သက်ရွယ်ကြီးသူ COVID-19 မကူးစက်ဖို့ ကိုယ်ခံစွမ်းအား မြှင့်တင်တည်ဆောက်စို့

သက်ရွယ်ကြီးသူ COVID-19 မကူးစက်ဖို့ ကိုယ်ခံစွမ်းအား မြှင့်တင်တည်ဆောက်စို့

အနှစ်ချုပ်

  • အသက်အရွယ် အိုမင်းလာတာကြောင့်ဖြစ်လာတဲ့ ကိုယ်တွင်းအင်္ဂါတွေ ချွတ်ယွင်းလာမှုနဲ့ ရောဂါကာကွယ် နိုင်စွမ်း ကျဆင်းလာမှုတွေ၊ သွေးတိုး နှလုံး ဆီးချို အသက်ရှူလမ်းကြောင်းဆိုင်ရာ စတဲ့ မွေးရာပါ ရောဂါတွေကြောင့် အသက်ကြီးသူတွေမှာ Covid-19 ကူးစက်မှုဒဏ်ကို ခံရပြီး အသက်ဆုံးရှုံးကြရမှုများ မြင့်တက်လာရတာ ဖြစ်ပါတယ်။
  • ဒါကြောင့် သက်ရွယ်ကြီးသူတွေမှာ ဖျားလာတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ၊ လည်ချောင်းနာတာ၊ အသက်ရှူရ ခက်ခဲတာ၊ မောပန်းနွမ်းနယ်တာ စတာတွေ ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်း အမြန် ဆွေးနွေးဖို့ လိုပါတယ်။ ခုလိုကာလမျိုးမှာဆိုရင် ဖုန်းနဲ့ဖြစ်ဖြစ် Telemedicine လို့ခေါ်တဲ့ အွန်လိုင်းဆွေးနွေးမှုဖြစ်ဖြစ် လုပ်ရမှာ ဖြစ်ပါတယ်။

တရုတ်ပြည်က စခဲ့တဲ့ COVID-19 လို့ခေါ်တဲ့ SARS-CoV-2

မျိုးစိတ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကြောက်စရာ ကူးစက် ပျံ့နှံ့မှုကြီးမှာ အသက် ၆၀ ကျော် (အထူးသဖြင့် ၈၀ ကျော်) တွေမှာ ရောဂါကူးစက်မှုကြောင့် သေဆုံးရခြင်းတွေ အဖြစ်များနေတာကို တွေ့ရှိရပါတယ်။ အသက် ၈၀ အထက်တွေမှာ ၁၄.၈% ရှိနေပြီးတော့ ဒါဟာ အသက် ၅၀ ကျော် သေဆုံးမှုနှုန်းထက် ၁% နီးပါး ပိုများနေတာဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း အသက်အရွယ်ကြီးရင့်မှုနဲ့ ရောဂါပြင်းထန်မှုအကြား ဆက်စပ်မှုကို ခုချိန်အထိ ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်သေးတာမို့ လောလောဆယ်တော့ အသက်ကြီးလာလို့ ကိုယ်တွင်းအင်္ဂါတွေ ချွတ်ယွင်း လာမှုနဲ့ ကိုယ်ခံစွမ်းအားကျဆင်းလာတာကြောင့် ရောဂါကူးစက်ခံရဖို့ ပိုပြီးလွယ်ကူလာတာလို့ပဲ အကြံပြုထားပါ သေးတယ်။ ဒါ့အပြင် သွေးတိုး နှလုံး ဆီးချို အသက်ရှူလမ်းကြောင်းဆိုင်ရာ စတဲ့ မွေးရာပါ ရောဂါတွေကြောင့်လည်း အသက်ကြီးသူတွေမှာ Covid-19 ကူးစက်မှုဒဏ်ကို ခံရပြီး အသက်ဆုံးရှုံးကြရမှုများ မြင့်တက်လာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သက်ရွယ်ကြီးသူများ SARS-CoV-2 ကူးစက်ခံရမှုမှ ဘယ်လိုကာကွယ်ကြမလဲ။

  • လူကြီးတွေရော သူတို့ကိုပြုစုစောင့်ရှောက်သူတွေပါ လက်ကို ဆပ်ပြာနဲ့ တစ်ခါဆေးရင် အနည်းဆုံး စက္ကန့် ၂၀ မကြာခဏ ဆေးပေးပါ။ ရောဂါထိန်းချုပ်ရေးစင်တာ (CDC) နဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (WHO) တို့ကတော့ လက်ဆေးနေချိန်မှာ ဟက်ပီဘတ်ဒေးသီချင်း ကို နှစ်ခါပြန်ဆိုတာဟာ စက္ကန့် ၂၀ နဲ့ ညီမျှတယ် လို့ ပြောထားတာမို့ သီချင်းလေးဆိုရင် လက်ဆေးမယ်ဆိုရင် အကောင်းဆုံး ဖြစ်မှာပါ။
  • တကယ်လို့ ရေနဲ့ ဆပ်ပြာ မရနိုင်ဘူးဆိုရင် အယ်လ်ကိုဟော ၇၀% ပါဝင်တဲ့ လက်ဆေးဂျယ်လ် နဲ့ ဆေးနိုင်ပါတယ်။ လက်ဝါးထဲ ဂျဲလ်ကို ညှစ်ထည့်ပြီး လက်ဆေးခြင်း အဆင့် ၇ ဆင့်နဲ့အညီ လက်ကို ခြောက်သွေ့သွားတဲ့အထိ ပွတ်ပြီး ဆေးနိုင်ပါတယ်။
  • အိမ်မှာပဲနေပါ။ အထူးသဖြင့် အသက်ကြီးသူတွေဟာ လူစည်ကားရာနေရာတွေကို မသွားသင့်ပါဘူး။ စျေးတို့၊ ဘုရားကျာင်းတို့၊ စူပါမားကက်တို့ စတာတွေပေါ့။ ဒါ့အပြင် လူစုလူဝေးနဲ့ လုပ်ရတဲ့ အလုပ်တွေထဲမှာလည်း မပါဝင်သင့်ပါဘူး။ မဖြစ်မနေ ထွက်ရမယ်ဆိုရင်တော့ မျက်နှာဖုံးနှာခေါင်းစည်းကို တစ်ချိန်လုံးတပ်ဆင်သွားပါ။ အိမ်ပြင်ပမှာ အရာဝတ္ထုတွေကို ထိ ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာ ဒါမှမဟုတ် အယ်လ်ကိုဟောဂျယ်လ် နဲ့ ဆေးကြောပေးပါ။
  • အများပြည်သူသယ်ယူပို့ဆောင်ရေးလိုင်းတွေဖြစ်တဲ့ ဘတ်စ်ကားတို့ ရထားတို့ စတာတွေနဲ့ မသွားသင့်ပါဘူး။ တကယ်လို့ လူကြီးတစ်ယောက်ထဲ သွားရမယ်ဆိုရင် မျက်နှာဖုံး နှာခေါင်းစည်းကို သေသေချာချာတပ်ပြီး အငှားယာဉ် Taxi နဲ့ သွားပါ။ ကားပေါ်ကဆင်းတာနဲ့ လက်ကို ဆပ်ပြာတို့ အယ်လ်ကိုဟောလ်ဂျယ်လ် တို့နဲ့ ဆေးပစ်ပါ။
  • အိမ်ပြန်ရောက်တာနဲ့ အပြင်ကဝတ်လာတဲ့ အဝတ်အစားတွေကို လဲပစ်ပါ။ ရေချိုးပါ။ ခေါင်းလျှော်ပါ။
  • သက်ကြီးရွယ်အိုပြုစုရသူတွေကလည်း အပြင်ခဏခဏထွက်တာမျိုး မလုပ်ရပါ။ ဘယ်သွားသွား မျက်နှာဖုံး နှာခေါင်းစည်းတပ်သွားပါ။
  • အိမ်မှာ လူကြီးတွေအတွက် သီးသန့်နေရာလေး သပ်သပ်လုပ်ပေးထားရင် ပိုကောင်းပါတယ်။ အစားအသောက် ပန်းကန်တွေ၊ အိပ်ရာတွေ၊ အသုံးအဆောင်တွေကအစ ခွဲထားပေးသင့်ပါတယ်။
  • တစ်ကယ်လို့ တစ်ယောက်ယောက် ဖျားလာရင်၊ အသက်ရှူခက်တာတို့ စတဲ့ COVID-19 နဲ့ ပတ်သက်တဲ့ မသင်္ကာဖွယ် လက္ခဏာတွေတွေ့လာရတယ်ဆိုရင် လူကြီးတွေနား မကပ်ပါနဲ့။ အနည်းဆုံး ၆ပေ အကွာမှာပဲ နေပါ။ တကယ်လို့ လူကြီးတွေနဲ့ အတူတူ နေရတယ်ဆိုရင် မျက်နှာဖုံး နှာခေါင်းစည်း တပ်ထားပါ။ အနည်းဆုံး ၁၄ ရက်လောက် ကိုယ့်ဟာကိုယ် ခွဲနေပါ။
  • နေကောင်းနေတဲ့ တခြားအိမ်သားတွေကလည်း လူကြီးတွေနားကပ်မယ်ဆိုရင် ရေချိုးပြီး အဝတ်လဲပြီးမှ ကပ်တာ အကောင်းဆုံးပါ။
  • တံခါးလက်ကိုင်ဖုတွေ၊ မီးခလုတ်တွေ၊ ဆိုဖာတွေနဲ့ စားပွဲမျက်နှာပြင်တွေ စတဲ့ အကိုင်အတွယ်များတဲ့ နေရာတွေကို နေ့စဉ် ပိုးသတ်ဆေးနဲ့ သေသေချာချာ ဆေးကြောပေးရပါမယ်။ အထူးသဖြင့် လူကြီးတွေ အသွားအလာများတဲ့ အိပ်ခန်းတို့၊ ဧည့်ခန်းတို့ မီးဖိုချောင်တို့ စတဲ့ နေရာတွေကပေါ့။ နောက်ပြီးတော့ တတ်နိုင်သမျှ လေကောင်းလေသန့် နဲ့ နေရောင်ခြည် ဝင်နိုင်အောင် တံခါးပေါက်တွေကို ဖွင့်ထားပေးဖို့လည်း လိုပါတယ်။
  • လူကြီးတွေကို ဆေးရုံ ဆေးခန်းတွေကို မလိုအပ်ရင် လုံးဝ ခေါ်မသွားပါနဲ့။ သောက်နေကျ ဆေးတွေ ဘာတွေရှိရင်လည်း လုံလောက်အောင် လုပ်ထားပေးပါ။ လိုအပ်ရင် တခြားတစ်ယောက်ယောက်က ဆရာဝန်ကို ကိုယ်စား သွားတွေ့ပေးပြီး ဆရာဝန်ရဲ့ ကုသချက်တွေကို ရယူနိုင်ပါတယ်။
  • လူကြီးတွေမှာ ဖျားတာတို့၊ ချောင်းဆိုးတာတို့၊ နှာစေးတာတို့၊ လည်ချောင်းနာတာတို့၊ ပင်ပန်းနွမ်းနယ် နေတာတို့၊ အသက်ရှူရခက်တာတို့ စတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင် မျက်နှာဖုံးနှာခေါင်းစည်း တပ်ထား ပေးပြီး ဆေးရုံကို ချက်ချင်းခေါ်သွားပေးပါ။ ဆေးခန်းကို မဟုတ်ဘဲ ဆေးရုံကို တန်း ခေါ်သွားပေး ရမှာဖြစ်ပါတယ်။ ဆေးခန်းကို သွားရင်လည်း ဆရာဝန်က ဆေးရုံကိုသာ လွှဲပါလိမ့်မယ်။

ရောဂါဒဏ်ကို ခံနိုင်အောင် ကိုယ်ခံစွမ်းအားတည်ဆောက်ခြင်း

  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ အဆုတ်တစ်ရှူးတွေကို ဆိုးဆိုးရွားရွား ပျက်စီး စေပါတယ်။ ပြီးတော့ အားနည်းပြီး ကျန်ရစ်ခဲ့စေပါတယ်။​ ဆေးလိပ်သောက်သူတွေကို COVID-19 ကူးစက်ခဲ့ရက် အဆုတ်ပျက်စီးတာ ပိုမိုလွယ်ကူပြီး အသက်ရှူရပ်သွားမှာ ဖြစ်ပါတယ်။
  • ကိုယ့်မှာ နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေရင် သေသေချာချာ ဂရုစိုက်ပြီးနေပါ။ လက်ရှိ အချက်အလက် များအရ အဝလွန်သူတွေနဲ့ အခြား ဆီးချိုစတဲ့ ရောဂါအခံတစ်ခုခုရှိနေတဲ့သူတွေဟာ သူများထက်ပိုပြီး ကိုယ်ခံအား နည်းပါတယ်တဲ့။ ကိုယ်ခံအားနည်းရင် COVID-19 နဲ့အခြားရောဂါတွေ ကူးစက်ဖို့ လွယ်ကူပါတယ်။
  • လိုအပ်တဲ့ ကာကွယ်ဆေးတွေကို အသက်အရွယ်အလိုက်ထိုးနှံထားပါ။ အထူးသဖြင့် တုပ်ကွေး ကာကွယ်ဆေးတို့၊ pneumococcal တို့၊ နမိုးနီးယား ကာကွယ်ဆေးတို့ စတာတွေပါ။ SARS-CoV-2 ကူးစက်မှုကြောင့် နမိုးနီးယားဖြစ်ထားတဲ့လူနာတွေမှာ အခြားဗိုင်းရပ်စ် ကူးစက်မှုတွေလည်း ထပ်မံ ဖြစ်ပွားစေနိုင်ပြီး အဆုတ်ရောင်တာကို ပိုပြီး ဆိုးရွားလာစေပါတယ်။
  • ကျန်းမာရေးနဲ့ ပြည့်စုံပြီး လတ်ဆတ်စွာချက်ပြုတ်ထားတဲ့ အစားအစာများကို စားသုံးပါ။ ကျန်းမာပြီး အားရှိတဲ့ အစားအစာတွေက ကိုယ်ခံစွမ်းအားကို မြင့်မားစေပြီးတော့ ဗိုင်းရပ်စ်တွေရဲ့ တိုက်ခိုက်မှုဒဏ်ကို ခုခံကာကွယ်နိုင်ပါတယ်။ ဗီတာမင်ဓာတ်တွေ၊ အာဟာရတွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေများများရရှိဖို့ အရောင်စုံတဲ့ သစ်သီးတွေ၊ အသီးအနှံတွေ စားပေးရပါမယ်။ သကြား၊ အဆီ၊ အသင့်စားအစားအစာတွေနဲ့ အဆီများတဲ့ အစားအစာတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။
  • လမ်းလျှောက်တာတို့၊ ကိုယ်လက်လှုပ်ရှားတာတို့၊ လေ့ကျင့်ခန်းလုပ်တဲ့ စက်ဘီးစီးတာတို့ စတဲ့ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးရပါမယ်။ အိမ်မှာ ကိုယ်ပိုင်ရေကူးကန်ရှိတဲ့သူတွေအဖို့ ရေကူးတာလည်း ပါ ပါတယ်။ အပေါ့စားအေရိုးဗစ်ကတာမျိုး၊ ယောဂ စတာတွေကိုလည်း တစ်ရက်မှာ မိနစ် ၃၀ ကနေ ၆၀ လောက်အထိ လုပ်ပေးသင့်ပါတယ်။
  • ညကိုတော့ ၇ နာရီကနေ ၉ နာရီလောက်အထိ အိပ်ချိန်ရအောင် အိပ်ပေးသင့်ပါတယ်။
  • အပန်းပြေပြီးပျော်စရာလှုပ်ရှားမှုတွေလုပ်ပြီးတော့ စိတ်ဖိစီးမှုကိုလည်း လျှော့ချစေလိုပါတယ်။ စိတ်ဖိစီးမှု ပြင်းထန်တာဟာ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို ကျဆင်းစေပြီး အားနည်းလာစေပါတယ်။

လောလောဆယ်တော့ Covid-19 အတွက် ကာကွယ်ဆေး မရှိသေးပါ။ ကိုဗစ်ဟာ ကမ္ဘာတစ်လွှားမှာ လျင်မြန်တဲ့ အဟုန်တဲ့ ကူးစက်နေပြီး လျော့ကျမယ့်ပုံလည်း မတွေ့ပါ။ ကူးစက်ခံရသူအများစုဟာ ပြင်းထန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ခံစားကြရပါတယ်။ အကောင်းဆုံး ကာကွယ်နည်းကတော့ ဗိုင်းရပ်စ်နဲ့ မထိတွေ့အောင် နေခြင်းပါပဲ။ အသက်ကြီးသူတွေဟာ ကူးစက်မှုမြင့်မားနေတဲ့ နေရာဒေသတွေကို လုံးဝ မသွားသင့်ပါဘူး။ ဒါ့အပြင် လူကြီးတွေကို ပြုစုပေးနေတဲ့သူတွေအဖို့မှာလည်း အပြင်ကရောဂါကို အိမ်ထဲသယ်လာတဲ့သူတွေ မဖြစ်ရအောင် သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အချက်အလက်တွေနဲ့အညီ သတိပြုနေထိုင်ကြဖို့ အထူး လိုအပ်ပါကြောင်း သတိပေး ရေးသားလိုက်ရပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။