးရီးယားများ ကောင်းမွန်စွာ အလုပ်လုပ်နေချိန်မှာ မည်သည့်ရောဂါလက္ခဏာမျှ ပြလေ့မရှိပေမယ့် ဝမ်းဗိုက်ပိုင်း ခွဲစိတ်မှု ပြုလုပ်ခြင်း၊ ဆီးချိုရောဂါ ခံစားနေရခြင်း၊ အရေပြားထူလေးဘက်နာရောဂါ (ချိတ်ဆက်တစ်ရှူးဆိုင်ရာ ဝေဒနာ တစ်မျိုး)၊ အစာအိမ် သို့မဟုတ် အူလမ်းကြောင်း အစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်ထားရခြင်းစတဲ့အခြေအနေ များကြောင့် အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားမျှခြေကို ပျက်ပြားသွားစေနိုင်ပါတယ်။ အဆိုပါ အခြေအနေမှာဆိုရင် ရောဂါဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတွေကို ပုံမှန်ထက် ပိုမိုပွားများလာစေပါတယ်။ ဒီလို ဘက်တီးရီးယားများ အလွန်အကျွံ များပြားလာခြင်းဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့  အာဟာရဓာတ်တွေဖြစ်တဲ့ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင် ဘီ-၁၂ စတာတွေကို  စုပ်ယူမှုကို ထိခိုက်စေတဲ့ "အာဟာရစုပ်ယူမှု ချွတ်ယွင်းသည့် ရောဂါစု"ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဘတ်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော အူလမ်းကြောင်းကူးစက်ရောဂါClostridium difficile Infection (CDI)

ပုံမှန်အခြေအနေမှာဆိုရင် ကျွန်တော်တို့ရဲ့ အစာခြေစနစ်အတွင်းမှာ "ဒုတိယအဆင့် သည်းခြေရည်အက်ဆစ် ထုတ်လုပ်ပေးသော အဏုဇီဝပိုးမွှားများ" ရှိနေကြပြီး၊ သူတို့ဟာ သည်းခြေအက်ဆစ်များကို ပထမအဆင့် မှ ဒုတိယအဆင့်သို့ ပြောင်းလဲပေးဖို့ ကူညီပေးပါတယ်။ ဒီဒုတိယအဆင့် သည်းခြေရည်အက်ဆစ်တွေဟာ Clostridium difficile ဘက်တီးရီးယားများ ပွားများလာမှုကို ဟန့်တားပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် သည်ပိုးတွေဟာ အူလမ်းကြောင်းနံရံကို ရောင်ရမ်းစေခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို ဖြစ်စေတဲ့ အဆိပ်အတောက်များ ထုတ်လွှတ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ 
ပဋိဇီဝဆေးများ သောက်သုံးခြင်းဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေရုံသာမက "ဒုတိယအဆင့် သည်းခြေအက်ဆစ် ထုတ်လုပ်ပေးသော အဏုဇီဝပိုးမွှားများ" ကိုပါ ဖျက်ဆီးပစ်တတ် ပါတယ်။ ဒါကြောင့် Clostridium difficile ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး ပွားများလာပါက အူလမ်းကြောင်းနံရံကို ရောင်ရမ်းစေတဲ့ အဆိပ်အတောက်တွေကို ထုတ်လွှတ်မှာ ဖြစ်ပါတယ်။

အူလမ်းကြောင်းရောင်ရမ်းသည့်ရောဂါ(IBD)

ဒီရောဂါနှင့် ဆက်စပ်နေတဲ့ အချက်တွေမှာ မျိုးရိုးဗီဇ၊ ကိုယ်ခံအားစနစ် နှင့် ပတ်ဝန်းကျင်အနေအထား (ဥပမာ - စားသောက်မှုပုံစံ) တို့ ပါဝင်ပါတယ်။ ပုံမှန်အခြေအနေမှာဆိုရင် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ Bacteroides နှင့် Firmicutes ကဲ့သို့သော အကျိုးပြုဘက်တီးရီးယားများ ရှိနေကြပါတယ်။ သူတို့ဟာ ရောဂါပိုးမွှားများ အစာခြေစနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်းမှ တားဆီးပေးတဲ့ အချွဲအမြှေးပါးလွှာကို ထုတ်လုပ်ပေးပါတယ်။ တကယ်လို့ မျိုးရိုးဗီဇနှင့် ကိုယ်ခံအားစနစ် တွေ  ပုံမှန်မဟုတ်ပါက တစ်ရှူးများ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပြီး ဘက်တီးရီးယား အမျိုးအစား စုံလင်မှု ကို လျော့နည်းသွားစေပါတယ်။ အဲဒီအခါ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားများက အဆိပ်အတောက် များကို ထုတ်လွှတ်ပြီး အူလမ်းကြောင်းကို ရောင်ရမ်းစေတာပဲ ဖြစ်ပါတယ်။

အူလမ်းကြောင်းလှုပ်ရှားမှုမူမမှန်သောရောဂါ(IBS)

IBS ရောဂါကတော့ ဖြစ်ပွားစေတဲ့ ရောဂါပိုးမွှား (ဘက်တီးရီးယား) အမျိုးအစားပေါ် မူတည်ပြီး ပုံစံအမျိုးမျိုး ရှိပါတယ်။ ဘယ်လိုဘက်တီးရီးယား အမျိုးအစားဖြစ်ကြောင်း စစ်ဆေးသိရှိခြင်းက ပိုမိုထိရောက်တဲ့ ကုသမှုပေးနိုင်ဖို့ အများကြီးအထောက်အကူပြုပါတယ်။ Enterobacteriaceae ဆိုတာကတော့ အစာအိမ်အူလမ်းကြောင်း ကူးစက်ရောဂါများကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှား တစ်မျိုးဖြစ်ပါတယ်။ Lactobacillus ဆိုတာကတော့ အချိုဓာတ်တွေကို အချဉ်ဖောက်ခြင်းမှတစ်ဆင့် အက်ဆစ်ထုတ်လုပ်ပေးတဲ့ ဘက်တီးရီးယားဖြစ်ပြီး ဗိုက်အောင့်ခြင်းနှင့် လေပွခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ Bacteroides သည် ဝမ်းလျှောခြင်းလက္ခဏာရှိတဲ့ IBS လူနာတွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ဘက်တီးရီးယား မျိုးဖြစ်ပါတယ်။ Bifidobacterium နှင့် Faecalibacterium တို့ကတော့ အူလမ်းကြောင်းအတွင်း ရောင်ရမ်းမှုကို ဆန့်ကျင်ပေးတဲ့ ဓာတ်ပစ္စည်းများကို ထုတ်လုပ်ပေးတဲ့ အကျိုးပြုဘက်တီးရီးယားများပဲ ဖြစ်ကြပါတယ်။

အဝလွန်ခြင်း နှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ရောဂါ (Obesity & Metabolic Syndrome)

အဝလွန်ခြင်းဆိုတာ ခန္ဓာကိုယ်အတွင်း၊ အထူးသဖြင့် ဝမ်းဗိုက်ပိုင်း၌ အဆီများ အလွန်အကျွံ စုပုံလာခြင်းကို ဆိုလိုတာဖြစ်ပြီး တစ်ကိုယ်လုံးအတိုင်းအတာဖြင့် ရောင်ရမ်းမှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလို ရောင်ရမ်းမှု ဖြစ်ပေါ်ခြင်းဟာ အင်ဆူလင် ခုခံမှုကို ဖြစ်စေကာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ Christensenellaceae ဘက်တီးရီးယားတွေက အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားများကို မျှတအောင် ကူညီပေးပြီး ဝမ်းဗိုက်အတွင်း အဆီစုခြင်း၊ သွေးတွင်းအဆီဓာတ် မြင့်မားခြင်း၊ ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ရောဂါစုနှင့် ဆီးချိုရောဂါတို့ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဒါ့အပြင် အဝလွန်သူတွေမှာ ကိုယ်အလေးချိန်ကျဆင်းခြင်းနှင့် ဆက်စပ်နေသော Akkermansia muciniphila ဘက်တီးရီးယား ပမာဏ အလွန်နည်းပါးနေတတ်ပါတယ်။ ဒီ "ပိန်စေသော ဘက်တီးရီးယား" (Lean bacteria) ဟာ အူလမ်းကြောင်းနံရံကို ခိုင်မာတောင့်တင်းစေရန်နှင့် အူလမ်းကြောင်းရောင်ရမ်းမှုကို တိုက်ဖျက်နိုင်ရန်အတွက် အချွဲအမြှေးပါးထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။

အသားစားသုံးမှုနှင့် ဆက်စပ်နေသော နှလုံး နှင့် သွေးကြောဆိုင်ရာရောဂါ

Bifidobacterium နှင့် Dehalobacterium ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုအာဟာရ ဓာတ်တွေ ထုတ်လုပ်ပေးဖို့ လှုံ့ဆော်ပေးပါတယ်။ သို့သော် Phosphatidylcholine ဓာတ်ကြွယ်ဝတဲ့ အနီရောင်အသားများကို စားသုံးတဲ့အခါမှာတော့ အူလမ်းကြောင်းအတွင်းရှိ Clostridiaceae နှင့် Neisseriaceae ကဲ့သို့သော အန္တရာယ်ရှိဘက်တီးရီးယားတွေက ၎င်းတို့ကို Trimethylamine (TMA) အဖြစ် ပြောင်းလဲပစ်ပါတယ်။ ထို TMA ကို သွေးကြောထဲ စုပ်ယူပြီး အသည်းမှာ ဇီဝကမ္မဖြစ်စဉ်အရ ပြောင်းလဲ လိုက်တဲ့အခါ Trimethylamine N-oxide (TMAO) ဆိုတာ ထွက်လာပါ တယ်။ TMAO ဓာတ်ကတော့ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါ တယ်။ ဒါကြောင့် အစာခြေစနစ်အတွင်းရှိ ဘက်တီးရီးယားမျှခြေကို စစ်ဆေးခြင်းဖြင့် အနီရောင်အသား စားသုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နှလုံးရောဂါအန္တရာယ်ကို ကြိုတင်ခန့်မှန်း သိရှိနိုင်ပါတယ်။

အူမကြီးအသားပို

သုတေသနပြုချက်များအရ အူမကြီးအသားပိုရှိတဲ့ လူနာတွေဟာ ပုံမှန်လူများထက် Fusobacterium ဘက်တီးရီးယား ပမာဏ (၄၁၅) ဆ ပိုမိုများပြားနေတယ်လို့ ဆိုပါတယ်။  Fusobacterium က ခန္ဓာကိုယ်ရဲ့ သဘာဝကိုယ်ခံအားစနစ်မှာ အရေးပါတဲ့ သွေးဖြူဥ အမျိုးအစားဖြစ်တဲ့ NK ဆဲလ်များ (Natural Killer Cells) ရဲ့ လုပ်ဆောင်ချက်ကို ဟန့်တားပိတ်ပင် ခြင်းဖြင့် ကင်ဆာကို တိုက်ဖျက်ပေးမယ့် ကိုယ်ခံအားစနစ်ကို အားနည်းသွားစေပါတယ်။

ဆီချိုရောဂါ

အူလမ်းကြောင်း အဏုဇီဝပိုးမွှားတွေဟာ ခန္ဓာကိုယ်က မခြေဖျက်နိုင်တဲ့ အချို့သော အမျှင်ဓာတ် များကို အချဉ်ဖောက်ခြင်း နှင့် “တိုတောင်းသောကွင်းဆက် ဖက်တီးအက်ဆစ် SCFAs” များ လို့ ခေါ်တဲ့ ဇီဝဖြစ်စဉ်ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းတို့ဖြင့် ခြေဖျက်ပေးရာမှာ ကူညီပေးပါတယ်။ SCFAs များသည် အင်ဆူလင်ဟော်မုန်းကို ထုတ်လုပ်ပေးတဲ့ ပန်ကရိယရှိ ဘီတာဆဲလ်များရဲ့ လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးပါတယ်။ ရလဒ်အနေနဲ့ကတော့ အင်ဆူလင် ခုခံမှုကို လျော့ကျစေ ပြီး သွေးတွင်းရောင်ရမ်းမှုနှင့် တစ်ကိုယ်လုံးအတိုင်းအတာဖြင့် ရောင်ရမ်းမှုကို ဖြစ်စေတဲ့ "အူလမ်းကြောင်း ယိုစိမ့်မှုလက္ခဏာစု" တို့ကိုလည်း လျော့နည်းစေပါတယ်။ ဒီလို ဂုဏ်သတ္တိရှိ တဲ့ ဘက်တီးရီးယားအမျိုးအစားတွေမှာ Bifidobacterium၊ Roseburia spp နှင့် Faecalibacterium prausnitzii တို့ ပါဝင်ပါတယ်။

အဏုဇီဝပိုးမွှားများ၏ မျိုးကွဲစုံလင်မှု

  • လူ့ဘဝသက်တမ်းတစ်လျှောက် အသက်အရွယ်အုပ်စုတစ်ခုစီမှာ တစ်ခုနှင့်တစ်ခု မတူညီဘဲ ကွဲပြားထူးခြားတဲ့ အဏုဇီဝပိုးမွှား ပုံစံများအသီးသီး ရှိကြပါတယ်။
  • ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သားအိမ်ဟာ ပိုးမွှားကင်းစင်သော ဇုန်တစ်ခုဖြစ်ပြီး အဏုဇီဝပိုးမွှားတွေက ပေးပို့တဲ့ အချက်ပြမှုတွေဟာ မိခင်ထံမှ မမွေးဖွားသေးတဲ့ ရင်သွေးဆီသို့ ကူးပြောင်းရောက်ရှိသွားနိုင်တယ်လို့ ညွှန်ပြနေပါတယ်။ ဥပမာအားဖြင့် မိခင်ဖြစ်သူမှာ စိတ်ဖိစီးမှုခံစားရခြင်း၊ ဆေးဝါးများသောက်သုံးခြင်း သို့မဟုတ် အစားအသောက်စားခြင်းတို့ ပြုလုပ်ပါက မိခင်ရဲ့ အဏုဇီဝပိုးမွှားများရဲ့ တုံ့ပြန်မှုများကို သန္ဓေသားမှာလည်း ခံစားရမှာဖြစ်ပါ တယ်။
  • သားအိမ်ခေါင်းဟာ မွေးကင်းစကလေးငယ်နှင့် အမျိုးမျိုးသော အဏုဇီဝပိုးမွှားများ စတင်ထိတွေ့ရာ ပထမဦးဆုံးသော နေရာပဲဖြစ်ပါတယ်။
  • ရိုးရိုးမွေးဖွားခြင်းသည် ခွဲစိတ်မွေးဖွားခြင်းထက် Lactobacillus ဘက်တီးရီးယားများနှင့် ထိတွေ့မှု ပိုမိုရှိစေပါတယ်။
  • မိခင်နို့တိုက်ကျွေးတဲ့အခါ ကလေးငယ်တွေဟာ ကျန်းမာရေးအထောက်အကူပြု အဏုဇီဝပိုးမွှားများ ဖြစ်တဲ့ Bifidobacterium နှင့် Lactobacillus ဘက်တီးရီးယားနှစ်မျိုးလုံးနဲ့ ထိတွေ့ခွင့်ရရှိပါတယ်။ အဲဒီနောက် နို့မှုန့်ကို စတင်သောက်သုံးတဲ့အခါမှာတော့ Bacteroides နှင့် Clostridium ဘက်တီးရီးယား ပမာဏများ မြင့်တက်လာမှာပဲ ဖြစ်ပါတယ်။
  • ကလေးငယ်တွေဟာ လူကြီးများကဲ့သို့ အစားအသောက်ပုံစံကို စတင်စားသုံးလာချိန် သို့မဟုတ် ပဋိဇီဝဆေးများ စတင်သောက်သုံးလာချိန်မှာ အူလမ်းကြောင်းအတွင်းရှိ အဏုဇီဝပိုးမွှားများရဲ့ အမျိုးအစားနှင့် မျိုးကွဲစုံလင်မှု အပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ရရှိလာပါတယ်။
  • စားသောက်မှုပုံစံဟာ အူလမ်းကြောင်း အဏုဇီဝပိုးမွှားများအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် အစားအစာတစ်ခုတည်းကို ထပ်တလဲလဲ စားသုံးခြင်း သို့မဟုတ် အာဟာရတန်ဖိုးမရှိတဲ့ အသင့်စားမုန့်များကို အလွန်အကျွံ စားသုံးခြင်းဟာ အဏုဇီဝပိုးမွှားများရဲ့ မျိုးကွဲစုံလင်မှုကို လျော့နည်းစေနိုင်ပါတယ်။ အထူးသဖြင့် ကျန်းမာတဲ့ အဏုဇီဝစနစ်ကို ထိန်းသိမ်းရာမှာ အဓိကကျသော ပရီဘိုင်အိုတစ်အမျှင်ဓာတ်များ လျော့နည်းသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။
  • လေ့ကျင့်ခန်းလုပ်ခြင်းနှင့် နေထိုင်ရာဒေသတို့ဟာလည်း အဏုဇီဝပိုးမွှားများရဲ့ မျိုးကွဲစုံလင်မှုအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။ အကြောင်းမှာ ဒေသတစ်ခုနှင့်တစ်ခု စားသောက်မှု ပုံစံများ သိသိသာသာ ကွဲပြားတာကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဥရောပနိုင်ငံများထက် အာရှနိုင်ငံများမှာ ပိုမိုအတွေ့ရများပြီး အူလမ်းကြောင်းအပေါ် သက်ရောက်မှုရှိတဲ့ အစားအစာ တွေကတော့ ကိုရီးယားရိုးရာ ကင်မ်ချီ၊ ထိုင်းရိုးရာ ငါးပိ/ငါးငပိရည် နှင့် ဂျပန်ရိုးရာ အချဉ်ဖောက်ထားသော ပဲပုပ် စတာတွေပဲ ဖြစ်ကြပါတယ်။ 

အူလမ်းကြောင်း အဏုဇီဝပိုးမွှားမျှခြေ ပျက်စီးနေနိုင်သည့် သတိပေးလက္ခဏာများ

အူလမ်းကြောင်းအတွင်းရှိ အဏုဇီဝပိုးမွှားများ မျှခြေပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာများနှင့် ဆက်စပ်အခြေအနေတွေကတော့ - 

  • အစာခြေစနစ်ဆိုင်ရာ မူမမှန်သော လက္ခဏာများ သို့မဟုတ် အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သည့်ရောဂါ (IBS) - လေပွခြင်း၊ လေထခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း စသည်ဖြင့်..
  • ခေါင်းတစ်ခြမ်းကိုက်ခြင်း သို့မဟုတ် အိပ်မပျော်ခြင်း၊ အိပ်စက်မှုဆိုင်ရာ ပြဿနာများ
  • ရောင်ရမ်းသော ဝက်ခြံများ
  •  ခဏခဏ ပြန်ဖြစ်တတ်သော ဓာတ်မတည့် အရေပြားအနီစက်များ၊ ဖြစ်လိုက်ပျောက်လိုက် ဖြစ်တတ်သော အလာဂျီအဖုအပိမ့်များ
  • ပန်းနာရင်ကျပ်
  • ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက် အားနည်းခြင်း
  • ရောဂါဖြစ်နိုင်ခြေ မြင့်မားလာခြင်း: စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊ စိတ်ကျရောဂါ၊ အဝလွန်ခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုများလာခြင်း၊
  • ခံတွင်းနံ့ဆိုးခြင်း၊ 
  • ဝမ်းထဲတွင် အကျိအချွဲများ ပါခြင်း၊ 
  • ပဋိဇီဝဆေးများကို ကာလရှည် သောက်သုံးခြင်း၊
  • ကစီဓာတ် (ကာဘိုဟိုက်ဒရိတ်) ကို မခြေဖျက်နိုင်ခြင်း၊
  • နုံးချိခြင်းနှင့် အားအင်ကုန်ခမ်းခြင်း၊ 
  • အစာအိမ်အက်ဆစ်လျှော့ဆေးများ (Antacids/PPIs) ကို ပုံမှန်သောက်သုံးခြင်း
  •  နှာပိတ်ခြင်း။

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာများအနက် အနည်းဆုံး (၅) ချက် သို့မဟုတ် (၅) ချက်ထက်ပို၍ ရှိနေပါက အူလမ်းကြောင်းအတွင်းရှိ အဏုဇီဝပိုးမွှားများ မျှခြေပျက်စီးနေခြင်း (Gut microbiome imbalance) ဖြစ်နိုင်ခြေ ရှိနေပါတယ်။

Next-generation sequencing (NGS) နည်းပညာသည် ကျန်းမာရေးကဏ္ဍအတွက် ဘယ်လိုအကျိုးပြုနိုင်ပါသလဲ။

အူလမ်းကြောင်း အဏုဇီဝပိုးမွှား စစ်ဆေးခြင်း (Microbiome screening)မှာ မျိုးဆက်သစ် ဗီဇစစ်ဆေးခြင်းနည်းပညာ (NGS) ကို အသုံးပြုပြီး ဝမ်းနမူနာအတွင်းရှိ ဘက်တီးရီးယားများ၏ DNA ကို ခွဲခြားစိတ်ဖြာပြီး အဏုဇီဝပိုးမွှား အမျိုးအစားပေါင်း ရာနှင့်ချီကို ဖော်ထုတ်ပေးနိုင်ပါတယ်။

ဒီစစ်ဆေးမှုမှာ အောက်ပါအချက်အလက်များကို တိကျစွာ ခွဲခြားစိတ်ဖြာပေးနိုင်ပါတယ် -

  • အဏုဇီဝပိုးမွှားများ၏ မျိုးကွဲစုံလင်မှု နှင့် တစ်မျိုးချင်းစီ၏ ပမာဏ။
  • ရောဂါဖြစ်စေသော ပိုးမွှားများနှင့် အကျိုးပြုပိုးများ၏ အချိုးအစားကို နှိုင်းယှဉ်၍ မည်သည့်ဘက်တီးရီးယား အမျိုးအစားများ ရှိနေသည်ကို ဖော်ထုတ်ပေးခြင်း။
  • နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေရှိသော ကျန်းမာရေးပြဿနာများဖြစ်သည့် အဝလွန်ခြင်း၊ အူလမ်းကြောင်း လှုပ်ရှားမှု မူမမှန်သည့်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်း ကိုလက်စထရော မြင့်မားခြင်း၊ အသားစားသုံးမှုနှင့် ဆက်စပ်နေသော နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ၊ အူမကြီးအတွင်း အသားပိုများရှိခြင်း၊ စိတ်ကျရောဂါ၊ သွေးလေးဘက်နာ. (အဆစ်အမြစ်ရောင်) ရောဂါ၊ အသက်အရွယ်ကြောင့် ဖြစ်တတ်သော အမြင်အာရုံ ချို့ယွင်းလာသည့်ရောဂါ စသည်တို့ကို ဆန်းစစ်ပေးခြင်း။

စစ်ဆေးမှုအတွက် ပြင်ဆင်ရန်အချက်များ

  • စစ်ဆေးမှုမပြုလုပ်မီ အစာဖြတ်ထားရန် သို့မဟုတ် ရေမသောက်ဘဲနေရန် မလိုအပ်ပါ။
  • မည်သည့် ပဋိဇီဝဆေး(ပိုးသတ်ဆေး)ကိုမဆို စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး (၃) ရက် ကြိုတင်၍ သောက်သုံးခြင်း ရပ်နားထားရပါမည်။

အူလမ်းကြောင်း အဏုဇီဝစနစ်ဟာ ခန္ဓာကိုယ်အင်္ဂါအဖွဲ့အစည်းတိုင်းနဲ့ အပြန်အလှန် ချိတ်ဆက်ယှက်နွယ် နေပြီး အရေးပါတဲ့ ဂေဟစနစ်တစ်ခုအဖြစ် လုပ်ဆောင်ပါတယ်။ အဆိုပါစနစ်ရဲ့၏ မျိုးကွဲစုံလင်မှုနှင့် တည်ငြိမ်မှုတို့ဟာ အစာခြေစနစ် ကျန်းမာရေးအတွက်သာမက ဇီဝကမ္မဖြစ်စဉ်၊ ကိုယ်ခံအားစနစ်နှင့် စိတ်ခံစားမှုဆိုင်ရာ ကြံ့ခိုင်မှုတို့အတွက်ပါ အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်များ ဖြစ်ကြပါတယ်။

အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းနှင့် အထောက်အထားခိုင်လုံတဲ့ ကုသမှု စတာတွေက တစ်ဆင့် အဏုဇီဝမျှခြေကို ထိန်းသိမ်းထားနိုင်ခြင်းဟာ ရောဂါကြိုတင်ကာကွယ်ရေး ဆေးပညာ ကဏ္ဍအတွက် အလားအလာအကောင်းဆုံး လမ်းစသစ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နေထိုင်မှုပုံစံ ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် (၆) လမှ (၁၂) လတစ်ကြိမ် ပုံမှန် အူလမ်းကြောင်း အဏုဇီဝစနစ် စစ်ဆေးခြင်းဖြင့်  ရေရှည်ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ အချက်အလက်များနှင့် အမြင်သစ်များကို ပေးစွမ်းနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

အဆင့်သတ်မှတ်ချက်