သားအိမ်ထဲမှာ အလုံးတည်တာ စိုးရိမ်စရာလား။

သားအိမ်ထဲမှာ အလုံးတည်တာ စိုးရိမ်စရာလား။

“ သားအိမ်ထဲကအလုံး “ – အမလေး.. ကြားလိုက်ရတာနဲ့တင် အမျိုးသမီးတိုင်း ရင်ထဲမှာ ထိတ်ခနဲ ဖြစ်ကြရပါတယ်။ တကယ်လည်း သက်လတ်ပိုင်း (အထူးသဖြင့် သားသမီးမွေးဖွားတဲ့အသက်အရွယ်) အမျိုးသမီးများအကြား အဖြစ်များတယ်ဆိုပေမယ့် ထင်သလောက်တော့လည်းမဆိုးရွားပါဘူး။ ကုဖို့လည်း မခက်ပါဘူး။

သားအိမ်ထဲကအလုံးဆိုတာ ဘာလဲ

သားအိမ်နံရံမှာရှိတဲ့ကြွက်သားမျှင်လေးတွေကနေအလိုအလျောက်ကြီးထွားလာတဲ့ အသားပိုအလုံးအကြိတ်လေးတွေပဲ ဖြစ်ပါတယ်။ (တစ်ခါတစ်ရံ ရိုးတံလေးနဲ့ အညှာရှိတဲ့အသီးလုံးလေးလိုမျိုးလည်း ဖြစ်နေတတ်ပါတယ်။) အသားပိုပုံစံနဲ့ အကျိတ် ဖြစ်နိုင်ပါတယ်။ သက်ရွယ်မရွေး အမျိုးသမီးတွေမှာ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးငယ်လေးတွေမှာတောင် တွေ့ရတတ်ပါတယ်။ အဖြစ်အများဆုံးကတော သက်လတ်ပိုင်း (အိမ်ထောင်ပြုနိုင်တဲ့အရွယ်)တွေပဲဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ အမျိုးသမီးတိုင်းမှာ ဖြစ်နိုင်တယ်လို့ ဆိုနိုင်ပြီး ထပ်ရှင်းပြရရင် သက်ရွယ်မရွေး အမျိုးသမီးတိုင်းမှာ ဖြစ်လာနိုင်ပါတယ်။

သားအိမ်ထဲမှာ အလုံးတည်ခြင်းရဲ့ လက္ခဏာများ

မူမမှန်သွေးဆင်းခြင်းကတော့ သားအိမ်အလုံးရဲ့ ပဏာမလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ တည်နေတဲ့ နေရာနဲ့ အရွယ်အစားပေါ်မူတည်ပြီး လူနာတစ်ယောက်နဲ့တစ်ယောက် လက္ခဏာပြတာ ကွာခြားပါတယ်။ တခြားအဖြစ်များ တာကတော့ ဝမ်းဗိုက်အောက်ပိုင်းမှာ အောင့်ခြင်းနဲ့ ခါးကိုက်ခြင်းတို့ပါပဲ။ ရာသီလာစဉ် ကိုက်ခဲမှု ပြင်းထန်ရင်တော့ နာကျင်မှုသက်သာစေတဲ့ ဆေးသောက်ဖို့ လိုအပ်မှာဖြစ်ပြီး နာကျင်နေတဲ့နေရာမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွင် ပုံမှန် အလုပ် မလုပ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အလုံးဟာ ဆီးအိမ်ကို ဖိမိနေရင် ဆီးမကြာခဏ သွားတာကိုလည်း တွေ့နိုင်ပါတယ်။ ဒါတွေဟာ စောင့်ကြည့်ရမယ့် လက္ခဏာတွေပဲ ဖြစ်ပါတယ်။ တစ်ချို့ အမျိုးသမီးတွေမှာ ဘာလက္ခဏာမှ မပြတာကိုလည်း တွေ့ဖူးပါတယ်။

ဘာကြောင့် သားအိမ်ထဲမှာ အလုံးတည်ရတာလဲ။

ဘာကြောင့် သားအိမ်မှာ အလုံးဖြစ်လာရတာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အချိန်မရွေး ဖြစ်လာနိုင်တာကိုတော့ သတိပြုမိပါတယ်။ ဟိုမုန်းကြောင့်လည်း သားအိမ်ထဲမှာ အလုံးဖြစ်လာတတ်ပါတယ်။ အမျိုးသမီး အီစထရိုဂျင်ဟိုမုန်းတွေဟာ ဒီလို အလုံးအကျိတ်မျိုးတွေကို ဖြစ်လာစေတတ်ပါတယ်။ သားသမီးမွေးဖွားတဲ့ အရွယ်မှာ မ ဟိုမုန်းတွေ များလာပြီး ဖြစ်လာတတ်တာဖြစ်ပါတယ်။

မကုသဘဲထားရင် ဘယ်လိုအန္တရာယ်မျိုးရှိသလဲ။

တစ်ချို့လူနာတွေမှာ သားအိမ်အလုံးကို ဒီတိုင်းထားလိုက်ရင် သွေးဆင်းတာ တအားများလာပြီး သားသမီးမရတော့ဘဲ မြုံသွားတာမျိုးတွေ တွေ့ရပါတယ်။

သားအိမ်အလုံးတည်ခြင်းကို ကုသခြင်း

သူ့အတွက် ကုသနည်းကတော့ သားအိမ်ထဲကို မှန်ပြောင်းနဲ့ကြည့်ပြီး ကုသပေးတာဖြစ်ပါတယ်။  ၂ မီလီမီတာလောက် အဝ ရှိတဲ့ ပိုက်ခေါင်းလေးထိပ်မှာ မီးသီး နဲ့ ကင်မရာသေးသေးလေးတပ်ထားပြီး မိန်းမကိုယ်ကနေတစ်ဆင့်  သားအိမ်ခေါင်းနဲ့ သားအိမ်အတွင်းကို လှမ်းကြည့်တာဖြစ်ပါတယ်။ အလုံးဟာ ကြီးနေရင်တော့ ကင်မရာဆိုက်ကြီးကြီး တပ်ပြီး ကြည့်ရတာဖြစ်ပြီး အသားပိုအလုံးကို လျှပ်စစ်ဓာတ်နဲ့တို့ပြီး အပိုင်းအစလေးတွေဖြစ်အောင် ဖြတ်ထုတ်ပစ်လိုက် ပါတယ်။  ပြီးမှာ ပိုက်ခေါင်းထဲကတစ်ဆင့် တစ်စခြင်းဆွဲထုတ်လိုက်ခြင်းဖြင့် အခြား အစိတ်အပိုင်းတွေကို မထိခိုက်စေဘဲ အလုံးကို ဖယ်ရှားပေးလိုက်တာပဲ ဖြစ်ပါတယ်။

သားအိမ်အလုံးကို အသေးစားမှန်ပြောင်းကြည့်ခွဲစိတ်နည်း (Minimally Invasive Surgery – MIS) ဖြင့် ကုသခြင်းရဲ့ ကောင်းကျိုးများ

သားအိမ်အလုံးကို ကုသပေးတဲ့နည်းလမ်းတွေဟာ အခုဆိုရင် ပိုမိုဘေးကင်းပြီး လွယ်ကူလာပြီဖြစ်သလို အကျိုးကျေးဇူးတွေလဲ ရရှိနေပြီ ဖြစ်ပါတယ်။ နာကျင်မှု နည်းပါးပြီး အချိန်တိုအတွင်း ပြန်လည်နာလန်ထူလာမှာ ဖြစ်ပါတယ်။ ဒီ ခွဲစိတ်ကုသမှုအတွက် ပြန်လည်နာလန်ထူဖို့ တစ်ရက်ပဲကြာမှာဖြစ်ပြီး နောက်တစ်ရက်မှာ ပုံမှန် အလုပ်တွေကို ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အသေးစားမှန်ပြောင်းကြည့်ခွဲစိတ်နည်း (MIS) ဟာ လုပ်ငန်းခွင် ရော မိသားစု တာဝန်တွေကိုပါ ယူထားရတဲ့ အမျိုးသမီးတွေအတွက် အလွန် အဆင်ပြေတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ သားသမီးယူဖို့စဉ်းစားထားတဲ့ အမျိုးသမီးတွေအတွက် သားအိမ်အလုံးဟာ မပေါ့ဆသင့်ပါဘူး။ သားအိမ်အလုံးဟာ အချိန်မရွေးဖြစ်လာတတ်တာမို့ အမျိုးသမီးတွေဟာ နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှု မှန်မှန် ပြုလုပ်သင့်ပါတယ်။ နှစ်စဉ်ကျန်းမာရေးစစ်ဆေးတာသာလျှင် သားအိမ်ထဲမှာ အလုံးတည်လာတာ ကို အချိန်မီ ဖမ်းမိနိုင်တာမို့လို့ ဒါဟာ မဖြစ်အောင် ကာကွယ်ရေးအတွက် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ခုဆိုရင် ဒီ သားအိမ်အလုံးက ပေးလာနိုင်တဲ့ အန္တရာယ်တွေကိုလည်း သိထားပြီး ကုသရေးဟာ မခက်ဘူးဆိုတာကိုလည်း သိနေပြီဖြစ်တာမို့ အရင်တုန်းကလောက်တော့ မျက်ကလဲဆန်ပြာ ဖြစ်စရာတော့ မလိုတော့ပါဘူး။ ဖြစ်လာပြီဆိုရင်လည်း ဒီကနေ့ဆေးပညာဟာ အရင်ကထက် ပိုပြီးတော့ ဘေးကင်းလွယ်ကူစွာ ကုသပေးနိုင်ပြီပဲ ဖြစ်ပါတယ်။ အထူးသတိပေးချင်တာကတော့ မိမိရဲ့ ကျန်းမာရေးကို ဆရာဝန်နဲ့  နှစ်စဉ်မှန်မှန် မပျက်မကွက် စစ်ဆေးဖို့ဆိုတာပဲ ဖြစ်ပါတယ်။ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါတယ်” လို့ ဆိုထားတယ် မဟုတ်ပါလား။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။