တက်တတ်တဲ့ကလေးတွေ…

တက်တတ်တဲ့ကလေးတွေ…

တက်တတ်တဲ့ကလေးတွေများ ပါနေခဲ့လို့ကတော့ စက္ကန့်ပိုင်းလေးတက်တာပဲဖြစ်ဖြစ်၊ မိနစ်နဲ့ချီပြီးကြာအောင် တက်တာပဲ ဖြစ်ဖြစ် “တက်နေပြီ” ဆိုရင် မေမေတို့ ဖေဖေတို့ရော ကာယကံရှင်ကလေးတွေပါ စိုးရိမ်ထိတ်လန့်ကြမှာ အမှန်ပါပဲ။ “တက်တယ်” ဆိုတာ ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှုကနေ ယာယီ လွတ်ကင်းသွားတာကို ခေါ်တာဖြစ်ပြီး အသက်သာဆုံး အဆင့် ဂယောက်ဂယက် ဖြစ်တာလောက်ကနေ အဆိုးဆုံးအဆင့် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ကလေးဟာ ရေကူးနေရင်း၊ ကိုယ်လက်လှုပ်ရှား လုပ်နေရင်း နဲ့ တက်နေပြီဆိုရင် အနုစားတက်နေတာမျိုးမှာတောင် ရုတ်တရက် ချက်ချင်း အန္တရာယ်အဆင့်ကို ရောက်သွားနိုင်ပါတယ်။

အဲဒီတော့ တက်တာကို ကိုင်တွယ်ဖြေရှင်းတော့မယ်လို့ စဉ်းစားလိုက်မယ်ဆိုရင်.. တက်ခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းတရားအမျိုးမျိုး ရှိသလို ကုသဖြေရှင်းရတဲ့ နည်းလည်း အမျိုးမျိုး ရှိပါတယ် ဆိုတာကို အရင် သဘောပေါက် ထားဖို့ လိုအပ်ပါတယ်။ ဒီလို ကွဲပြားခြားနားချက်တွေကို နားလည်ထားမှသာ ကိုယ့်ရင်သွေးကို သက်သာရာရအောင် ကူညီနိုင်မှာဖြစ်တဲ့အပြင် ကျန်းမာသန်စွမ်းတဲ့ ဘဝနဲ့ ဆက်လက်နေထိုင်သင်ယူသွားနိုင်ဖို့ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကလေးတွေမှာ အဖြစ်များတဲ့ တက် ခြင်းအမျိုးအစားများ

ကလေးတွေမှာ အရင်းခံအကြောင်းတွေ အမျိုးမျိုးရှိတာကြောင့် တက်ခြင်း အမျိုးအစားများလည်း အမျိုးမျိုး ကွဲပြားပါတယ်။ တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

  • အဖျားကြီး၍တက်ခြင်း –အဖျားကြီးပြီးတက်တာက ကလေးတွေမှာပဲ ဖြစ်တတ်ပါတယ်။ ရောဂါတစ်ခုခုကူးစက်လို့ ဖျားနာပြီး ခန္ဓာကိုယ်အပူချိန် ရုတ်တရက် ထိုးတက်သွားတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဆကမ ကာကွယ်ဆေး (ဆုံဆို့ ကြက်ညှာ မေးခိုင်)၊ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေး စတဲ့ ကာကွယ်ဆေးတွေထိုးလို့ ဖျားတဲ့အခါမှာလည်း တက်တတ်ပါတယ်။     ဒါပေမယ့် ဖြစ်ခဲပါတယ်။
  • အတွင်းတက် – တက်ခြင်း - အများသိထားသလို ကောက်ကွေးပြီးတက်သွားတာမျိုးမဟုတ်ဘဲ လှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားပြီး ငေးစိုက်ကြည့်နေတာမျိုး။ မြန်မာလို အတွင်းတက် တက်နေတာလို့လဲ ခေါ်ပါတယ်။ ကလေးတွေမှာပဲ အဖြစ်များပါတယ်။ အကြောင်းရင်း ရှာလို့မတွေ့သေးပါ။ ဆေးတွေတော့ ရှိပါတယ်။ တစ်ခါ တက်ရင် ၁၀ စက္ကန့် ၁၅ စက္ကန့်လောက်ပဲ ကြာတာမို့ ကိုယ့်ကလေး တက်နေလို့ တက်မှန်းမသိ ဖြစ်နေ တတ်ပါတယ်။
  • အတက်ရောဂါ (ဝက်ရူးပြန်ခြင်း) – ကလေးတွေမှာဖြစ်တတ်တဲ့ တက်ခြင်းအမျိုးအစားတွေမှာ အဖြစ် အများဆုံး ဖြစ်ပါတယ်။ အတက်ရောဂါရခြင်းရဲ့ အကြောင်းရင်းတွေက နားလည်ရခက်ပါတယ်။ ဦးနှောက်ထဲက လျှပ်စစ်လှိုင်းလေးတွေ ဖောက်ပြန်သွားတာပါ။ အတက်ရောဂါ ပုံစံ အမျိုးမျိုးရှိပါတယ်။ ခြေတွေ လက်တွေ ကောက်ကွေးပြီး ဓာတ်လိုက်သလို ဖြစ်နေတတ်သလို ပြူးကြောင်ကြောင်နဲ့ ငေးပြီး စိုက်ကြည့်နေတတ်တာမျိုးလည်း ဖြစ်တတ် ပါတယ်။ အကြောင်းရင်းတွေကတော့ မျိုးရိုးကြောင့်လည်းဖြစ်တတ်သလို ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရတာ၊ ကင်ဆာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ ထိခိုက်ခဲ့တာ၊ neurofibromatosis လို အော်တီဇင်လို ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာ လေးတွေ ရှိနေတာ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဦးနှောက် ရောင်ဗိုင်းရပ်စ် စတဲ့ ကူးစက်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဘာပဲပြောပြော အကြမ်းဖျဉ်းအားဖြင့် အတက်ရောဂါ ဝေဒနာရှင် တစ်ဝက်လောက်ရဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေကို ရှာလို့မတွေ့သေးဘဲ ကုသရေးဘက်မှာလဲ စိန်ခေါ်မှုတွေတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။

မှန်မှန်ကန်ကန် ကုသမှုနဲ့ ပြုစုစောင့်ရှောက်မှု ခံယူနိုင်ဖို့…

မှန်ကန်ထိရောက်တဲ့ဆေးတွေကို သုံးစွဲကုသခြင်းဖြင့် အနာနဲ့ဆေးတွေ့ပြီး လူနာတော်တော်များများဟာ ရောဂါ လက္ခဏာတွေ ကင်းစင်သွားနိုင်ပါတယ်။ ဆေးတွေမှာ ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိပေမယ့် တက်တတ်တဲ့ကလေး တစ်ဝက်လောက်ဟာ နောက်ပိုင်းမှာ ဆေးဆက်သောက်စရာ မလိုတော့ဘဲ  ကျန်ဘဝတစ်လျှောက်လုံး မတက်တော့ဘဲ ကောင်းကောင်းမွန်မွန် နေသွားနိုင်ပါတယ် ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

References.

  1. Mayo Clinic: Diseases and Conditions – Febrile seizure. Available from: http://www.mayoclinic.org/diseases-conditions/febrile-seizure/basics/definition/con-20021016. Accessed on July 4, 2015.
  2. Mayo Clinic: Diseases and Conditions – Absence seizure. Available from: http://www.mayoclinic.org/diseases-conditions/petit-mal-seizure/basics/definition/con-20021252. Accessed on July 4, 2015.
  3. Mayo Clinic: Diseases and Conditions – Epilepsy. Available from: http://www.mayoclinic.org/diseases-conditions/epilepsy/home/ovc-20117206. Accessed on July 4, 2015.
  4. CNN: 7 things to know about epilepsy. Available from: http://edition.cnn.com/2014/07/21/health/epilepsy-symptoms-treatment/. Accessed on July 4, 2015.

Photo Credit: bgreenlee via Compfight cc

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။