ကြိုတင်စစ်ဆေးအမျိုးသားကျန်းမာရေး

ကြိုတင်စစ်ဆေးအမျိုးသားကျန်းမာရေး

အနှစ်ချုပ်

  • လူတစ်ယောက်ဟာမွေးကတည်းက ကျန်းမာရေးစစ်ဆေးမှုများလုပ်ရပါတယ်။  ကျန်းမာရေးကောင်းပြီး ကြီးကြီးမားမားရောဂါမရှိတဲ့ အရွယ်ရောက်ပြီးသားအမျိုးသားတွေဟာ အသက်(၃၀) လောက်ကစပြီး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
  • မျိုးရိုးလိုက်ကင်ဆာရောဂါစစ်ဆေးခြင်း (Oncogenetic Screening) ဆိုတာ မိသားစုဝင်များထဲမှာ ကင်ဆာရောဂါရှိဖူးတဲ့ ရာဇဝင်ရှိသူများ (သို့မဟုတ်) ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားသူများအတွက် ကင်ဆာရောဂါဖြစ်ပွားနိုင်မှု ရှိ မရှိ စစ်ဆေးတဲ့ နောက်ဆုံးပေါ်နည်းပညာဖြစ်ပါတယ်။

အသက်(၁၈)နှစ်အထက်အမျိုးသားများအတွက်အခြေခံကျန်းမာရေးစစ်ဆေးမှုများ

ကျန်းမာရေးနဲ့ပတ်သက်လာပြီဆိုရင် အသက်အရွယ်နဲ့ ကျား မ စတာတွေက သိပ်ပြီးအရေးမပါလှ ပါဘူး။ ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးဟာ မွေးဖွား ခဲ့စဉ်တုန်းကထက် တဖြည်းဖြည်းယိုယွင်းဆုတ်ယုတ်လာတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်ကနေစပြီး ကျန်းမာရေးစစ်ဆေးမှု ဆိုတာ လိုအပ်လာပါပြီ။ လူ့လောကထဲကိုစရောက်လာတာနဲ့တစ်ပြိုင်နက် မွေးကင်းစကလေးငယ်များကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရန်အတွက် ဆရာဝန်များက ချက်ချင်း ဆိုသလိုခေါ်ဆောင်သွားတာကို မြင်ဖူးကြမှာပါ။  ဒီလိုစစ်ဆေးမှုတွေမှာ အနည်းဆုံးတော့ ကလေးငယ်ရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်တိုင်းခြင်း ၊ ကြီးထွားဖွံ့ဖြိုးလာမှုနဲ့ ဘာသာစကားတိုးတက်မှုကိုဆန်းစစ် ခြင်း တို့အပြင် ရောဂါကာကွယ်ဆေးထိုးခြင်းများလည်း ပါဝင်ပါတယ်။ 

လူငယ်တစ်ယောက်ဟာ ဆိုးဆိုးရွားရွားမွေးရာပါရောဂါမရှိ ၊ ကျန်းမာသန်စွမ်းတယ်ဆိုရင် အသက်(၃၀) လောက်ထိ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ဖို့ မလိုလောက်ပါဘူး။ ဒါပေမယ့် မိသားစုမှာ နှလုံးသွေးကြောကျဉ်းရောဂါ ၊ ကိုလက်စ်ထရောများခြင်း ၊ သွေးတိုးရောဂါ စတဲ့ သတိထားရမယ့် ကျန်းမာရေးပြဿနာရာဇဝင်တွေရှိတဲ့ သူတွေအတွက် အသက်(၁၈)နှစ်လောက်ဆိုရင် ကျန်းမာရေး စစ်ဆေးမှု လုပ်ထားသင့်ပါတယ်။ လူတစ်ယောက်မှာ ကျန်းမာရေးစစ်ဆေးမှုကို ဘယ်နှကြိမ်လုပ်ရ မယ်ဆိုတာကတော့ သူ့ရဲ့သက်တမ်း တစ်လျှောက်လုပ်ခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှု ရလဒ်တွေအပေါ် မူတည်ပါတယ်။ တကယ်လို့ ကျန်းမာရေးပြဿနာ (သို့မဟုတ်) ပိုဆိုးလာနိုင်တဲ့ကျန်းမာရေးပြဿနာ တွေဖြစ်လာနိုင်တဲ့ အခြေအနေ တွေ ရှိခဲ့မယ်ဆိုရင်(၃)လ ကနေ (၆) လ တစ်ခါခြား ကျန်းမာရေး စစ်ဆေးမှုလုပ်သင့်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်နိုင်ခြေမရှိဘူးဆိုရင် (၁)နှစ် ကနေ (၃) နှစ်ခြား တစ်ခါ ကျန်းမာရေးစစ်ဆေးမှုလုပ်ရုံနဲ့ လုံလောက်ပါပြီ။

အသက်(၁၈)နှစ်အထက်အမျိုးသားများအတွက်အခြေခံကျန်းမာရေးစစ်ဆေးမှုများ:

၁ ။ ကျန်းမာရေးနှင့်ပတ်သက်သည်များကိုဆရာဝန်နှင့်မေးမြန်းဆွေးနွေးခြင်း

၂ ။ သွေးပေါင်ချိန်စစ်ဆေးခြင်း

၃ ။ မျက်စိစစ်ဆေးခြင်း

၄ ။ Complete Blood Count(CBC) ခေါ် သွေးတွင်းရှိသွေးဥများ၏နှုန်းကိုတိုင်းတာခြင်း

၅ ။ သွေးတွင်းသကြားဓာတ်ပမာဏစစ်ဆေးခြင်း (ဆီးချိုရောဂါအတွက်စစ်ဆေးသည်)

၆ ။ ကိုလက်စ်ထရော(အဆီဓာတ်)ပမာဏစစ်ဆေးခြင်း ( စုစုပေါင်းကိုလက်စ်ထရောပမာဏ ၊ ကောင်းသောကိုလက်စ် ထရော ၊ မကောင်းသောကိုလက်စ်ထရော ၊ triglycerides ခေါ်သွေးတွင်းအဆီဓာတ် တစ်မျိုး စသည်တို့ကိုစစ်ဆေးသည်)

၇ ။ အသည်းလုပ်ဆောင်ချက်များစစ်ဆေးခြင်း

၈ ။ ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း

၉ ။ ယူရစ်အက်ဆစ်ပမာဏစစ်ဆေးခြင်း (ဂေါက်ရောဂါအတွက်စစ်ဆေးသည်)

၁၀ ။ ဆီး နှင့် ဝမ်း စစ်ဆေးခြင်း

၁၁ ။ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း

၁၂ ။ ဝမ်းဗိုက်အပေါ်ပိုင်းနှင့်အောက်ပိုင်းကိုအာထရာစောင်းဖြင့်ကြည့်ရှုစစ်ဆေးခြင်း

 

ထပ်မံစစ်ဆေးမှုများ

  • အသည်းရောင်အသားဝါ အေ ၊ အသည်းရောင်အသားဝါ ဘီ ခုခံအားကိုစစ်ဆေးခြင်း။  (အဆိုပါဆေးစစ်ခြင်းကိုတစ်ခါမှ မလုပ်ဖူးသူများအတွက်)
  • လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကိုစစ်ဆေးခြင်း။ ( အကာအကွယ်မပါဘဲ လိင်ဆက်ဆံဖူး သူများ ၊ လိင်ဆက်ဆံဖော်မကြာခဏပြောင်းလဲတတ်သူများအတွက်)
  • သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးခြင်း။ (ခံတွင်းကျန်းမာရေးကို ဦးစားပေးဂရုစိုက်သူများအတွက်)
  • Body Mass Index(BMI)ခေါ် ခန္ဓာကိုယ်အလေးချိန်စံသတ်မှတ်ချက်စစ်ဆေးခြင်း။ (ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်နှင့်အလေးချိန်ကိုဂရုပြုထိန်းသိမ်းဖို့လိုအပ်သူများအတွက်)
  • ကင်ဆာဖြစ်ကြောင်းညွှန်းဆိုန်ိုင်တဲ့ သွေးဓာတ်ခွဲစစ်ဆေးမှုများနဲ့ ကင်ဆာရောဂါစစ်ဆေးခြင်း။ (ဓာတုပစ္စည်း(သို့)လေထုညစ်ညမ်းမှုနှင့်အမြဲထိတွေ့နေရသူများ ၊ မီးနှင့်ကင်သောအစားအစာ ပုံမှန်စားလေ့ရှိသူများ ၊ ပုံစံ(သို့)အရွယ်အစားပြောင်းလဲသွားသောမှဲ့ရှိသူများ ၊ မိသားစုတွင် ရောဂါရာဇဝင်ရှိသူများအတွက်)
  • ဆီးကျိတ်နဲ့ ဆီးကျိတ်ကင်ဆာစစ်ဆေးခြင်း။ (အသက်(၄၅)နှစ်အထက် အမျိုးသားများ)
  • အသက် (၄၅)နှစ်အထက်အမျိုးသားများအတွက် နှလုံးသွေးကြောဆိုင်ရာရောဂါစစ်ဆေးမှုများ။  (အဆိုပါစစ်ဆေးမှုများတွင် နှလုံးခုန်နှုန်း သွေးပေါင်ချိန်စသည့် ခံနိုင်ရည်စွမ်းစစ်ဆေးခြင်း(Stress Test ) ၊ နှလုံးကြွက်သားလုပ်ဆောင်မှု စစ်ဆေးခြင်း (Echo Stress Test ) ၊ နှလုံးခုန်နှုန်းနှင့်လှုံ့ဆော်မှု စစ်ဆေးခြင်း(Electrocardiogram Assessment) သို့မဟုတ် Ankle Brachial Index (ABI) ခေါ်ခြေထောက်နှင့်လက်သွေးကြောနှိုင်းယှဉ်စစ်ဆေးသည့် ကိရိယာဖြင့် နှလုံးသွေးကြောကျဉ်းခြင်း ကိုစစ်ဆေးခြင်းများပါဝင်သည်)
  • အသက်(၅၀)နှစ် အထက် အမျိုးသားများအတွက် (၅)နှစ်တစ်ကြိမ်  အူမကြီး အတွင်းကြည့် မှန်ပြောင်းဖြင့်စစ်ဆေးခြင်း။ (Colonoscopy)
  • အသက်(၅၀)နှစ်အထက်အမျိုးသားများအတွက် အရိုးတွင်းကယ်လ်ဆီယမ်သိပ်သည်းဆ (Bone Mineral Density) တိုင်းတာစစ်ဆေးခြင်း။
  • မိမိရဲ့ကိုယ်ပိုင် သီးခြားလေ့ကျင့်ခန်းလုပ်နိုင်စွမ်း ကို တိတိကျကျသိချင်တဲ့ သူတွေအတွက် Vo2 Max ( လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ချိန်အများဆုံးအသုံးပြုသောအောက်ဆီဂျင်ပမာဏ) စစ်ဆေးခြင်း။
  • ဟော်မုန်းကြီးထွားရင့်သန်လာမှုဖြစ်စဉ် တုန့်နှေးဖို့စိတ်ဝင်စားတဲ့ အသက်(၄၀)အထက် အမျိုးသားများ အတွက် ကျားလိင်ဟော်မုန်း(Testosterone) နဲ့ အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးသောဟော်မုန်း        ( Anti-aging Hormone) ပမာဏ စစ်ဆေးခြင်း။
  • အာဟာရချို့တဲ့ခြင်းကိုသီးခြားဆန်းစစ်လိုသူများ (သို့မဟုတ်) ကိုယ်ပိုင် စားသောက်မှုပုံစံတစ်ခု သတ်မှတ်ရေးဆွဲလိုသူများအတွက် ဗီတာမင်နဲ့သတ္တုဓာတ်(Vitamin and Mineral) ပမာဏ စစ်ဆေးခြင်း။
  • တုပ်ကွေးရောဂါကာကွယ်ဆေးနှစ်စဉ်ပုံမှန်ထိုးနှံခြင်း။
  • ဆုံဆို့နာ(Diphtheria) ၊ မေးခိုင်ရောဂါ(Tetanus) ၊ ကြက်ညှာချောင်းဆိုးရောဂါ(Pertussis) ကာကွယ်ဆေးကို (၁၀)နှစ်တစ်ကြိမ်ထိုးခြင်း။
  • ကာကွယ်ဆေးလုံးဝမထိုးဖူးသူများအတွက် ဝက်သက် ၊ ဂျိုက်သိုးနှင့် ပါးချိတ်ရောင်ရောဂါကာကွယ် ဆေး (MMR Vaccination) ထိုးခြင်း။
  • အသက်(၆၀)နှစ်အထက်ရှိသူများအတွက် ရေယုန်ရောဂါကာကွယ်ဆေး (Shingle Vaccination)ထိုးခြင်း။
  • မျိုးရိုးလိုက်သောကင်ဆာရောဂါများစစ်ဆေးခြင်း (Onconenetic Screening) ။ ( မိသားစုဝင်ထဲတွင် ရောဂါဖြစ်ပွား သူ ရှိခြင်း (သို့မဟုတ်) မိသားစုဝင်ထဲတွင်ရောဂါကြောင့် သေဆုံးခြင်း ရှိဖူးသူများအတွက်)
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။