ဗီတာမင် နဲ့ ဖြည့်စွက်အာဟာရ (ဓာတ်စာ လို့လဲခေါ်ကြတယ်) ဆေးလုံးလေးတွေ မှာ ကောင်းကျိုးရှိသလို ဆိုးပြစ်တွေလဲ ရှိကြပါတယ်။ နောက်ဆုံးပေါ် အကောင်းဆုံး ဆိုတဲ့ အဲဒီလို ဖြည့်စွက်ဆေးဝါးတွေဟာ ဈေးကြီးတာနဲ့အမျှ ပေးရတာနဲ့ တန်ရဲ့လားဆိုတာ တစ်ချက်လောက် ကြည့်ကြရအောင်ပါ။
၁. Glutathione: (ဂလူတာသီရွန်း) ဒီ ဂလူတာသီရွန်းဆိုတဲ့ဆေးကို ပါးစပ်ကသောက်လိုက်ရင် ခန္ဓာကိုယ်က စုပ်ယူသွားတယ် ဆိုတာ ခုထိတော့ အပြီးသတ်လေ့လာထားတာမျိုး မတွေ့သေးပါဘူး။ ဒီဆေးသောက်ရင် အသားဖြူမယ် ဆိုတာကိုလည်း ခိုင်မာတဲ့ သက်သေ မရှိသေးပါဘူး။ ဒါကြောင့် ဒီဆေးသောက်တာဟာ သက်သက် ပိုက်ဆံဖြုန်းတာပဲ လို့ ဆိုချင်ပါတယ်။
၂. Alpha-Tocopherol or Vitamin E: လေ့လာတွေ့ရှိချက်တွေအရတော့ ဗီတာမင်-အီး အတွက် Alpha-Tocopherol တစ်မျိုးထဲကို သောက်ခြင်းက အခြား ဗီတာမင်-အီး ဓာတ်တွေကိုပါ ဆုံးရှုံးသွား စေတယ် ဆိုတဲ့အတွက် ဒီဆေးဟာလည်း ခန္ဓာကိုယ်အတွက် မသင့်တော်ဘူးလို့ ပြောချင်ပါတယ်။
၃. Omega-6 Fatty Acid: ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံမှာ omega-3 နဲ့ omega-6 fatty acids တို့ ညီညွတ်မျှတစွာ ပါဝင်ပြီး ဖြစ်တယ်။ omega-6 fatty acids အများကြီး သောက်လိုက်မယ်ဆိုရင် ရှုပ်ထွေးတဲ့ ဟိုနားနာလိုက် ဒီနားနာလိုက်ဖြစ်တဲ့ နာကျင်မှုတွေ ဖြစ်လာနိုင်စရာ ရှိပါတယ် လို့ လေ့လာမှုတစ်ချို့က ဆိုပါတယ်။ ပုံမှန် အမေရိကန် အစားအစာတွေမှာ Omega 6 fetty acid ဟာ Omega 3 fetty acid ထက် ၁၄ ဆ ကနေ ၂၅ ဆ အထိ များနေလေ့ရှိပါတယ်။ ဖက်တီးအက်ဆစ်ဟန်ချက်ညီအချိုးကို ၆ : ၃ အချိုးမှာ ထိန်းထား နိုင်ဖို့ အရေးကြီးပါတယ်။ နေ့စဉ်စားသုံးနေတဲ့ ဟင်းရွက်ဆီထဲမှာ Omega 6 တွေ ပါပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် Omega 6 ဆေးလုံးတွေကို သက်သက် ငွေကုန်ခံပြီး ထပ်သောက်နေစရာ မလိုပါဘူး။ ဒါဟာ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမျှချေကို အနှောက်အရှက် ဖြစ်စေပါတယ်။
၄. Squalene Spring Leaf: ဘာကောင်းတယ်ဆိုတာ တိတိကျကျ သက်သေမပြနိုင်ပေမယ့် ကိုလက်စထရော တက်မယ်ဆိုတာတော့ အသေအချာ ပြောနိုင်ပါတယ်။ ဒါ့အတွက်တော့ ပိုက်ဆံ မဖြုန်းစေချင်ပါဘူး။ သူ့ဟာသူ နေပါစေ။
၅. Vitamin A: မကြာသေးခင်က လုပ်ခဲ့တဲ့ များစွာသောလေ့လာမှုတွေအရ Vitamin A ဟာ သိပ်ကောင်းလှတဲ့ ရလဒ်တွေကို ပေးလေ့ မရှိပါဘူး။ သောက်တာများလာရင် ခန္ဓာကိုယ်ထဲမှ အဆိပ်ဓာတ်တွေ စုပုံလာနိုင်ပါသေးတယ်။
၆. Iron: သံဓာတ်အားဖြည့်ဆေးဆိုတာ သံဓာတ်ချို့တဲ့လို့ဖြစ်တဲ့ သွေးအားနည်းရောဂါရှင်တွေ၊ သွေးလှူထားတဲ့သူတွေကို တိုက်တာ။ ကိုယ့်မှာ သွေးအားနည်းမနေဘူးဆိုရင် သံဓာတ်အားဖြည့်ဆေး ကို သောက်စရာမလိုပါဘူး။ ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ ပိုနေရင် အန္တရာယ်ဖြစ်နိုင်တဲ့ ဖရီးရာဒီကယ်တွေ များ လာလိမ့်မယ်။
၇. Vitamins: ဗီတာမင်အားဖြည့်ဆေးတွေ (ဘယ်လိုပုံစံမျိုးဖြစ်ဖြစ်) သကြားလုံးစားသလို စားမနေကြပါနဲ့။ အဲဒါဟာ ဆေး တွေဖြစ်တဲ့အတွက် လိုအပ်လို့ မှန်မှန်ကန်ကန်သောက်မယ် ဆိုရင် ကောင်းတဲ့ အကျိုးကျေးဇူး ရရှိမှာဖြစ်ပေမယ့် ညွှန်ကြားတဲ့အတိုင်း မသောက်ဘူး ဆိုရင်တော့ ဆိုးတဲ့ အကျိုးဆက်ကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီတော့ အကြံပြုချင်တာက ကိုယ့်မှာ ဘာဗီတာမင် ဓာတ်တွေ လိုအပ်နေတယ်ဆိုတာကို အထူးကုဆရာဝန်နဲ့ သေသေချာချာပြပါ၊ ညွှန်ကြားတဲ့အတိုင်း သောက်ပါ။ ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း လေ့လာပါ လို့ပဲ ပြောချင်ပါတယ်။