ဂရင်ဂျီနာဖြစ်ရင်မရှက်ပါနဲ့....

ဂရင်ဂျီနာဖြစ်ရင်မရှက်ပါနဲ့....

စိတ်ဝင်စားဖွယ်အကောင်းဆုံး

  • ဂရင်ဂျီနာ(Anal Fistula) ရဲ့ လက္ခဏာများကတော့ စအိုတစ်ဝိုက် နာကျင် ခြင်းနဲ့ အရည်များထွက်ခြင်း သာမက တစ်ခါတစ်ရံမှာ သွေးထွက်ခြင်း လည်း ဖြစ်တတ်ပါတယ်။ သူ့ရဲ့ လက္ခဏာများဟာ လိပ်ခေါင်းလက္ခဏာ များနဲ့ ဆင်တူတာကြောင့် ရောဂါရှာဖွေမှုနဲ့ ကုသမှုကို သေချာ လမ်းညွှန် လုပ်ဆောင်ပေးန်ိုင်တဲ့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
  • ဂရင်ဂျီနာ ဟာ သူ့အလိုအလျောက် သက်သာသွားတဲ့ ရောဂါမဟုတ်ဘဲ နာတာရှည်ရောဂါဖြစ်ပါတယ်။ ဂရင်ဂျီနာကို ပျောက်ကင်းအောင်ကုသဖို့ အတွက် ပြန်လည်ဖြစ်ပွားလာနိုင်ခြေကို လျှော့ချရမှာဖြစ်သလို ဆီဝမ်းမသွား ဘဲနေခြင်းကိုရှောင်ကျဉ်ကာ ကျွမ်းကျင်ဆရာဝန်နဲ့ ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။
  • ဂရင်ဂျီနာ အမျိုးအစားနဲ့ လက္ခဏာအပေါ်မူတည်ပြီး လုပ်ဆောင်နိုင်တဲ့ ခွဲစိတ်ကုသမှုနည်းလမ်းတွေ အများကြီးရှိပါတယ်။ ကုသရာမှာအောင်မြင်မှု၊ ပြန်လည်ဖြစ်ပွားနိုင်မှုနှုန်း၊ ကောင်းကျိုး ဆိုးကျိုး စတာတွေဟာ ဆရာဝန်ရဲ့ ရောဂါဖြစ်ပွားစေတဲ့အကြောင်းအရင်းများအပေါ် ထည့်သွင်းစဉ်းစားမှု၊ လူနာနဲ့ အကိုက်ညီဆုံး ခွဲစိတ်ကုသမှုကို ရွေးချယ်မှု စတာတွေကို အခြေခံပြီး ကွဲပြား နိုင်ပါတယ်။

ဂရင်ဂျီနာ(Anal Fistula) ဆိုတဲ့နာမည်ဟာ လူအများစုအတွက် အစိမ်းသက်သက် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဂရင်ဂျီနာရောဂါဟာ တခြား အူလမ်းကြောင်းနဲ့ စအိုလမ်းကြောင်းဆိုင်ရာရောဂါတွေလိုပဲ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်လေ့ရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဂရင်ဂျီနာ ဟာ စအိုတစ်ဝိုက်နဲ့ တင်ပါးမှာ ဖြစ်လေ့ရှိတာကြောင့် လူနာများအနေနဲ့ လက္ခဏာပြသည့်တိုင်အောင် (သို့) ရောဂါခံစားနေရသည့်တိုင်အောင် ဆရာဝန်နဲ့ပြရမှာကို ရှက်ပြီး မပြဖြစ်ကြပါဘူး။ ဒီလိုနဲ့ ရောဂါကိုပျောက်ကင်းအောင်မကုသနိုင်တော့ဘဲ နာတာရှည်ဖြစ်လာကာ ပိုမိုဆိုရွားတဲ့လက္ခဏာတွေ ပေါ်ပေါက်လာပြီး နောက်ဆက်တွဲရောဂါပြဿနာတွေ ဖြစ်လာသလို ဆရာဝန်တွေအတွက်လည်း ကုသရတာ ပိုခက်ခဲလာစေပါတယ်။

ဂရင်ဂျီနာဘယ်ကစဖြစ်လဲ?

စအိုတစ်ဝိုက်နေရာမှာ နာတာရှည်ရောဂါပိုးဝင်ခြင်းကြောင့် ဂရင်ဂျီနာရောဂါ ဖြစ်စေပါတယ်။ ဒီထက်မြင်သာအောင်ပြောရမယ်ဆိုရင် စအိုအဝရှိ အရေပြားနဲ့ စအိုလမ်းကြောင်းအဆုံးမှာ လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ စအိုဝ နဲ့ တင်ပါးတစ်ဝိုက်မှာ နီရဲ ရောင်ရမ်းတဲ့ အဖု အဖြစ် မြင်ရတတ်ပြီး တစ်ခါတစ်ရံ မှာ ပြည်တည်နေတတ်ပါတယ်။ ဂရင်ဂျီနာကို အဓိကအားဖြင့် အောက်ပါအတိုင်း အမျိုးအစား(၂)ခု ခွဲခြားနိုင်ပါတယ်။

 

  • ရိုးရိုးဂရင်ဂျီနာ(Simple Anal Fistula) – ဒီအမျိုးအစားဂရင်ဂျီနာဟာ အရမ်းအတွင်းမကျဘဲ စအိုဝကြွက်သားနေရာမှာသာလျှင်ဖြစ်ပွားပြီး လွယ်ကူရိုးရှင်းစွာကုသနိုင်သလို နောက်ဆက်တွဲပြဿနာလည်း မရှိပါဘူး။
  • အခြားကြွက်သားများနှင့်ဆက်နေသောဂရင်ဂျီနာ(Complex Anal Fistulas) - ဒီလိုအမျိုးအစားဂရင်ဂျီနာကတော့ ပုံစံမျိုးစုံနဲ့ ဖြစ်ပွားတတ်ပါ တယ်။ ဥပမာ - အတွင်းကျတဲ့နေရာမှာဖြစ်ပေါ်ခြင်း၊ အတွင်းဘက်အနာ အပေါက်မှ အပြင်ဘက်အနာပေါက်အထိ ကွေးနေတဲ့လမ်းကြောင်း ဖြစ်ပေါ်ခြင်း၊ အတွင်းဘက်အနာအပေါက်ဖြစ်နေပြီး အပြင်ဘက်မှာ လမ်းကြောင်းများစွာခွဲသွားခြင်း စသဖြင့် ဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုအမျိုးအစားဂရင်ဂျီနာ ဟာ ကုသဖို့ ပိုမိုခက်ခဲ ပါတယ်။

ဂရင်ဂျီနာဖြစ်စေသည့်အကြောင်းအရင်းများ

စအိုဂလင်းမှာ ဘတ်တီးရီးယားပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပိတ်မိခြင်း စတဲ့ အကြောင်းအရင်းများကြောင့် ဂရင်ဂျီနာ စတင်ဖြစ်ပွားပါတယ်။ တစ်ခါတစ်ရံမှာ အူအတွင်းထဲမှာ စတင်ဖြစ်ပွားပြီး စအိုလမ်းကြောင်းအတိုင်း ဖြတ်သန်းသွားပါ တယ်။ ရောဂါပိုးဝင်ခြင်းနဲ့ ပိတ်ဆို့နေခြင်း မှတစ်ဆင့် တဖြည်းဖြည်းကြီးမားကာ ဘတ်တီးရီးယားများစုပုံလာစေပြီး အနီးနားတစ်ဝိုက်မှာ ရောဂါပိုးကူးစက်မှုနဲ့ ပြည်တည်ခြင်းကို ဖြစ်စေပါတယ်။ ပြည် များ စုပုံလာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ ကြွက်သားအလွှာများကို ထိုးဖောက် ဝင်ရောက်သွားရာမှတစ်ဆင့် စအိုလမ်းကြောင်းနဲ့ စအိုအနီးမျက်နှာပြင်အရေပြား ကြားမှာ လမ်းကြောင်းတစ်ခုဖြစ်လာကာ ယိုစီးကျလာပြီး နောက်ဆုံးမှာ ဂရင်ဂျီနာ ဖြစ်လာပါတယ်။ တစ်ခါတစ်ရံမှာ စအိုဝတစ်ဝိုက်ပြည်တည်ခြင်းကြောင့်လည်း ဂရင်ဂျီနာ ဖြစ်ပွားတတ်ပြီး ခွဲစိတ်လိုက်ရင် ထွက်ကျသွားပါတယ်။

ဂရင်ဂျီနာလက္ခဏာများ

  • စအိုနေရာတစ်ဝိုက်မှာ ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ယားယံခြင်း။
  • စအိုဝအနီး ပြည်(သို့)သွေးထွက်ခြင်း၊ အဝါရောင်အရည်များထွက်ခြင်း။
  • စအိုနေရာမှာနာကျင်ခြင်း။
  • စအိုတစ်ဝိုက်မှာ အပေါက်(သို့) မာကျောတဲ့တစ်ရှူးများဖြစ်ခြင်း။

ဂရင်ဂျီနာနဲ့လိပ်ခေါင်း ဘယ်လိုကွာခြားသလဲ?

ရောဂါနှစ်ခုစလုံးဟာ မစင်မှာသွေးပါခြင်း၊ စအိုနေရာနာကျင်ခြင်း စသဖြင့် ဆင်တူ တဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လိပ်ခေါင်းရောဂါဖြစ်ရင် စအိုဝနဲ့ စအိုတစ်ဝိုက်နေရာမှာ သွေးကြောတွေရောင်ရမ်းပြီး စအိုထဲမှ ပျော့တဲ့ အဖုလေးတစ်ခု အပြင်ကိုပြူထွက်လာပါတယ်။ အဆက်မပြတ် နာကျင်တာမျိုး ရှိတတ်ပေမယ့် ပြည်ယို တာတော့မရှိပါဘူး။ ဂရင်ဂျီနာကတော့ မာကျောတဲ့အဖု ဖြစ်ပေါ်ပြီး အရမ်းနာကျင်စွာခံစားရစေသလို ပြည်ထွက်ခြင်း၊ တစ်ခါတစ်ရံ စအိုနေရာမှာ သွေးထွက်ခြင်းများလည်း ဖြစ်နိုင်ပါ တယ်။ လိပ်ခေါင်းရောဂါဟာ အနေအထိုင်ပြုပြင်ခြင်း၊ သားရေကွင်းနဲ့စည်းခြင်း၊ ဆေးထိုးခြင်း စတဲ့နည်းလမ်းများနဲ့ သက်သာပျောက်ကင်းနိုင်ပေမယ့် ဂရင်ဂျီနာ ကတော့ အထူးကုဆရာဝန်များနဲ့ ခွဲစိတ်ကုသမှပျောက်ကင်းနိုင်ပါတယ်။

ဂရင်ဂျီနာဟာ သူ့အလိုအလျောက်သက်သာသွားနိုင်လား? ဘယ်အချိန်မှာဆရာဝန်နဲ့ ပြရမလဲ?

ဂရင်ဂျီနာဟာ အများအားဖြင့် နာတာရှည် ဖြစ်တတ်ပြီး သူ့အလိုအလျောက် မကောင်းသွားနိုင်ပါဘူး။ ထိရောက်စွာကုသပျောက်ကင်းဖို့နဲ့ ဝမ်းမထိန်းနိုင်ခြင်း မဖြစ်ဘဲ ပြန်လည်ဖြစ်ပွားန်ိုင်မှု ကိုလျှော့ချနိုင်ဖို့ ဆိုရင် ခွဲစိတ်ကုသရမှာဖြစ်ပါ တယ်။ တကယ်လို့ ကိုယ့်ရဲ့ စအိုတစ်ဝိုက်နေရာမှာ နာကျင်မှု(သို့) ပြည်ယိုမှု ကြုံတွေ့ရတယ်ဆိုရင် အသင့်တော်ဆုံး ရောဂါရှာဖွေမှုနဲ့ ကုသမှု လုပ်ဆောင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။

ဂရင်ဂျီနာကို ရောဂါရှာဖွေစစ်ဆေးခြင်း

  • လူနာရဲ့ကျန်းမာရေးရာဇဝင်ကိုသုံးသပ်စစ်ဆေးခြင်း - ဆရာဝန်မှ လူနာရဲ့ လက္ခဏာနဲ့ ကျန်းမာရေးရာဇဝင်ကို မေးမြန်းပြီး ရောဂါရှာဖွေစစ်ဆေးမှုကို စတင်မှာဖြစ်ပါတယ်။
  • ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု - လူနာရဲ့ စအိုနေရာတစ်ဝိုက်အရေပြားမှာ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း၊ သွေးထွက်ခြင်း စတာတွေ ရှိ မရှိကို ဆရာဝန်က စစ်ဆေးမှာဖြစ်ပါတယ်။
  • MRI ဖြင့်စစ်ဆေးခြင်း - အခြားကြွက်သားများနှင့်ဆက်နေသော ဂရင်ဂျီနာ (Complex Anal Fistulas) ဖြစ်နေတယ်လို့ သံသယရှိတယ် (သို့) ဂရင်ဂျီနာကို ရှာဖွေဖို့ ခက်တယ်ဆိုရင် အတွင်းဘက်နဲ့ အပြင်ဘက်ကြား ဂရင်ဂျီနာလမ်းကြောင်းကို ပိုမိုကောင်းမွန်ပြီး ရှင်းလင်းပြတ် သားတဲ့ပုံရိပ် အဖြစ်မြင်တွေ့နိုင်ဖို့အတွက် MRI နည်းပညာနဲ့ ဆရာဝန်က စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဆရာဝန်အတွက် အတိကျဆုံးနဲ့ အထိရောက်ဆုံး ကုသမှုကို ထောက်ပံ့ပေးပါတယ်။

ဂရင်ဂျီနာရောဂါကို မခွဲစိတ်ဘဲ ကုသလို့ရနိုင်လား?

လောလောဆယ်မှာ မရှိသေးပါဘူး။ ဂရင်ဂျီနာကို ခွဲစိတ်ကုသမှုတစ်ခုတည်းနဲ့သာ ကုသနိုင်ပါတယ်။

ဂရင်ဂျီနာခွဲစိတ်ကုသမှုနည်းလမ်းများ

ခွဲစိတ်ကုသမှုဟာ ဂရင်ဂျီနာတည်နေရာနဲ့ အတိမ်အနက်ပေါ် မူတည်ပါတယ်။ အဓိကအားဖြင့် ခွဲစိတ်ကုသမှုရဲ့ ရည်ရွယ်ချက်ဟာ စအိုမှာဖြစ်ပေါ်နေတဲ့ ဂရင်ဂျီနာ ကို ဖယ်ရှားဖို့၊ ပြန်လည်ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ဖို့ နဲ့ စအိုဝ ကြွက်သားကွင်းကို မထိခိုက်စေဖို့ဖြစ်ပါတယ်။ စအိုဝကြွက်သားကွင်းကို ထိခိုက်မိရင် ဝမ်းမထိန်းနိုင်ခြင်းကို ဖြစ်စေပါတယ်။

 ရိုးရိုးဂရင်ဂျီနာ

ရိုးရိုးဂရင်ဂျီနာကို သာမန်ခွဲစိတ်ကုသမှုနည်းလမ်း ( Fistulotomy (သို့) Fistulectomy ခေါ် အနာကိုခွဲစိတ်ခြင်း) နဲ့ ကုသနိုင်ပါတယ်။ Fistulotomy နည်းလမ်းအရ ခွဲစိတ်ဆရာဝန် မှ ပြည် နဲ့ ရောဂါပိုးဝင်ရောက် နေတဲ့ တစ်ရှူး အစိတ်အပိုင်းတွေကို ဖယ်ထုတ်ဖို့ ဂရင်ဂျီနာရဲ့ အတွင်းဘက်အနာအပေါက်ကို အနည်းငယ်ခွဲ လိုက်မှာဖြစ်ပါတယ်။ Fistulectomy နည်းလမ်းမှာတော့ ဂရင်ဂျီနာလမ်းကြောင်း(Fistula Tract) တစ်ခု လုံးကို ခွဲစိတ်ဖယ်ရှားမှာဖြစ်ပါတယ်။ ဖယ်ထုတ်လိုက်တဲ့နေရာမှာ တစ်ရှူးအသစ် တွေ ပြန်လည်ဖြစ်ပေါ်နေရာယူပြီး အနာဟာ အလိုအလျောက် ပြန်ကောင်းသွား မှာဖြစ်ပါတယ်။ တစ်ရှူးတွေပြန်ကောင်းဖို့အတွက် အနည်းဆုံး တစ်လလောက် အချိန်ယူရမှာပါ။ Fistulectomy နည်းလမ်းနဲ့ ဆိုရင် (၉၀) ရာခိုင်နှုန်း သက်သာပျောက်ကင်းနိုင်ပြီး ပြန်လည်ဖြစ်ပေါ်နိုင်ခြေ (၁၀) ရာခိုင်နှုန်း သာ ရှိပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းနဲ့ ခွဲစိတ်ကုသမယ့် ဆရာဝန်ဟာ ကျွမ်းကျင်မှု မရှိဘဲ စအိုဝကြွက်သားကွင်း(Sphincter Muscles) ကို ပိုပြီး ဖြတ်မိ လိုက်မယ်ဆို ရင် လူနာအနေနဲ့ ဝမ်းမထိန်းနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ရှိလာ မှာဖြစ်ပါ တယ်။ ဒါကြောင့် ခွဲစိတ်မှုပြုလုပ်မယ့်ဆရာဝန်ဟာ ကျွမ်းကျင်မှုမြင့်မားပြီး အတွေ့အကြုံရှိဖို့ လွန်စွာအရေးကြီးပါတယ်။

အခြားကြွက်သားများနှင့်ဆက်နေသောဂရင်ဂျီနာ(Complex Anal Fistulas)

ဂရင်ဂျီနာဟာ အတွင်းနက်ခြင်း(သို့) လမ်းကြောင်းများစွာရှိနေပြီး ဂရင်ဂျီနာ လမ်းကြောင်း တစ်ခုလုံးကို မဖယ်ရှားနိုင်ဘူးဆိုရင် စအိုဝကြွက်သားကွင်း ပမာဏများစွာကို ဖြတ်ထုတ်ဖယ်ရှားဖို့ လိုအပ်ကောင်းလိုအပ်မှာ ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ဝမ်းမထိန်းနိုင်ခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုအခြေ အနေမျိုးမှာ တခြား ခွဲစိတ်မှုနည်းလမ်းများကို အသုံးပြုရပါမယ်။

  • အတွင်းဘက်စအိုဝကြွက်သားကွင်းဂရင်ဂျီနာလမ်းကြောင်းကိုဖယ်ရှားခြင်း (LIFT) – ဒီနည်းလမ်းဟာ စအိုအတွင်းမှ ဘက်တီးရီးယားများ အခေါင်းပေါက် အတွင်းဝင်ရောက်ခြင်းမှ ကာကွယ်ဖို့အတွက် အနာပြွန်ရဲ့ အတွင်းဘက်အပေါက်ကို ပိတ်ဆို့ လိုက်တာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ စအိုဝကြွက်သားကွင်း(Anal Sphincter) ကို မထိခိုက်စေသလို လူနာ အနေနဲ့လည်း ခွဲစိတ်ပြီးနောက် ဝမ်းမထိန်းနိုင်ခြင်းလိုမျိုး နောက်ဆက်တွဲ ပြဿနာများကို ကြုံရမှာမဟုတ်ပါဘူး။
  • Seton ထည့်ခြင်း -  Seton လို့ခေါ်တဲ့ ချည်(သို့) ရာဘာကွင်း ကို အနာ အတွင်းသို့ ထည့်လိုက်ပြီး ရောဂါပိုးများထွက်သွားအောင် ပြုလုပ်တာ ဖြစ်ပါတယ်။ Seton ဟာ တစ်ဖြည်းဖြည်း တင်းကျပ်လာတာနဲ့အမျှ ဂရင်ဂျီ နာ အနာဟာလည်း သေးသထက် သေးသွားကာ ပြန်လည် ကောင်းမွန်လာ ပြီး သူ့အလိုအလျောက် ပြုပြင်ပြီးသားဖြစ်သွားပါတယ်။ ဒီနည်းလမ်းအရ Seton ဟာ စအိုဝကြွက်သားကွင်းကို နှေးကွေးစွာ ဖြတ်တောက်သွား ပေ မယ့် ခန္ဓာကိုယ်အနေနဲ့ တစ်ရှူးများကို တဖြည်းဖြည်း ပြုပြင်နိုင်ဖို့အတွက် အချိန်တစ်ခုရှိပြီး သူ့အစီအစဉ်အတိုင်း လုပ်ဆောင် သွားပါတယ်။ ဒီလိုနဲ့ ဝမ်းမထိန်းနိုင်ခြင်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
  • စအိုတစ်ရှူးများဖြင့်အစားထိုးခြင်း(Advancement Rectal Flap) - ဒီနည်းလမ်းဟာ ဂရင်ဂျီနာအနာရဲ့ အတွင်းဘက်အပေါက်ကို မဖယ်ရှားခင် စအိုနံရံအနားသားများမှ ချွဲပြစ်ပြစ် တစ်ရှူးများကို ထုတ်ယူတာ ဖြစ်ပါတယ်။ အဆိုပါတစ်ရှူးများကို ပြုပြင်ထားတဲ့နေရာမှာဖုံးအုပ်ဖို့ အသုံးပြုပါတယ်။ ဒီကုသမှုနည်းလမ်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အတွင်းဘက် အပေါက်ကို ပိတ်ဖို့နဲ့ အတွင်းဘက်မှဘတ်တီးရီးယားများဝင်ရောက်မှုကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ အပြင်ဘက်မှ အစိတ်အပိုင်းဟာ တစ်ဖြည်းဖြည်း ပြန်လည် ကောင်းမွန်သွားပါတယ်။
  • လေဆာပစ်ခြင်း - ဒီနည်းလမ်းဟာ လမ်းကြောင်းတစ်ခုလုံးကို ပိတ်ပစ်ဖို့ အတွက် ဂရင်ဂျီနာရဲ့ အတွင်းဘက်အပေါက်ဆီ လေဆာသတ္တုချောင်းကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ လေဆာမှာပါဝင်တဲ့ စွမ်းအင်များဟာ ပြည်တည်နေတဲ့ တစ်ရှူးများကို ဖျက်ဆီးပစ်လိုက်ပြီး အမာရွတ်တစ်ရှူး များကို ကျုံ့သွားစေပါတယ်။ ဂရင်ဂျီနာရဲ့ အတွင်းဘက်အပေါက်မှ အပြင်ဘက်အပေါက်ဆီလေဆာသတ္တုချောင်းကို ပြန်လည် ဆွဲထုတ်တဲ့အခါ နောက်မှာ ကျန်ခဲ့တဲ့ လမ်းကြောင်းကို ပိတ်ထားပြီးသား ဖြစ်သွားပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်း(၄)ခုကလွဲလို့ ရာနှုန်းပြည့်ထိရောက်တဲ့ တခြား နည်းလမ်းမရှိပါဘူး။ ဖော်ပြပါနည်းလမ်းတွေဟာလည်း ထိရောက်မှု (၆၀) ရာခိုင်နှုန်းမှ (၇၀) ရာခိုင်နှုန်းလောက်သာရှိပြီး ပြန်လည်ဖြစ်ပွားနိုင်ခြေရှိနေပါ သေးတယ်။ တကယ်လို့ ပထမတစ်က်ြိမ်ကုသမှုအတွင်း စအိုဝကြွက်သားကွင်း ကို မဖယ်ရှားနိုင်ခဲ့ခြင်း(သို့) ပိုပြီးဖြတ်တောက်မိလိုက်တာကြောင့် မအောင်မြင်တဲ့ အခြေအနေမှာ နောက်တစ်ကြိမ်ထပ်မံကုသမယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။

ခွဲစိတ်မှုမတိုင်ခင်ဘာတွေပြင်ဆင်ရမလဲ?

  • သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ နှလုံးလျှပ်စစ်စွမ်းရည်တိုင်းတာခြင်း(EKG) ၊ X-Ray ဖြင့်စစ်ခြင်းကဲ့သို့ ဓာတ်ခွဲခန်းစစ်ဆေးမှုများကို ဆရာဝန်ရဲ့ ညွှန်ကြား ချက်အရ လုပ်ဆောင်ရပါမယ်။ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအရ ပုံမှန် မဟုတ်တဲ့ရလဒ်တချို့ တွေ့ရမယ်ဆိုရင် တခြား သက်ဆိုင်ရာအထူးကု ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။
  • Iတကယ်လို့ လူနာမှာ တခြားရောဂါအခံရှိမယ်၊ ပုံမှန်သောက်နေရတဲ့ ဆေးတွေရှိမယ်၊ Asprin/Warfarin လိုမျိုး သွေးခဲစေတဲ့ ဆေးတွေ သောက် နေရတယ်ဆိုရင် ခွဲစိတ်မှုမတိုင်ခင် (၅)ရက်-(၇)ရက်အတွင်း ခနရပ်ထားဖို့ လိုပါတယ်။
  • ဂရင်ဂျီနာအနာကနေ သွေး(သို့)ပြည် ပမာဏများစွာထွက်နေမယ်ဆိုရင် ခွဲစိတ်ခန်းသုံးပိတ်စ(သို့)အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်သုံးပြီး ကပ်ထားနိုင် ပါတယ်။
  • လူနာဟာ လွန်ကဲစွာနာကျင်မှုခံစားနေရတယ်ဆိုရင် အကိုက်အခဲပျောက် ဆေးသောက်နိုင်သလို ရေများများသောက်ခြင်းဖြင့်လည်း လျှော့ချနိုင်ပါ တယ်။
  • လှုပ်ရှားမှုများဟာ တင်ပါး(သို့) စအိုနေရာတစ်ဝိုက်ကို ဖိအားသက်ရောက် စေတာကြောင့် မလိုအပ်တဲ့ နာကျင်မှုတွေကို ရှောင်ရှားဖို့ဆိုရင် လှုပ်ရှားမှု မပြုလုပ်ရပါဘူး။

ပြန်လည်သက်သာလာချိန်နှင့်ခွဲစိတ်ပြီးနောက်ပိုင်းဆင်ခြင်ရမည့်အချက်များ

သာမန်ဂရင်ဂျီနာခွဲစိတ်ကုသမှုအတွက် ဆေးရုံတစ်ရက်တက်လိုက်ရင် လုံလောက် ပါတယ်။ အခြားကြွက်သားများနှင့်ဆက်နေသောဂရင်ဂျီနာ(Complex Anal Fistulas) အတွက် လူနာဟာ ဆေးရုံမှာ (၁)ရက်-(၂)ရက်လောက် နေဖို့လို ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်လိုက်နာရမယ့်အောက်ပါအချက်များကိုလည်း လုပ်ဆောင်သင့်ပါတယ်။

  • အိမ်မှာနေတဲ့အခါ မနက်ပိုင်းအချိန်မှာ အနာကို ပုံမှန် ဆပ်ပြာအနည်း ငယ်ရော ထားတဲ့ ရေနဲ့ ဆေးပြီး ရေသန့်သန့်နဲ့ ပြန်ဆေးပေးရပါမယ်။ ညပိုင်းနဲ့ ဝမ်းသွားပြီးတဲ့အချိန်တိုင်းမှာ အနာဖြစ်တဲ့ နေရာတစ်ဝိုက်ကို အဝတ်ခြောက်နဲ့ ဖြည်းဖြည်းချင်း သုတ်ပေးပါ။ အနာသက်သာလာတဲ့ အထိ (၄)ပတ်မှ (၆)ပတ်အထိ ဒီနည်းအတိုင်းလုပ်ပေးရမှာဖြစ်ပါတယ်။
  • သွေး (သို့) ပြည်ထွက်လာတဲ့အခါ အဝတ်အစားတွေကို မပေစေဖို့အတွက် ခွဲစိတ်ခန်းသုံးအဝတ်(သို့)အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်(သို့) တဘက်စ နဲ့ ကပ်ပေးပါ။
  • ပုံမှန်အတိုင်းစားပါ။ ဆိုလိုတာက ပျော့တဲ့အစားအစာ စားသုံးမှုကို ကန့်သတ်စရာမလိုပါဘူး။
  • ခွဲစိတ်မှုပြီးတဲ့နောက် ဝမ်းသွားခြင်းကို အထောက်အကူပြုစေဖို့အတွက် ဆရာဝန်မှ ဝမ်းနုတ်ဆေး(သို့) ဝမ်းပျော့ဆေး သောက်ဖို့ ညွှန်ကြား မှာ ဖြစ်ပါတယ်။
  • လူနာရဲ့အခြေအနေအပေါ်မူတည်ပြီး အက်ိုက်အခဲပျောက်ဆေး(သို့) ပိုးသတ်ဆေးများသောက်ဖို့ ဆရာဝန်မှ ညွှန်ကြားကောင်း ညွှန်ကြားနိုင် ပါတယ်။
  • သက်သာလာပြီးနောက် ကားပြန်မမောင်းခင် အိမ်မှာ (၂)ရက်-(၃)ရက် လောက်နားပြီး အားပြန်ဖြည့်သင့်ပါတယ်။
  • ဆရာဝန်ရဲ့ညွှန်ကြားချက်အရ လေ့ကျင့်ကျင့်ခန်းပြုလုပ်ခြင်းကို ရှောင်ကျဉ်ပါ(သို့) ခန္ဓာကိုယ်အသုံးပြုရတဲ့ လှုပ်ရှားမှုများကို ရှောင်ကျဉ်ပါ။

ဘေးထွက်ဆိုးကျိုးနှင့်ပြန်လည်ဖြစ်ပွားနိုင်မှု

ဆရာဝန်များအနေနဲ့ အဓိက ဦးစားပေးစဉ်းစားလုပ်ဆောင်တဲ့အချက်ကတော့ စအိုဝကြွက်သားကွင်းကို အများကြီးဖြတ်ထုတ်ခြင်း(သို့)ဖယ်ရှားခြင်းကြောင့် ဖြစ်လာတဲ့ ဝမ်းမထိန်းနိုင်ခြင်းကို မဖြစ်စေဖို့ပါ။ ဒါကြောင့် ဆရာဝန်များဟာ ဂရင်ဂျီနာ အမျိုးအစားနဲ့ အတိမ်အနက်ကိုစစ်ဆေးပြီးတဲ့အခါ လူနာနဲ့ ကိုက်ညီမှု အရှိဆုံး ခွဲစိတ်မှုနည်းလမ်းကို ရွေးချယ်ဆုံးဖြတ်ပါတယ်။ ကုသမှုတစ်ခုချင်းစီ အလိုက် ခွဲစိတ်ဆရာဝန်များရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံဟာလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဂရင်ဂျီနာအမျိုးအစားအပေါ်မူတည်ပြီး ရောဂါပြန်လည်ဖြစ်ပွားနိုင်မှု ကွာခြားသွားပါတယ်။

ရောဂါပြန်လည်ဖြစ်ပွားမှုကိုဘယ်လိုကာကွယ်မလဲ?

ခွဲစိတ်မှုအပြီး အနာကို ကိုယ်တိုင်ဂရုစိုက်ခြင်းဟာ ပြန်လည်ဖြစ်ပွားလာန်ိုင်မှုကို လျှော့ချပေးပါတယ်။ ပြန်လည်ဖြစ်ပေါ်မှုကိုကာကွယ်နိုင်တဲ့နည်းလမ်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ရိုးရိုးဂရင်ဂျီနာခွဲစိတ်မှုအတွက် ပြန်လည်ဖြစ်ပွားလာမှုကို ကာကွယ်နိုင်ဖို့ ဆရာဝန် များမှ ခွဲစိတ်ပြီးနောက်စောင့်ရှောက်မှုများကို အကြံပေးညွှန်ကြား လေ့ရှိပါတယ်။ လူနာများအနေနဲ့ ခွဲစိတ်ကုသပြီးနောက် အနေအထားမမှန် ဘဲ အရေပြားများတွဲဆက်သွားခြင်း(သို့) အခေါင်းပေါက်အသစ်တစ်ခု ဖြစ်ပေါ်ခြင်း မှ ကာကွယ်ဖို့အတွက် အနာနေရာကို နေ့စဉ် လက်နဲ့ ခပ်ဖွဖွ ဖိနှိပ်ပေးရပါမယ်။ ဒါဟာအရေးကြီးပါတယ်။ ဒီနည်းလမ်းအတိုင်း မှန်ကန်စွာ လုပ်ဆောင်မယ်ဆိုရင် ပြန်လည်ဖြစ်ပွားနိုင်မှုဟာ (၁၀)ရာခိုင်နှုန်းအောက် လျော့နည်းပါတယ်။
  • အခြားကြွက်သားများနှင့်ဆက်နေသောဂရင်ဂျီနာ(Complex Anal Fistulas)အတွက် ခွဲစိတ်ကုသမှုပြီးနောက်မှာ ဂရုမစိုက်ဘဲ ထားလိုက်မယ် ဆိုရင် ပြန်လည်ဖြစ်ပွားနိုင်မှု (၂၀)-(၃၀) ရာခိုင်နှုန်းရှိပါတယ်။  ဒါပေမယ့် ကောင်းကျိုးအနေနဲ့က လူနာဟာ ပြန်လည်ဖြစ်ပွားခဲ့မယ်ဆိုရင်တောင် မူလကုသမှုနည်းလမ်းကို နောက်ထပ် (၂)ကြိမ်-(၃)ကြိမ် အထိ ထပ်မံ လုပ်ဆောင်နိုင်ပါတယ်။ စအိုဝကြွက်သားကွင်းကို  အများကြီးဖြတ်တောက် လိုက်စရာ မလိုတာ ကြောင့် ဆုံးရှုံးမှုလည်း မများသလို ဝမ်းမထိန်းနိုင်ခြင်း ပြဿနာအတွက်လည်း ခေါင်းစားနေစရာမလိုပါဘူး။

Bangkok’s Most Trusted Surgical Team

ယခင်က တင်ပါးမှာ ပြည်တည်နာ ပေါက်တယ်ဆိုရင် ပြည်ထွက်သွားအောင် ဖောက်လိုက်ရုံပါပဲ။ ဒါပေမယ့် တခြားရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်ခြင်းမရှိတာကြောင့် အနာချပ်သွားခဲ့တယ်ဆိုရင်တောင် အတွင်းဘက် အပေါက် နဲ့ အပြင်ဘက်အပေါက် နေရာတွေ ကျန်နေသေးတာကြောင့် ဂရင်ဂျီနာအဖြစ် ပြည်လည် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ  ကျွမ်းကျင်ဆရာဝန်များမှ ရုပ်ပိုင်း ဆိုင်ရာစစ်ဆေးမှုများကို ကြိုတင်လုပ်ဆောင် ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ပြည်တည်နာမှာ အပြင်ဘက်အပေါက်မရှိဘူး အတွင်းဘက်အပေါက်ရှိနေတယ်ဆိုရင် ခွဲစိတ်ဆရာဝန်က နောက်တစ်ကြိမ် ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။ တကယ်လို့အနာက ပွင့်နေတယ် ဆိုရင် အခေါင်းပေါက်ဖြစ်ပြီး နာတာရှည်အဆင့်ထိမဖြစ်အောင် ချက်ချင်းဖယ်ရှား ရမှာဖြစ်ပါတယ်။

ဘန်ကောက်မြို့ရဲ့ယုံကြည်စိတ်အချရဆုံးခွဲစိတ်ကုသမှုအဖွဲ့

ဆစ်မီတဝေ့ဆေးရုံရဲ့ ခွဲစိတ်ဆေးခန်း Surgery Clinic ဟာ ထိုင်းန်ိုင်ငံတွင်းနဲ့ ပြည်ပ လူနာများအတွက် အမြင့်မားဆုံးသော အရည်အသွေးများနဲ့ ဝန်ဆောင် ပေး လျက်ရှိပါတယ်။ နှစ်ပေါင်းများစွာအတွေ့အကြုံရှိ တတ်ကျွမ်း ခွဲစိတ်ဆရာဝန်များရဲ့ ဦးဆောင်မှုနဲ့အတူ လိုအပ်တဲ့လူနာများအတွက် စိတ်ချရပြီး ထိရောက်မှုရှိတဲ့ ခွဲစိတ်မှုများကို ဂုဏ်ယူစွာဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ မှန်ကန်တဲ့ခွဲစိတ်ဆရာဝန်ကိုရွေးချယ်နိုင်ခြင်းဟာ အရေးအကြီးဆုံး အချက် ဆိုတာကို ဆစ်မီတဝေ့ဆေးရုံအနေနဲ့ နားလည်ထားသည့်အားလျော်စွာ ကျွန်တော်တို့ရဲ့ကုသမှုအဖွဲ့မှာ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ ခွဲစိတ်ဆရာဝန် များကို ရွေးချယ်ဖွဲ့စည်းထားပါတယ်။ ဆစ်မီတဝေ့ဆေးရုံဟာ နိုင်ငံတကာအဆင့်မီ ဆေးရုံများသာ ရရှိတဲ့ JCI အသိအမှတ်ပြုမှုကို ရရှိထားကြောင်းကိုလည်း ဂုဏ်ယူ စွာနဲ့ အားလုံးကို အသိပေးအပ်ပါတယ်။

ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။

  • အွန်လိုင်းဗီဒီယိုကောလ်မှတစ်ဆင့်ဆရာဝန်နှင့် ကုသမှုအစီအစဉ် ဆွေးနွေးတိုင်ပင်ခြင်း (ဒုတိယရွေးချယ်မှု) ။
  • တခြားဆေးရုံမှ ဆေးမှတ်တမ်းများနဲ့ ခန့်မှန်းကုန်ကျစရိတ်များရှိ ခဲ့မယ်ဆိုရင်လုပ်ဆောင်နိုင်တဲ့ ကုသမှုစီစဉ်ရေးဆွဲခြင်း။
  • ဆစ်မီတဝေ့ရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့ (Appraisal Team) မှ အာမခံ ဈေးနှုန်းနဲ့အတူ ကုန်ကျစရိတ်တွက်ချက်ရေးဆွဲခြင်း။ ( နောက်ဆက်တွဲ ရောဂါမရှိသည့်ကုသမှုအစီအစဉ်များအတွက်သာ)
  • ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင်သည့်ပမာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း။ (ဆေးရုံနှင့်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)

Seamless Care Anywhere: Samitivej's Pioneering Online Services for International Patients

  • Online Consultation: Patients can consult a specialist doctor by submitting a medical report and participating in a video call regarding treatment plans via Samitivej Virtual Hospital.
  • Samitivej PACE: The access link to this application will be sent to patients so they can forward it to their relatives to use for real-time monitoring during surgery. They can check the patient’s status at any time, for instance, while they are waiting to enter the operating room or patient recovery rooms.

  • Samitivej PROMPT: This service is provided to patients to send a message to their doctor and choose the times of day during in which they do not wish to be disturbed. It also displays initial hospital bill.
  • Online Follow-up Appointment: Patients may change their on-site follow-up appointment to a video call at the discretion of the doctor in charge of treatment.

Get Professional Help Today

SEND AN INQUIRY OR SCHEDULE AN APPOINTMENT

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။