"ဗိုက်ထဲမှာ အောင့် အောင့် နေလို့..." (အစာအိမ်နှင့် အူလမ်းကြောင်း ဘက်တီးရီးယားပိုးဝင်ခြင်း)

"ဗိုက်ထဲမှာ အောင့် အောင့် နေလို့..."  (အစာအိမ်နှင့် အူလမ်းကြောင်း ဘက်တီးရီးယားပိုးဝင်ခြင်း)

အနှစ်ချုပ်

  • H.Pylori ဆိုတာ Gastritis "ဂက်စထြိတ်"လို့ အများခေါ်နေကြတဲ့ အစာအိမ်နာခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။သူတို့ဟာ အစာအိမ်နံရံတွေမှာ တွယ်ကပ်နေကြပြီး အယ်လ်ကာလီ Alkaline ဓာတ်ပစ္စည်းတွေ ထုတ်လုပ်ကာ သူတို့ကိုယ်သူတို့ ကာကွယ်ထား ကြပါတယ်။ လူနာရဲ့ အူချောင်းအတွင်းမှာလည်း ရှိတတ်ကြပြီး ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဘာလက္ခဏာမှ မပြဘဲလည်း နေလေ့ ရှိပါတယ်။
  • နာတာရှည် အစာအိမ်နာခြင်းဟာ အစာအိမ်မှာ အနာဖြစ်တာ ဒါမှမဟုတ် အူလမ်းကြောင်း ပြည်တည်နာ ဖြစ်လာတတ်ပြီး အစာအိမ်ကင်ဆာဖြစ်ဖို့ လမ်းကြောင်းဘက်ကို ဦးတည်ပါတယ်။
  • တကယ်လို့ အစာအိမ်နာကျင်မှုဝေဒနာမျိုး၊ အစာစားပြီးလေပွခြင်း၊ လေချဉ်တက်ခြင်း နဲ့ တခြား အစာအိမ်နာတဲ့ဝေဒနာမျိုးတွေ ခံစားနေရလို့ ဆေးသောက်တာတောင် ၂ပတ် ၃ပတ်လောက်ပဲ သက်သာပြီး ပြန်ဖြစ်လေ့ရှိတယ်ဆိုရင်တော့ (H-Pylori) ဘက်တီးရီးယား ရှိမရှိ စစ်ဆေးရှာဖွေ သင့်ပါတယ်။

အများစု ခံစားနေရတဲ့ အစာအိမ်နာခြင်း၊ အစာမကြေခြင်းနဲ့ အစာစားပြီး လေပွ လေကယ်ခြင်းများဟာ သာမန် အစာအိမ်ဝေဒနာတွေလို လုံးဝသက်သာသွားခြင်းမျိုးမရှိဘူးဆိုရင် အဲဒီ အစာအိမ်ရောဂါဟာ ပျောက်နိုင်ခဲတဲ့ နာတာရှည်အစာအိမ်နာမျိုးလား ဒါမှမဟုတ် အစာအိမ်ကင်ဆာအထိ ဖြစ်ပွားနိုင်ခြေရှိမှာလားဆိုတာကို ဒီနေ့ခေတ်မှာတော့ စမ်းသပ်စစ်ဆေးသိရှိနိုင်နေပြီဖြစ်ပါတယ်။

H. pylori (Helicobacter pylori) ဘက်တီးရီးယားအကြောင်း

အပူပိုင်းဒေသပေါက် ဘက်တီးရီးယားတွေဟာ သေသေချာချာချက်ပြုတ်မထားတဲ့ အစားအစာတွေကတစ်ဆင့် လူ့အစာအိမ်နဲ့ အူလမ်းကြောင်းထဲကို ဝင်ရောက်နိုင်ပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ရေ၊ ညစ်ပေတဲ့လက်၊ ပေကျံညစ်ပတ်နေတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ အစားအစာချက်ပြုတ်ပြင်ဆင်စားသောက်ရာမှလည်း ဝင်ရောက်တတ်ပါတယ်။

ယေဘုယျအားဖြင့် ညစ်ညမ်းအစားအစာများမှာ ပါဝင်လာတဲ့ ပိုးတွေကို တိုက်ဖျက်ဖို့ အစာအိမ်မှ အက်ဆစ်ဓာတ်များ ထုတ်ပေးလေ့ရှိပါတယ်။ တော်ရုံတန်ရုံဘက်တီးရီးယားတွေဆို အက်ဆစ်က ဖျက်ဆီးပစ်လိုက်တဲ့အတွက် အစာအိမ်ထဲမှာ အသက်မရှင်နိုင်ကြပါဘူး။ ဒါပေမယ့် H.Pylori ဆိုတဲ့ ဘက်တီးရီးယားကတော့ အစာအိမ်နံရံတွေမှာ တွယ်ကပ်နေကြပြီး အယ်လ်ကာလီ Alkaline ဓာတ်ပစ္စည်းတွေ ထုတ်လုပ်ကာ အစာအိမ်အက်ဆစ်ကို ဓာတ်ပြယ်စေပြီး သူတို့ကိုယ်သူတို့ ကာကွယ်ထားကြပါတယ်။ သူတို့ဟာ လူနာရဲ့ အူချောင်းအတွင်းမှာလည်း ရှိတတ်ကြပြီး ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဘာလက္ခဏာမှ မပြဘဲလည်း နေလေ့ ရှိပါတယ်။

ဒါ့အပြင် ရုတ်တရက်ပိုးဝင်ခြင်း (သို့မဟုတ်) အစာအိမ်ထဲမှာ ဘက်တီးရီးယားတွေ ပမာဏအများကြီး စုမိနေ ခြင်း စတဲ့အခြေအနေမျိုးတွေမှာဆိုရင် ဗိုက်နာခြင်း၊ ဖျားခြင်း၊ အော့အန်ခြင်း စတဲ့ အစာအိမ်နာတဲ့ လက္ခဏာနဲ့ ဆင်တူတဲ့ ဝေဒနာတွေကို ခံစားရမှာဖြစ်ပြီး မကြာခင်မှာဘဲ အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါဟာ အစာအိမ်ရောင်ရမ်းခြင်းကို ခန္ဓာကိုယ်က အလိုအလျောက်တုံ့ပြန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် H.Pylori ဘက်တီးရီးယားတွေ သေကုန်တဲ့အထိတော့ မရနိုင်ပါဘူး။ သူတို့ဟာ အစာအိမ်နံရံတွေထဲမှာ ပုန်းအောင်းနေ ကြလို့ပဲဖြစ်ပါတယ်။ ပြီးတော့ ပိုးအကောင်ရေ နည်းနေသေးရင်လဲ အဆိုပါ ဝေဒနာတွေ ခံစားရမှာမဟုတ်ပါဘူး။ ဒီကောင်တွေဟာ အစာအိမ်နံရံအောက်ထဲမှာ ခို နေပြီး နာတာရှည်အစာအိမ်ရောဂါ ဖြစ်လောက်တဲ့ ပမာဏအထိ တိုးပွားလာဖို့အတွက် အယ်လ်ကာလီဓာတ်တွေထုတ်လုပ်ကြပါတယ်။ ရောဂါလက္ခဏာကတော့ ပြချင်လဲ ပြတယ်။ မပြဘဲ နေချင်လဲ နေတတ်ပါတယ်။

တကယ်လို့ နာတာရှည်အစာအိမ်နာကို ခံစားနေရပြီဆိုရင်တော့ အစာအိမ်နံရံတွေဟာ စတင်ပျက်စီးလာပြီး အားတွေ ယုတ်လျော့လာပါတယ်။ အစာအိမ်နဲ့ အူ မှာ အနာဖြစ် လာပြီးတော့ အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ လမ်းကြောင်းဘက်ကို ဦးတည်လာပါတော့တယ်။ တကယ်လို့ လူနာဟာ Antacid ဆိုတဲ့ အစာအိမ် အက်ဆစ် လျော့နည်းစေတဲ့ဆေးကို ၂နှစ်အထိ သောက်ထားပြီး အဆိုပါဝေဒနာမျိုး ၇၀-၈၀% အထိ ပြန်ပေါ်လာတယ် ဆိုရင် ဆရာဝန်အနေနဲ့ H.pylori ဘက်တီးရီးယား ရှိမရှိ စစ်ဆေးရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မလုပ်မဖြစ် လုပ်ရမယ့် အလုပ်တစ်ခုဖြစ်ပြီး တကယ်လို့ ပိုးတွေ့လို့ ကုသပေးလိုက်ပြီဆိုရင် ပြန်ဖြစ်နိုင်ချေကို ၄ မှ ၇% အထိ လျှော့ချနိုင်ပါတယ်။

ရောဂါလက္ခဏာများ

ပိုးရှိနေတဲ့လူနာအများစုဟာ ထူးထူးခြားခြားရောဂါလက္ခဏာ ပြတာမျိုး မရှိပေမယ်လို့ အစာမကြေခြင်း၊ အစာစားပြီး ဗိုက်ကယ် ဗိုက်ပွခြင်း၊ ဗိုက်နာခြင်း စတဲ့ ဝေဒနာတွေနဲ့ ဆရာဝန်ဆီကို မကြာခဏ ရောက်လေ့ရှိပါတယ်။ တကယ်ကတော့ အဲဒါသည်ပင်လျှင် ရောဂါရဲ့ လက္ခဏာတွေပါပဲ။ ဆေးသောက်လိုက် ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ ၂ပတ်က နေ ၃ ပတ် ဖြစ်လာရင်တော့ H.pylori ပို ရှိမရှိ စစ်ဆေးဖို့ ရက်ချိန်းယူသင့်ပါတယ်။

(H.pylori) ဘက်တီးရီးယားပိုးဝင်ရောက်နိုင်သည့် အန္တရာယ်ရှိသောလမ်းစများ

အသက်အရွယ်မရွေး / ကျား မ မဟူ လူတိုင်းမှာ H.pylori ဘက်တီးရီးယားပိုး ဝင်ရောက်ချေရှိသော်လည်း ရောဂါလက္ခဏာကတော့ ပြချင်လဲ ပြတယ်။ မပြဘဲ နေချင်လဲ နေတတ်ပါတယ်။ အောက်ပါ အချက်တွေ ကတော့ (H.pylori) ဘက်တီးရီးယားပိုးဝင်ရောက်နိုင်သည့် အန္တရာယ်ရှိသောလမ်းစများပဲ ဖြစ်ပါတယ်။

  • အစားအစာများကို အစိမ်းစားခြင်း၊ မကျက်တကျက် (သို့မဟုတ်) အချဉ်ဖောက်ထားသော အစားအစာများကို စားသုံးခြင်း၊ ဟင်းသီးဟင်းရွက်များကို ပုံမှန် အစိမ်းစားသုံးခြင်း။
  • မသန့်ရှင်းသော သောက်ရေများ သောက်သုံးခြင်း။
  • မသန့်ရှင်းသော/ ညစ်ပေသော ပန်းကန်ခွက်ယောက်များဖြင့် စားသုံးခြင်း။
  • ရောဂါပိုးရှိသူနှင့် အတူနေထိုင်ခြင်း၊ အတူ အစာစားခြင်း။ (H.pylori ဘက်တီးရီးယားဟာ ရောဂါရှိသူရဲ့ တံတွေး နှင့် ကိုင်တွယ်အသုံးပြုပြီးသား ညစ်ပေနေသော အရာဝတ္ထုများမှ တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။)

(H.pylori) ဘက်တီးရီးယား ရှိမရှိ ရှာဖွေခြင်း

  • မှန်ပြောင်းကြည့်ခြင်း - အနာအမျိုးအစားခွဲခြားရန် နှင့် အစာအိမ်အခြေအနေကို အကဲခတ်နိုင်ရန် အစာအိမ်နှင့် အူလမ်းကြောင်းစနစ်အတွင်းသို့ ပါးစပ်မှတစ်ဆင့် အလွန်သေးငယ်သော ပိုက်ကလေးဖြင့် မှန်ပြောင်းကြည့်ကာ အသားစနမူနာကို ရယူပြီး ဓာတ်ခွဲခန်းပို့၍ အသေးစိတ် စစ်ဆေးနိုင်ပါတယ်။
  • ဝမ်းစစ်ဆေးခြင်း - သွားထားတဲ့ ဝမ်းကို ၄ နာရီအတွင်း စစ်ဆေးရပါတယ်။ ဒါမှလည်း ဘက်တီးရီးယားရှိမရှိ ခြေရာခံနိုင်မှာဖြစ်ပြီး ဘက်တီးရီးယားထဲမှာ ပရိုတိန်းပါဝင်နေမှုကိုလည်း သိနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ရောဂါရှာဖွေခြင်းဟာ ၉၈% စိတ်ချရပါတယ်။
  • အသက်ရှူတာကိုစစ်ဆေးခြင်း - H. pylori ဘက်တီးရီးယား ဟာ ယူရီးယားကို အမိုးနီးယားဓာတ်အဖြစ် ပြောင်းပစ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မစမ်းသပ်ခင် ယူရီးယားကို စားသုံးစေပြီး ရှူထုတ်လိုက်တဲ့လေမှာ အမိုးနီးယားပမာဏ ဘယ်လောက်ပါဝင်သလဲ ဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်။ ပုံမှန် ပါဝင်ရမယ့် အမိုးနီးယားပမာဏနဲ့ နှိုင်းယှဉ်ကြည့်ပြီး ပါဝင်မှုပမာဏ မြင့်မားနေတာဆိုရင်တော့ လူနာရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းစနစ်ထဲမှာ H. pylori ဘက်တီးရီးယား ရှိနေပြီ လို့ တစ်ထစ်ချ မှတ်ယူနိုင်ပါတယ်။ ဒီနည်းလမ်းဟာလဲ အလွန် သေချာပါတယ်။

ဝမ်း (သို့မဟုတ်) အသက်ရှူတဲ့ စစ်ဆေးမှုပြုလုပ်မယ်ဆိုရင် (Antacid) အစာအိမ်ဆေး သောက်နေပါက ၇ရက်မှ၁ဝရက်အထိ ၊ အခြား(Antibiotic) တွေ သောက်နေတာ ရှိပါကလည်း မစစ်ဆေးခင် ၄ပတ် ကြိုတင်ရပ်ထားပေးရပါမယ်။ အဆိုပါဆေးတွေရဲ့ အာနိသင် ဟာ စစ်ဆေးချက် ရလဒ်တွေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေတဲ့အတွက် အဖြေမှန်မရတတ်လို့ပဲ ဖြစ်ပါတယ်။

ကုသမှု

(H.pylori) ပိုးရှိနေတဲ့လူနာကို ကုသမယ်ဆိုရင် ပိုးသတ်ဆေးအတော်များများကို ယဉ်ပါးနေပြီ ဖြစ်တဲ့ ဘက်တီးရီးယားကို နိုင်တဲ့ စပယ်ရှယ်ပိုးသတ်ဆေး Antibiotic တစ်မျိုးကို ဆေးပတ်လည်အောင် တိုက်ရပါလိမ့်မယ်။ ဒါ့အပြင် Antacids (ဒါမှမဟုတ်) Bismuth ကဲ့သို့သော ဆေးတွေကိုလည်း တွဲဖက် ပေးဖို့ လိုအပ်ပါတယ်။ အဆိုပါဆေးတွေကို ၅ ရက် ကနေ တစ်ပတ်- နှစ်ပတ်အထိ ဆရာဝန်က တစ်ဦးချင်းအလိုက် သင့်တော်သလို ညွှန်ကြားတဲ့အတိုင်း သောက်ရပါမယ်။

ထို့အပြင် လူနာဟာ အခြားပိုးရှိသောသူနှင့် အတူနေ အတူစားလျက်ရှိ ပါက ၎င်းလူနာသည်လည်း လိုအပ်တဲ့ စစ်ဆေးကုသမှုများ ခံယူရန်လိုအပ်ပါတယ်။ဒီကနေ့ထိုင်းနိုင်ငံရှိ (H. pylori) ပိုးဝင်ရောက်မှုမှာ လက်ရှိလူဦးရေရဲ့ ၅၀% အောက်ကို သိသာစွာ ကျဆင်းနေပေမယ့် ၃၅% အထိတော့ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီဘက်တီးရီးယားပိုးဟာ အစောပိုင်းကာလများမှာ ဆိုးဆိုးဝါးဝါးအန္တရာယ်မဖြစ်ပေမယ့် မစစ်ဆေးမကုသဘဲထားလိုက်ရင် နာတာရှည်အစာအိမ်ရောင်ခြင်း ကတစ်ဆင့် အချိန်ကြာလာတာနဲ့အမျှ အစာအိမ်ကင်ဆာအသွင်သို့ ပြောင်းလဲသွားနိုင်ချေ ရှိပါတယ်။

တကယ်လို့ အစာမကြေတာ ဗိုက်နာတာတွေအတွက် ဆေးသောက်လည်း မသက်သာဘူးဆိုရင် (H. pylori) ရှိမရှိ စစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် အချဉ်ဖောက်ထားတဲ့အစားအစာတွေ၊ အနီရောင်အသားတွေကို စားသုံးတဲ့သူတွေ၊ အသားအစိမ်းစားတာတွေ၊ ဟင်းသီးဟင်းရွက်ကို မချက်ဘဲ ဒီအတိုင်းစားတာတွေ စတဲ့ အမူအကျင့်ရှိတဲ့သူတွေမှာ ဒီရောဂါပိုး ရှိနိုင်ချေ မြင့်မားတဲ့အတွက် အဆိုပါ အန္တရာယ်ရှိတဲ့ စားသောက်နေထိုင်မှု ပုံစံ တွေကို ဆင်ခြင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။