ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ

ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ

စိတ်ဝင်စားဖွယ်ရာအချက်အလက်များ

  • ကိုယ်ဝန်ဆောင်အမျိုးသမီးများဟာ ခေါင်းကိုက်ခြင်းဝေဒနာကို အမြဲတမ်းကြုံတွေ့နိုင်ပါတယ်။ ဒီလိုဝေဒနာတွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ အကျိုးဆက်ဖြစ်နိုင်သလို ပိုပြီးသတိထားရ မယ့် ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်စဉ်ကာလမှာ နာကျင်မှုကိုသက်သာစေဖို့ NSAIDs (Nonsteroidal anti-inflammatory drug) လို့ခေါ်တဲ့ စတီးရွိုက်မဟုတ်သော အရောင်ကျဆေးမျိုးကို မမှီဝဲသင့် ပါဘူး ။ အဲ့လိုဆေးတွေဟာ သားအိမ်ညှစ်ခြင်း အပေါ်မှာ သက်ရောက်မှုရှိစေလို့ ဖြစ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း (Maigraines) ဆိုတာက ပုံမှန်ခေါင်းကိုက်တာထက်ပိုပြီးပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်ပြီး တစ်ဖက်တည်း(ခေါင်းကိုက်တိုင်း အမြဲလိုလိုတစ်ဖက်ပဲကိုက်ခြင်း) တဆစ်ဆစ် ကိုက်နေတတ်သလို နှစ်ဖက်လုံး ကိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခဏခဏ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားနိုင်သလို တစ်ခါတစ်ရံ ခေါင်းတစ်ခြမ်းမကိုက်ခင်မှာ ရှေ့ပြေး လက္ခဏာမပြဘဲ (သို့) လက္ခဏာပြပြီးတော့မှ ခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ အလင်းရောင် ၊ အသံနဲ့ အနဲ့တွေကြေင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုဖြစ်စေတတ်ပြီး နောက်ဆက်တွဲအဖြစ် မအီမသာဖြစ်ခြင်းနဲ့ အော့အန်ခြင်းများ ဖြစ်စေတတ်ပါတယ်။

ကလေး၊ လူကြီး အသက်အရွယ်မရွေး ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇ ၊ စိတ်ဖိစီးမှု ၊ လိင်ဟော်မုန်း ၊ မွေးရာပါကျန်းမာရေးပြဿနာများနဲ့ တချို့ဆေးဝါးများကိုကြာရှည်စွာ သောက်သုံးခြင်းတို့ဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားနိုင်ခြေ (၃) ဆအထိ ရှိပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရပြီဆိုရင်တော့ သေချာစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီး ရောဂါအဖြေရှာသင့်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များမှာခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်စေနိုင်သည့်အကြောင်းအရင်းများ

ကိုယ်ဝန်ဆောင်မိခင်ရယ်လို့ဖြစ်လာပြီဆိုရင် ခေါင်းကိုက်ခြင်းဝေဒနာကို အချိန်မရွေးခံစားရနိုင် ပါတယ်။ ဒါဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းလက္ခဏာဟာ ကိုယ်ဝန်ဆောင်အမျိုးသမီး တွေအတွက် အရမ်းအန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်ဖို့ ရှေ့ပြေးဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတွေ နဲ့ ခေါင်းကိုက်ခြင်းဝေဒနာအမျိုးအစားတွေကို သေသေချာချာ သိထားဖို့လိုပါတယ်။ ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ?

  • ဟော်မုန်းအပြောင်းအလဲ ဟာ ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမသုံးလ ကာလမှာဖြစ်တတ်ပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒုတိယသုံးလ အချိန်ကိုရောက်ရင်တော့ ဟော်မုန်းပမာဏ တည်ငြိမ်ပြီး ခန္ဓာကိုယ်ကလည်း ဒီအပြောင်းအလဲကို လက်ခံနိုင်ပြီမို့ ခေါင်းကိုက်ခြင်းမရှိတော့ပါဘူး။
  • အထိုင်အထမှာကိုယ်နေဟန်ထားမညီခြင်း ကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။ အထူးသဖြင့် တတိယသုံးလ အချိန်ဟာ ကိုယ်ဝန်ဆောင်အတွက် အကြီးမားဆုံးအနေအထား ဖြစ်ပြီး အပိုဝန်ထမ်းထားရတဲ့ ကြွက်သားအစုတွေအပေါ် အများကြီးသက်ရောက်မှုရှိပါတယ်။ ကိုယ်ဝန်ဆောင်တစ်ဦးရဲ့ ကိုယ်နေဟန်ထားမညီမျှမှုကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်န်ိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အနေနဲ့ ပုံမှန်မဟုတ်တာတွေများလာပြီး ဒီလိုခေါင်းတစ်ခြမ်း ကိုက်ဝေဒနာ ခံစားရခြင်းဟာ သွေးပေါင်ချိန်တိုးခြင်း (သို့) ကိုယ်ဝန်ဆိပ်တက်ခြင်း. တို့လို နောက်ဆက်တွဲပြဿနာတွေအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်လို့ ဆရာဝန်နဲ့ မဖြစ်မနေ ချက်ချင်းပြသင့်ပါတယ်။
  • အာဟာရဓာတ်ချို့တဲ့ခြင်းနဲ့အစားမစားခြင်း ကြောင့် ခေါင်းကိုက်တတ်ပါတယ်။ တချို့အမျိုးသမီးတွေ ခန္ဓာကိုယ်အလေး ချိန်တက်မှာစိုးလို့ မစားဘဲနေခြင်းဟာ အာဟာရချို့တဲ့ခြင်းကို ဖြစ်စေပါတယ်။
  • လုံလောက်စွာအနားယူမှုမရှိခြင်း ဟာ သက်သောင့်သက်သာရှိတဲ့ အိပ်စက်မှုပုံစံအနေအထား ရဖို့ခက်ခဲခြင်းကြောင့်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလတွင်း ညဘက်အိပ်မပျော်ခြင်းဟာ လည်း ခေါင်းကိုက်ခြင်း ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။
  • လက်ဖက်ရည်နှင့်ကော်ဖီဖြတ်လိုက်ခြင်း ကြောင့် ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ ကဖင်းဓာတ်မရတော့ ဘဲ ခေါင်းကိုက်ခြင်းဝေဒနာကို ဖြစ်စေပါတယ်။
  • စိတ်ဖိစီးမှုနှင့်စိုးရိမ်ပူပန်မှု ဟာ ခေါင်းကိုက်ခြင်းဝေဒနာခံစားရဖို့ အစပျိုးခြင်း ဆိုတာကို လည်း သိထားရပါမယ်။
  • ရေဓာတ်ခန်းခြောက်ခြင်း ဟာလည်းသတိထားစောင့်ကြည့်ရမယ့် အကြောင်းရင်းတစ်ချက်ပါ။ တချို့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ခဏခဏ အိမ်သာသွား(အပေါ့သွား) ဖို့ကို မလိုလားကြပါဘူး ။ ဒါကိုဖြေရှင်းဖို့အတွက် တကယ်လိုအပ်တဲ့ ရေပမာဏထက်လျှော့ သောက်လိုက်မယ်ဆိုရင် ရေဓာတ်ခန်းခြောက်ပြီး ခေါင်းကိုက်နိုင်ပါတယ်။

ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့သတိပေးနေတဲ့လက္ခဏာများ

ခေါင်းတစ်ခြမ်းကိုက်ခြင်း  ဝေဒနာဟာ ကိုယ်ဝန်ရဲ့ ဒုတိယသုံးလ နဲ့ တတိယသုံးလ ကာလမှာ ဖြစ်လာခဲ့ရင် မူမမှန်တဲ့ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် အသံတိတ်သတိပေးလိုက်တာဖြစ်ပြီး မိခင်ရောကလေးအတွက်ပါ အရမ်းအန္တရာယ်ရှိတဲ့အခြေအနေဖြစ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်း ၊ သွေးပေါင်ချိန်မြင့်တက်ခြင်း ၊ ကျောက်ကပ်နဲ့အသည်းပုံမှန်မဟုတ်ခြင်းများ ဖြစ်ဖို့ သေချာနေပါပြီ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ပါရာစီတမော လို အကိုက်အခဲပျောက်ဆေးတွေ သောက်သည့်တိုင် ပြင်းထန်စွာခေါင်းကိုက်ခြင်းခံစားနေရသေးတယ်ဆိုရင်တော့ နည်းလမ်းတကျ ကျန်းမာရေးစောင့် ရှောက်မှုတွေ ဆောင်ရွက်သင့်ပါပြီ။ အောက်ပါ ရောဂါလက္ခဏာရပ်တွေကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။

  • ရုတ်တရက်ပြင်းထန်စွာခေါင်းထိုးကိုက်လာခြင်း
  • ဖျားနာခြင်းနှင့်လည်ပင်းတောင့်တင်းခြင်း
  • အမြင်အာရုံမကြည်လင်ခြင်း
  • ရင်ပူခြင်း ၊ မူးဝေခြင်း ၊ မအီမသာဖြစ်ခြင်း
  • ရုတ်တရက်ခန္ဓာကိုယ်အလေးချိန်တက်လာခြင်း
  • မျက်နှာနှင့်လက်များဖောရောင်လာခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကိုဘယ်လိုကုသကြမလဲ

အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဘာဆေးမှမသောက်ချင်ကြတာ ထုံးစံပါ။ ဒါပေမယ့်လည်း ပါရာစီတမောအပါအဝင် ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုသက်သာစေတဲ့ သောက်ဆေး များ ရှိသလို ရေအေးဖတ်ကပ်ခြင်း ၊ ခေါင်းကိုနှိပ်နယ်ပေးခြင်း ၊ အနားယူခြင်း ၊ ငြိမ့်ညောင်းတဲ့ဂီတသံစဉ် များနားထောင်ခြင်း စတဲ့နည်းလမ်းတွေနဲ့လည်း သက်သာစေပါတယ်။ ပြင်းထန်တဲ့ဆေးဝါးများ သောက်သုံးခြင်းဟာ သားအိမ်ညှစ်ခြင်းဖြစ်စေကာ လမစေ့ဘဲမွေးဖွားခြင်း ၊ ပုံမှန်မဟုတ်တဲ့တခြား သောမီးဖွားမှုဆိုင်ရာပြဿနာများ ဖြစ်လာဖို့ ဦးတည်စေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဘယ်လိုကာကွယ်မလဲ

  • အချိုမှုန့် ၊ ဆေးသကြား ၊ ချိစ် ၊ ဝိုင် ၊ ချောကလက် ၊ လက်ဖက်ရည် ၊ ကော်ဖီ စသည့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို လှုံ့ဆော်ပေးသည့်အစားအစာများ ကို ရှောင်ကျဉ်ပါ ။
  • ရေများများသောက်ပါ ။
  • လုံလောက်စွာအိပ်စက်အနားယူပါ ။ တကယ်လို့ ညဘက်မှာ အိပ်ချိန်မလုံလောက်ခဲ့ရင်တောင် နေ့ဘက်မှာ ခေတ္တအိပ်စက်အနားယူနိုင်အောင်ကြိုးစားပါ။
  • ခေါင်းတစ်ခြမ်းကိုက်လာချိန်မှာ တိတ်ဆိတ်ပြီး အလင်းရောင်မရှိတဲ့အခန်းထဲမှာအနားယူပါ။
  • ရေခဲဝတ်ကပ်ပါ ။ ဆက်စပ်တဲ့နေရာများကိုလည်း ရေပတ်တိုက်ပါ။
  • ခေါင်းကိုက်ခြင်း (သို့)ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာသက်သာဖို့ ကိုယ့်သဘောနဲ့ကိုယ် ဆေးဝယ်သောက်ခြင်းကိုရှောင်ကျဉ်ပါ။ သောက်ဆေးဟာ
  • မိခင်နဲ့ ကလေးအတွက် အန္တရာယ်ရှိ မရှိ ဆန်းစစ်နိုင်ဖို့ ဆရာဝန်ရဲ့လမ်းညွှန်မှုရယူပါ။
  • အစားအသောက်ကို ကျန်းမာရေးညီညွတ်စွာနဲ့သင့်တင့်မျှတအောင်စားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်လျှော့ဖို့မကြိုးစားပါနဲ့။

ခေါင်းကိုက်ခြင်းဟာ ကျားမ မရွေး ၊ အသက်အရွယ်မရွေး အနည်းနဲ့အများဖြစ်တတ်တဲ့ဝေဒနာပါ။ ဒါပေမယ့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကတော့ မခံမရပ်နိုင်တဲ့အထိ ဆိုးဆိုးရွားရွားကိုက်သလို မကြာခဏလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်ခြင်းအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်မလဲဆိုတာကို သဘောပေါက်ထားဖို့လိုပါတယ်။ ကိုယ့်ဘာကိုအန္တရာယ်မရှိအောင် ရောဂါရှာဖွေခြင်း နဲ့ ရောဂါလက္ခဏာတွေကို ဂရုစိုက်စောင့်ကြည့်ဖို့လိုသလို တစ်ဖက်မှာလည်း ခေါင်းကိုက်ခြင်းကို ဘယ်လိုကာကွယ်မလည်းဆိုတဲ့နည်းလမ်းတွေ သဘောပေါက်နားလည်ထားခြင်း ဟာ ကိုယ်ဝန်ဆောင်မိခင်တို့အတွက် လိုအပ်တဲ့စောင့်ရှောက်ကုသမှုရဖို့ အကောင်းဆုံးအခွင့်အရေး ဖြစ်သလို နာကျင်မှုဝေဒနာကိုလည်း ထိရောက်စွာဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။