“အင်အင်း” က ပြောသော သင့် ကျန်းမာရေး…

“အင်အင်း” က ပြောသော သင့် ကျန်းမာရေး…

စိတ်ဝင်စားဖွယ်ရာအချက်များ

  • ဝမ်း စစ်တယ်ဆိုတာ အခြေခံကျတဲ့ ကျန်းမာရေးစစ်ဆေးမှုတစ်ခုပါ။ ဘယ်သူမဆို နေ့စဉ် စစ်ဆေးနိုင်ပါတယ်။
  • ဝမ်း (မစင်တုံး) ဟာ ငှက်ပျောခွံလို အဆင်မျိုးနဲ့ ချောချောမွေ့မွေ့ လည်းရှိမယ်၊ သိပ်လည်း မမာဘူး၊ သိပ်လည်းပျော့မနေဘူးဆိုရင် ကျန်းမာရေးနဲ့ ပြည့်စုံသူတစ်ဦးရဲ့ ဝမ်း လို့ ပြောနိုင်ပါတယ်။
  • တကယ်လို့များ ကိုယ့်သွားလိုက်တဲ့ ဝမ်း ဟာ တစ်ခုခုကြောင့်မဟုတ်ဘဲ ရုတ်တရက် အရောင်အဆင်း၊ အနံ့ နဲ့ ပုံသဏ္ဌာန် ပြောင်းသွားတယ်ဆိုရင် ဆရာဝန်ဆီကိုသွားပြီး လိုအပ်သလို ရောဂါရှာဖွေမှု ပြုသင့်ပါတယ်။

အစားစားလိုက်ပြီဆိုရင် အစာအိမ်ဟာ အစာတွေကိုချေဖျက်ပြီး ရလာတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်အနှံ့ ဖြန့်ဝေပေးလိုက်ပါတယ်။ အဲဒီလုပ်ငန်းပြီးတဲ့နောက် ကျန်ခဲ့တဲ့ စွန့်ပစ်ပစ္စည်းတွေကို ဝမ်းအဖြစ် စွန့်ထုတ်လိုက်ပါတယ်။ ယေဘုယျအားဖြင့် ဝမ်းရဲ့ အရောင်နဲ့ အခြေအနေဟာ စားလိုက်တဲ့ အစာနဲ့ သောက်လိုက်တဲ့ အရည်ပမာဏအပေါ် မူတည်ပြီး ကွဲပြားပါတယ်။

ဒါကြောင့် ဝမ်းရဲ့ အရောင်နဲ့ အခြေအနေကို သေသေချာချာလေ့လာခြင်းအားဖြင့် ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို တွက်ဆရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုအဖြစ် အသုံးချ နိုင်ပါတယ်။ ကိုယ်သွားလိုက်တဲ့ ဝမ်းရဲ့ အရောင်နဲ့ ပုံသဏ္ဌာန်ကို ဂရုတစိုက် ပုံမှန် ဆန်းစစ်ကြည့်ပေးနေဖို့ အရေးကြီးပါတယ်။ ဒါဟာ ထိရောက်ပြီး လွယ်ကူတဲ့အပြင် အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့ ကျန်းမာရေးစစ်ဆေးမှုတစ်ခုပဲ ဖြစ်ပါတယ်။

ဝမ်း(မစင်)ရဲ့ အရောင်

ညိုဝါဝါအရောင် ဆိုရင် ကျန်းမာတဲ့သူတစ်ယောက်ရဲ့ ဝမ်း လို့ ပြောနိုင်ပါတယ်။ ဆိုလိုတာက အစာအခြေစနစ် ကောင်းစွာ အလုပ်လုပ်တယ်ပေါ့။ အစာတွေကို ချေဖျက်ရာမှာ သည်းခြေရည်က ကောင်းကောင်း အလုပ်လုပ်ပေးလိုက်တယ်ဆိုရင် အညိုနုရောင်လေး ထွက်လာတတ်ပါတယ်။ တကယ်လို့ ဝမ်းဟာ အဝါနုရောင်ဖြစ်ပြီး စေးပိုင်ပိုင် ဖြစ်နေမယ်၊ အနံ့စူးစူးကြီးလည်းထွက်နေမယ် ဆိုရင် ဝမ်းထဲမှာ အဆီတွေ ပါနေတယ် လို့ မှတ်ယူနိုင်ပြီး ဒါဟာ သည်းခြေရည်မှာ ပြဿနာတစ်ခုခုရှိနေတယ်ဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အစာခြေစနစ်ကို သက်ရောက်မှုတစ်ခုခု ရှိနေတယ် လို့ ဆိုနိုင်ပါတယ်။ အူကနေပြီး အာဟာရကို စုပ်ယူတဲ့အပိုင်းမှာ ဖြစ်နေတာပါ။ ဒါမျိုး ရက်အနည်းငယ်ကြာတဲ့အထိ ဆက်တိုက် ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေး တိုင်ပင်သင့်ပါတယ်။

အစိမ်းရောင်သန်းနေတယ်ဆိုရင် အစိမ်းရောင် ဟင်းသီးဟင်းရွက် အစားများလို့ ဖြစ်တာပါ။ တကယ်လို့ ဝမ်းသွားရာမှာ နည်းနည်း အရှိန်နည်းနည်းပါနေတယ်ဆိုရင်တော့ အီးပန်းချင်လို့ ဒါမှမဟုတ် သောက်ထားတဲ့ ဆေးတစ်ခုခုကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်။

အမဲရောင်ဘက်သန်းနေရင် သတိသာထားပေတော့။ အစာခြေစနစ်အထက်ပိုင်းမှာ သွေးယိုစိမ့်မှု တစ်ခုခု ဖြစ်နေတဲ့ လက္ခဏာပါ။ အထူးသဖြင့် ကတ္တရာစေးလို အရောင်မျိုးပေါ့။ ဒါမျိုးဖြစ်နေရင်တော့ အစာခြေစနစ်ကို စစ်ဆေးခြင်းကတစ်ဆင့် ဆေးဘက်ဆိုင်ရာကုသမှုတစ်ခုခုကို ချက်ချင်းလုပ်ရတော့ မှာဖြစ်ပါတယ်။ ဒီလို ဝမ်းမည်းမည်းမျိုးလည်း နေ့စဉ်ရက်ဆက် သွားနေမယ်။ ဆရာဝန်နဲ့လည်း ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု ကုသမှု မခံယူဘူးဆိုရင် အူမကြီးကင်ဆာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ်လို့ အသည်းတွေစားတာ၊ သွေးခဲတွေစားတာ၊ ကောက်ညှင်းငချိတ်တို့၊ ပိုးစာသီးတို့ စတာတွေ စားတာ၊ ဒါ့အပြင် သံဓာတ်ပါတဲ့ ဖြည့်စွက်စာတွေ၊ ဝမ်းလျှောတာကို ကုတဲ့ ဆေးတွေသောက်တာ စတာတွေကြောင့်လည်း ဝမ်းမည်းမည်း သွားတတ်ပါတယ် တဲ့။

အနီရောင်ဝမ်းများသွားခြင်း ဒါကတော့ စားလိုက်တဲ့အစာနဲ့ပဲ ဆိုင်ပါတယ်။ beetroot၊ ချဉ်ပေါင်၊ သင်္ဘောသီး၊ ဖရဲသီး စတာတွေ အစားများလို့ ဒါမှမဟုတ် အနီရောင်အရည်တွေ အသောက်များလို့ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ်လို့ အနီရောင်ဝမ်းထဲမှာမှသွေးစလေးတွေ ပါလာတယ် ဆိုရင်တော့ လိပ်ခေါင်း ကြောင့်ဖြစ်နိုင်ပါတယ်။ အစာခြေစနစ် အောက်ပိုင်းမှာ သွေးယိုစိမ့်မှု တစ်ခုခု ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ အူမကြီးနံရံတွေ လောင်နေတာ ဒါမှမဟုတ် ကင်ဆာဖြစ်နေတာ တောင် ဖြစ်နိုင်ပါတယ်။

မီးခိုးရောင် မီးခိုးရောင်ရင့်ရင့် ဆိုရင်တော့ အစာခြေစနစ်အထက်ပိုင်းမှာ သွေးယိုစိမ့်မှု တစ်ခုခု ဖြစ်နေတာ ဖြစ်နိုင်သလို အရောင်မည်းမည်းဆိုရင်တော့ သံဓာတ်ပါတဲ့ ဖြည့်စွက်စာတစ်ခုခုကြောင့် လည်း ဖြစ်နိုင်ပါတယ်။ မွဲခြောက်ခြောက် အရောင် ဆိုရင်တော့ အသည်း ဒါမှမဟုတ် ပန်ခရိယ မှာ တစ်ခုခု ဖောက်ပြန်နေပြီလို့ ဆိုနိုင်ပါတယ်။ မီးခိုးရောင် ဒါမှမဟုတ် ဖြူဖပ်ဖြူရော် အရောင် ဆိုရင်တော့ သည်းခြေအိတ် ပိတ်နေလို့ သည်းခြေရည် လုံလုံလောက်လောက်မရတာ ဒါမှမဟုတ် ပန်ခရိယမှာ တစ်ခုခု ဖြစ်နေခြင်း ဒါမှမဟုတ် ဆေးတစ်မျိုးမျိုး အသောက်လွန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဝမ်း(မစင်)ရဲ့ပုံသဏ္ဌာန်

  • သေးသေး၊ မာကျစ်ကျစ်နဲ့ ကျည်ဆံတောင့်လိုလို ယုန်ချေး လိုလို ပုံသဏ္ဌာန် ဟာ ဝမ်းချုပ်တတ်သူတွေ သွားထားတဲ့ ဝမ်း မျိုး ဖြစ်ပါတယ်။ ခြောက်သွေ့နေတဲ့ ဝမ်း ဟာ စွန့်ထုတ်ပစ်ဖို့ ခက်ခဲပြီး အူမကြီးထဲမှာ အချိန်အကြာကြီး ပိတ်မိနေလို့ပဲ ဖြစ်ပါတယ်။ ဝမ်းချုပ်တယ်ဆိုတာ အမျှင်ဓာတ် အစားနည်းခြင်း၊ အရည် အသောက်နည်းခြင်း နဲ့ ဝမ်းချုပ်စာတွေ စားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်းကို သေသေချာချာ ဂရုမစိုက်ဘဲထားမယ်ဆိုရင် နာတာရှည်ဝမ်းချုပ်ရောဂါဖြစ်လာတတ်ပြီး အထိတောင် အူမကြီးကင်ဆာ ဖြစ်သွားနိုင်ပါတယ်။
  • သေးသေးလေးတွေ၊ ကျည်ဆံလို အတောင့်လေးတွေ အများကြီးဖြစ်နေမယ်ဆိုရင် ဝမ်းချုပ်ခြင်းရဲ့ အခြား လက္ခဏာတစ်ရပ်ပါပဲ။ ဝမ်းမချုပ်စေဖို့ အမျှင်ဓာတ်ပါတဲ့ အစားအစာ များများစားဖို့ လိုပါတယ်။ ရေ များများ သောက်ဖို့ လိုပါတယ်။ ဝမ်းသွားလွယ်စေဖို့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ စိတ်ဖိစီးမှု သိပ်မထားဖို့လည်း လိုပါတယ်။ ဒါမှလည်း ဝမ်းတွေဟာ အူမကြီးထဲမှာ စမြင်းတုံးတွေအဖြစ် ပိတ်ဆို့မနေဘဲ ဝမ်းချုပ်ခြင်းမှလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
  • ဝက်အူချောင်းလို ရှည်မျောမျောနဲ့ မာကျစ်ကျစ်ဖြစ်နေပေမယ့် စွန့်ထုတ်ပစ်ဖို့သိပ် အားမစိုက်ရဘူး ဆိုရင် ယေဘုယျအားဖြင့် ကျန်းမာတယ်လို့ ယူဆနိုင်ပါတယ်။ မာနေတာကတော့ ရေ သောက်နည်း နေတယ်ဆိုတာ ညွှန်ပြနေတာမို့ ရေ/အရည် များများ သောက်ပေးဖို့ လိုတာပါပဲ။
  • ရှည်ရှည်မျောမျော ချောချောမွေ့မွေ့ နဲ့ ငှက်ပျောသီးပုံစံ - သိပ် မပျော့မမာ အနေတော် ဆိုရင်တော့ ပထမတန်းစား အင်အင်း လို့ သတ်မှတ်ပြီး ကျန်းမာရေးနဲ့ အထူး ပြည့်စုံသူ ဖြစ်ပါတယ် တဲ့။
  • အတုံးသေးသေးလေးတွေအဖြစ် စွန့်ထုတ်လိုက်ခြင်း - ဒါမျိုးကိုလည်း ကျန်းမာရေးကောင်းတဲ့သူ လို့ သတ်မှတ်နိုင်ပါသေးတယ်တဲ့။ ဒါမျိုးဟာ သတ္တုဓာတ်နည်းနေတဲ့သူ၊ အမျှင်ဓာတ် ချို့တဲ့နေတဲ့သူ စတဲ့သူမျိုးတွေ ဖြစ်နေတတ်ပြီး ဝိတ်ကျ နေသူ ဖြစ်နေတတ်ပါတယ်။ ဒါမှမဟုတ် သူ့ဟာသူ ဝိတ်ချနေတာလည်း ဖြစ်နိုင်တာပါပဲ။
  • အတုံးတစ်ပိုင်း အရည်တစ်ပိုင်း သွားခြင်း - ပျော့ပြဲပြဲနဲ့ သွားရတာ လွယ် နေတယ်ဆိုရင်တော့ မကြာခင်မှာ ဝမ်းလျှောတော့မယ့် လက္ခဏာပါပဲ။ အူမကြီးထဲမှာ ဘက်တီးရီးယား မညီမျှမှု ဖြစ်နေတယ်။ အရည်တွေချည်းပဲ ခဏခဏ သွားနေတာဆိုရင်တော့ ခန္ဓာကိုယ်တွင်း အရည်ဓာတ် ခန်းခြောက်ခြင်းနဲ့ အာဟာရဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်လာတော့မှာပါ။ မျှတပြီး ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ အစာအုပ်စုငါးမျိုးလုံးပါဝင်တဲ့ စားသောက်မှုပုံစံနဲ့ စားသုံးခြင်းနဲ့အတူ ဒိန်ချဉ်သောက်ပေးခြင်းဖြင့် အူမကြီးတွင်း ဘက်တီးရီးယားမညီမျှမှုကို ပြန်လည် ထိန်းညှိပေးနိုင်ပါတယ်။
  • အရည်တွေချည်းပဲသွားနေတာ ဆိုရင်တော့ ဝမ်းလျှောတယ်လို့ ခေါ်ပါတယ်။ ဆိုလိုတာကတော့ အူမကြီးမှာ နေမကောင်းဖြစ်နေပြီလို့ ဆိုတာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ အီလက်ထရိုလွိုက်လို့ ခေါ်တဲ့ ဓာတ်ဆားရည် နဲ့ ရေ ကို မကြာခဏ သောက်ပေးဖို့ လိုပါတယ်။ ဒီလိုအနေအထားမျိုးနဲ့ တစ်ပတ် ကျော်လာပြီဆိုရင်တော့ ဆေးခန်းပြဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

မိမိသွားထားတဲ့ ဝမ်း ကို အမြဲစစ်ဆေးပေးခြင်း

လူတိုင်းလုပ်နိုင်တဲ့ အခြေခံကျတဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ထဲက တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် fecal immunochemical test (FIT) ကို အသုံးပြုပြီးတော့လည်း ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။ ဒါဟာ ဝမ်းထဲမှာ သွေးပါ မပါ စစ်ဆေးပေးတာ ဖြစ်ပြီး အဲဒီကနေ ကျန်းမာရေး ဖောက်ပြန်မှုများစွာကို ရှာဖွေတွေ့ရှိနိုင်ဖို့ အဓိကကျတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ သွားလိုက်တဲ့ ဝမ်းထဲမှာ မသင်္ကာစရာ တစ်ခုခုတွေ့ပြီဆိုတာနဲ့ ဖြစ်နိုင်ချေရှိတဲ့ အစားအစာတွေ စားသုံးမှုကို ရပ်တန့်ရပါမယ်။ နောက် နှစ်ရက် သုံးရက်ကြာရင် ထပ်ပြီး စစ်ဆေးကြည့်ရပါမယ်။ အဲဒီ အချိန်အထိ ပုံမှန်မဟုတ်တဲ့ဟာတွေ ရှိနေသေးတယ်ဆိုရင်တော့ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုနဲ့ စေ့စပ်သေချာတဲ့ ရောဂါရှာဖွေမှုတွေ လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မစင်တုံးရဲ့ ပုံသဏ္ဌာန်ဟာ အကြောင်းမရှိဘဲ ပုံပြောင်းသွားတာ၊ ပုံမှန် ပါ နေကျထက် ဆိုက်သေးသွားတာ၊ တိရစ္ဆာန်တစ်ကောင်ကောင် ရဲ့ မစင်နဲ့ တူနေတာ စတာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ရောဂါ ရှာဖွေဖို့ လိုအပ်ပါတယ်။ အူလမ်းကြောင်းမှန်ပြောင်းကြည့်တာ အပါအဝင် ပေါ့။ ဒါတွေအပြင် နှစ်စဉ် ကျန်းမာရေး ပုံမှန်စစ်ဆေးပေးတာဟာလည်းပဲ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်ပြီးတော့ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုတွေကို သိပ်မကြီးထွားခင်မှာ ရှာဖွေတွေ့ရှိနိုင်ပြီး ဆိုးဆိုးရွားရွား အခြေအနေမရောက်မီ အချိန်မီ တားဆီးနိုင်မှာပဲ ဖြစ်ပါတယ်။

ပုံမှန်ကျန်းမာရေးစစ်ဆေးပေးခြင်း

မှန်ပြောင်းကြည့်လုပ်ထုံးလုပ်နည်းတွေဟာ အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ဆစ်မီတဝေ့ဆေးရုံကြီးဟာ SANO Hospital in Japan – an institution with world-leading expertise in all related GI endoscopies နဲ့ ပူးပေါင်းပြီး  ဂျပန်နည်းပညာ များကို ထိုင်းနိုင်ငံသို့ ယူဆောင်လာခဲ့ခြင်းဖြင့် တိကျမှန်ကန်တဲ့ ရောဂါရှာဖွေမှုကို နှစ်ဆတိုးမြှင့် နိုင်ခဲ့တဲ့အပြင် အူလမ်းကြောင်းထဲက အသားပိုတွေကို ကင်ဆာအဆင့် မရောက်ခင်မှာ ရှာဖွေတွေ့ရှိ ဖယ်ထုတ်နိုင်နေပြီဖြစ်ပါကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ရပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။