အမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါ……

အမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါ……

အနှစ်ချုပ်

  • ဆီးချိုရောဂါဟာ သိသာတဲ့လက္ခဏာတွေမပြတတ်ဘဲ အသေးစိတ် ရှာဖွေစစ်ဆေးမှသာ ရောဂါကို အတည်ပြုနိုင်တာပါ။
  • သာမန် နားနားနေနေ ရှိနေတဲ့အချိန်မှာတောင် အပေါ်သွေး (၁၄၀) အောက်သွေး (၉၀) ရှိနေသူများ(သို့) ၎င်း ထက် ပိုနေတဲ့သူများကို သွေးတိုးရှိသူများအဖြစ် သတ်မှတ် နိုင်ပါတယ်။
  • ခန္ဓာကိုယ်တစ်ဖက်ခြမ်းမှာ လက်နဲ့ခြေများ အားနည်းနေခြင်း၊ ခန္ဓာကိုယ်တစ်ခြမ်း ထုံသွားခြင်း၊ ပါးစပ်ရွဲ့ခြင်း၊ မျိုချရခက်ခြင်း၊ စကားပြောရခက်ခြင်း (သို့) ပြောလိုက်တဲ့စကားကိုတစ်ဖက်သားနားမလည်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ လမ်းကောင်းကောင်းလျှောက်နိုင်ဖို့ခက်ခဲခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်း၊ ဟန်ချက်ညီဖို့ခက်ခဲခြင်း၊ ဆိုးရွားစွာခေါင်းကိုက်ခြင်း စတာတွေဟာ လေဖြတ်နိုင် တဲ့ ရောဂါလက္ခဏာတွေဖြစ်ပါတယ်။

 

 

အမျိုးသမီးတွေဟာ အသက်ကြီးရင့်လာတာနဲ့အမျှ ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေကို တဖြည်းဖြည်း ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ ဒါတွေကို အစကတည်းက ကြိုတင်ကာကွယ်ထားနိုင်စေဖို့၊ ကျန်းမာရေးအတွက် ဂရုတစိုက် ဆွေးနွေးတိုင်ပင် ပေးနိုင်မယ့် အရင်းအမြစ်တွေကို ရှာဖွေတွေ့ရှိနိုင်စေဖို့ သူတို့မှာ ကျန်းမာရေးဗဟုသုတတွေ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေမဖြစ်ရအောင်၊ အမှောင်ထဲမှာ အထီးကျန်နေတဲ့ ခံစားမှုမျိုး မဖြစ်စေရအောင် အလင်းပြပေးဖို့ လိုအပ်ပါတယ်။

၁. “ဆီးချို”

“ဆီးချို” ကို မိခင်တွေမှာ အများဆုံးတွေ့ရပြီး အထူးသဖြင့် လေ့ကျင့်ခန်းလည်းမလုပ်ချင်တဲ့ “အစားတစ်လိုင်း” တွေမှာ အဖြစ်များပါတယ်။ ဆီးချိုတို့ရဲ့ သဘာဝအတိုင်း ဘာလက္ခဏာမှ မပြဘဲ ဆေးစစ်ကြည့်တော့မှ သွေးတွင်း အချိုဓာတ်တွေ မြင့်နေပြီး ဆီးချိုဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။ ပြီးတော့ ကြာလာတာနဲ့အမျှ နောက်ဆက်တွဲ အဖော်တွေဖြစ်တဲ့ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ သွေးအတွင်းအဆီများခြင်းနှင့် ကျောက်ကပ်ရောဂါ စ တာတွေပါ နောက်က လိုက်လာကြပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဆီးချိုမျိုးရိုးရှိမယ်၊ ခါးပတ်လည်မှာလည်း ဗိုက်ခေါက်ကလေးတွေ အရစ်လိုက် ရှိနေမယ်ဆိုရင် အချိန်မနှောင်းမီ ဆရာဝန်နဲ့ တိုင်ပင် ဆေးစစ်ပြီး လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု / ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

  • ရှူရှူး ခဏခဏ ပေါက်ခြင်း၊ (အထူးသဖြင့် ညဘက်တွေမှာ)
  • အာခြောက်၍ ရေဆာရေငတ်နေခြင်း
  • အကြောင်းပြချက်မရှိဘဲ ကိုယ်အလေးချိန်ကျလာခြင်း
  • ပင်ပန်းနွမ်းနယ်နေခြင်း
  • မကြာခဏ အနာတွင် ပိုးဝင်လွယ်ခြင်းနှင့် အနာကျက်နှေးခြင်း
  • အမြင်အာရုံဝေဝါးလာခြင်း
  • မိန်းမကိုယ် ယားယံခြင်းနှင့် အဖြူဆင်းခြင်း
  • လက်ဖျား ခြေဖျားများ ထုံကျင်နေခြင်း
  • လိင်စိတ် လျော့နည်း/ကုန်ခမ်းသွားခြင်း

ကြိုတင်ကာကွယ်ခြင်း

  • ကျန်းမာရေးနှင့် ညီညွတ်သည့် အစာအုပ်စု (၅)မျိုး မျှတစွာ စားခြင်း၊ ဟင်းသီးဟင်းရွက်နှင့် အချိုဓာတ်နည်းသော အသီးများကို ပို၍များများ စားသုံးခြင်း၊ ပရိုတင်းဓာတ် ရရန် ငါးနှင့် အခြားသော အဆီမပါသော အသားများ စားသုံးခြင်း၊ အချိုနှင့် အဆီများသော အစားအစာများ ကို ရှောင်ကျဉ်ခြင်း။
  • လေ့ကျင့်ခန်းကို တစ်ဆက်ရှင် မိနစ် ၃၀၊ တစ်ပတ် ၅ ရက် ပြုလုပ်ခြင်းအားဖြင့် အစားအစာကို ခြေဖျက်နိုင်ပြီး ဆီးချိုဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။မိသားစုတွင် ဆီးချိုမျိုးရိုးရှိလျှင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများလည်း ပြုလုပ်သင့်ပါတယ်။

၂. “သွေးတိုး”

အနားယူနေချိန်အပါအဝင် ဘယ်အချိန်တိုင်းတိုင်း အပေါ်သွေး အောက်သွေး ၁၄၀/၉၀ mm/Hg သို့မဟုတ် ထို့ထက်ပိုများနေခဲ့ရင် သွေးတိုး ရောဂါရှိတယ်လို့ မှတ်ယူရပါမယ်။နောက်ဆုံးပေါ် လေ့လာတွေ့ရှိချက်တွေအရတော့ လူတစ်ယောက်မှာ သွေးပေါင်ချိန် နည်းနည်းလေးပိုများ နေရင်တောင်မှ နှလုံးသွေးကြောပိုင်းဆိုင်ရာ ပြဿနာများ ရရှိလာနိုင်ခြေ မြင့်မားတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ကိုယ့်မှာ သွေးပေါင်ချိန် သာမန်ထက် မြင့်တက် နေတယ်ဆိုရင် နေ့စဉ် အချိန်မှန်မှန် သွေးတိုင်းကြည့်ပြီး သွေးတိုးရောဂါရှိမရှိ စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သွေးပေါင်ချိန်ဟာ ပျမ်းမျှထက် ပို၍မြင့်နေတတ်ကြောင်း တွေ့ရပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ ဘာလို့ဆို သွေးတိုး ဆိုတိုင်း ပေါ်တင်ကြီးတိုးမနေတတ်ပေမယ့် သူ့ရဲ့ သက်ရောက်မှုက ကိုယ်ခန္ဓာရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေကို ဆိုးဝါးစွာ ထိခိုက်သွားတဲ့အထိ ဖြစ်စေနိုင်တာကြောင့်ပါပဲ။ သွေးတိုးရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတွေကတော့ နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း၊ လေဖြတ်ခြင်းကြောင့် ကိုယ်တစ်ခြမ်းသေခြင်း၊ ခန္ဓာကိုယ် ဖောရောင်ခြင်း၊ ကျောက်ကပ်ရောဂါကြောင့် ဆီးမကြာခဏသွားခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေ ပြပြီး ကျန်းမာရေးပြဿနာတွေဖြစ်လာပြီဆိုရင်တော့ ကုသဖို့အလွန်ခက်ခဲပြီး စင်းလုံးချော နာလန်ပြန်ထဖို့လည်း မလွယ်တော့ပါဘူး။

ကြိုတင်ကာကွယ်ခြင်း

  • ဝိတ်ချပါ။ BMI အချိူး ပုံမှန်ထက်များနေသူများ ကိုယ်အလေးချိန် ချရန်။ (BMI > ၂၅ ကီလို/m2)
  • ဟင်းသီးဟင်းရွက်နှင့် အသီးအနှံ ပိုစားပါ။ အငန် လျှော့ပါ။
  • တစ်ခါလုပ်လျှင် မိနစ် ၃၀ ၊ တစ်ပတ် ၅ ကြိမ် လေ့ကျင့်ခန်း လုပ်ပါ။
  • ဆေးလိပ်နှင့် အရက် သောက်တတ်ရင် ဖြတ်ပါ။
  • စိတ်ဖိစီးမှုတွေရှိရင် လျှော့ပါ။

၃. “လေဖြတ်ခြင်း”

ကိုယ်ခန္ဓာတစ်ခြမ်းရဲ့ ခြေတွေ လက်တွေ လေးလာခြင်း၊ နှုတ်ခမ်းနှင့်ပါးစပ် ရွဲ့လာခြင်း၊ မျိုချဖို့ ခက်ခဲခြင်း၊ စကားပြောခက်ခဲခြင်းနှင့် မပီတော့ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ ကောင်းမွန်စွာ လမ်းမလျှောက်နိုင်တော့ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ ကိုယ်ခန္ဓာဒယိမ်းဒယိုင်ဖြစ်ခြင်းနှင့် ခေါင်းအလွန်ကိုက်ခြင်း စတဲ့ တစ်ခါမှ မဖြစ်ဖူးတဲ့ လက္ခဏာတွေ ရုတ်တရက်ကြီး ဖြစ်လာပြီဆိုရင်တော့ အရေးပေါ်ဆေးကုသမှု ချက်ချင်းပြုလုပ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ လေဖြတ်တော့မှာ မို့လို့ပါပဲ။ လေဖြတ်တယ် ဆိုတာ ဦးနှောက်ထဲမှာ သွေးလည်ပတ်မှု လျော့နည်းပြီး ဦးနှောက်တစ်သျူးတွေ ပျက်စီးသွားတာပါ။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ ပြဿနာဖြစ်စေပြီးတော့ ဒါဟာ ပြန်မကောင်းနိုင်တော့တဲ့ ယိုယွင်းပျက်စီးခြင်းပဲ ဖြစ်ပါတယ်။ လေဖြတ်ခြင်းအဓိကဖြစ်ပေါ်ရသည့် အကြောင်းရင်းတွေမှာ…

  • ထိန်းချုပ်လို့မရတဲ့ ကျန်းမာရေးပြဿနာများ
  • အသက်၊ ကျား/မ နှင့် မျိုးရိုးလိုက်ခြင်း။
  •  ထိန်းချုပ်နိုင်တဲ့ ကျန်းမာရေး ပြဿနာများ
  • ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီများခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ဆေးလိပ်နှင့်အရက်သောက်ခြင်း။

ကြိုတင်ကာကွယ်ခြင်း

  • ကိုယ်အလေးချိန် နှင့် မွေးရာပါ သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီများခြင်း စတာတွေရှိပါက စဉ်ဆက်မပြတ် စစ်ဆေးပြီး ထိန်းထားခြင်း။
  • ဆေးလိပ်နှင့်အရက်သောက်ခြင်းကိုရှောင်ကြဉ်ခြင်း။
  • ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံကို ကျင့်သုံးခြင်း၊ ပြည့်ဝဆီစားသုံးခြင်းကို လျှော့ပြီး အမျှင်ဓာတ်ပါသော အစားအစာကိုပို၍ ရွေးချယ်စားသောက်ပေးခြင်း။
  • ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း။
  • နှစ်စဉ်ကျန်းမာရေးဆေးစစ်ခြင်း။

၄။ ဦးနှောက်ကောင်းမွန်စွာအလုပ်မလုပ်နိုင်တော့ခြင်း (သို့)မှတ်ဥာဏ်ချို့ယွင်းခြင်း

ဦးနှောက်ကောင်းစွာအလုပ်မလုပ်နိုင်တော့ခြင်း (Dementia) ဟာ သက်ကြီးပိုင်းတွေမှာ အဖြစ်များပြီး ဦးနှောက်လုပ်ဆောင်မှုများကိုထိခိုက်စေတဲ့ မူမမှန်မှုများရဲ့ အကျိုးဆက် ကြောင့်ဖြစ်ရတာပါ။ ဒီလက္ခဏာတွေဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်ပေမယ့် လည်း မှတ်ဥာဏ်စွမ်းရည်၊ ဆင်ခြင်သုံးသပ်နိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းနဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း များအပေါ်မှာ ထိခိုက်မှုဖြစ်စေပါတယ်။

ဦးနှောက်ကောင်းမွန်စွာအလုပ်မလုပ်တော့ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်း အရင်းကတော့ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) ဖြစ်ပြီး လက်ရှိအချိန် အထိ ဒီရောဂါကို ပျောက်ကင်းအောင် ကုသလို့မရသေးပါဘူး။ လူနာရဲ့ ဘေးကင်း လုံခြုံမှုကို အဓိကဦးစားပေးစဉ်းစားရမယ့် ပတ်ဝန်းကျင် ပြုပြင်ပြောင်းလဲမှုကို ဦးတည်တဲ့ ကုသမှုနည်းလမ်းကို စဉ်းစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် လူနာအတွက် အထောက်အကူ ပြုမယ့် အမူအကျင့်ပြောင်းလဲမှုများကိုလည်း ဆွေမျိုးများ(သို့)လူနာကို စောင့်ရှောက်ပေး မယ့်သူများအနေနဲ့ ကြိုတင် ပြင်ဆင် ထားဖို့လိုပါတယ်။

ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ရန်

  • လုံလောက်စွာအိပ်စက်အနားယူခြင်း
  • နေ့စဉ် အစာအုပ်စု ၅မျိုးပါဝင်မျှတအောင်စားခြင်း
  • ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
  • မိမိ၏ပတ်ဝန်းကျင်ကို အကောင်းမြင်ရှုထောင့်ကနေ ကြည့်ခြင်း
  • တရားထိုင်ခြင်း
  • တွေးခေါ်စဉ်းစားမှုမပါတဲ့ကိစ္စတွေချည်းပဲလုပ်ပြီးသက်သက်သာသာ နေတာထက်စာရင် ဦးနှောက်အလုပ်ပေး ဥာဏ်ကစားရတဲ့ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေကို များများလုပ်ပေးခြင်း
  • လူ့အသိုင်းအဝိုင်းမှ ရှောင်ဖယ်မသွားခြင်း
  • အားနေရင် လုပ်စရာအလုပ်များ ရှာကြံလုပ်နေခြင်းဖြင့် အလုပ်ရှုပ်နေစေခြင်း
  • စိတ်အားမြှင့်တင်ပေးတဲ့ ကိစ္စတွေကို ဆောင်ရွက်ခြင်း။

ကဲ.. အခုတော့ ဖော်ပြပါ ကျန်းမာရေးစိန်ခေါ်မှုကြီးလေးခုရဲ့ နောက်ကွယ်က လက်မဲကြီးတွေဖြစ်တဲ့ နေထိုင်စားသောက်မှု အမူအကျင့်တွေ၊ အရက်သောက်တာတွေ၊ ဆေးလိပ်သောက်တာတွေ၊ စိတ်ဖိစီးမှုကိုမွေးမြူထားတာတွေ စတာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီးပါပြီ။ ဒါကြောင့် အသက်ကြီးလာချိန်မှာ ဒီလိုရောဂါတွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘ၀နေထိုင်မှုပုံစံအတိုင်း နေထိုင်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း၊ အရက်၊ ဆေးလိပ် သောက်သုံးတာတွေ မလုပ်ခြင်း စတာတွေ အပြင် စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကိုလည်း ရှာဖွေတတ်ဖို့ လိုပါတယ်။ ဒါ့အပြင် ပုံမှန် / ဆရာဝန် ညွှန်ကြားတဲ့အခါတိုင်း ကျန်းမာရေးစစ်ဆေးမှုကို မပျက်မကွက်လုပ်ဆောင်ဖို့လည်း အရေးကြီးတာကြောင့် မမေ့ပါနဲ့ လို့ စိတ်ရောကိုယ်ပါ ကျန်းမာသက်ရှည်ပါစေကြောင်း နည်းလမ်းကောင်းများကို အကြံပြုဝေမျှလိုက်ရပါတယ်…။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။