ကိုယ်ဝန်ဆောင်ချိန်အာထရာစောင်းကြည့်ရှုစစ်ဆေးခြင်း

ကိုယ်ဝန်ဆောင်ချိန်အာထရာစောင်းကြည့်ရှုစစ်ဆေးခြင်း

ကိုယ်ဝန်ဆောင်ချိန်အာထရာစောင်းကြည့်ရှုစစ်ဆေးခြင်း

ကိုယ်ဝန်ဆောင်အာထရာစောင်းရိုက်ခြင်း(Obstetric Ultrasound) ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများရဲ့ သန္ဓေသားမူမမှန်မှုများ စစ်ဆေးခြင်း ၊ သားအိမ်နဲ့ မမျိုးဥအိမ် အပါအဝင် တင်ပါးဆုံအတွင်းအစိတ်အပိုင်းမူမမှန်မှုများစစ်ဆေးခြင်း ၊ ရောဂါရှာဖွေခြင်း စသည်တို့လုပ်ဆောင်ရာမှာသားဖွားဆရာဝန်များအတွက် လွန်စွာအထောက်အကူပြုတဲ့ စစ်ဆေးမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဓာတ်ရောင်ခြည်(Radiation) သုံးစစ်ဆေးမှုနဲ့မတူဘဲ အသံလှိုင်းများကို အသုံးပြု စစ်ဆေးတာကြောင့် စိတ်ချရတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အာထရာစောင်းအမျိုးအစားများ

2D အာထရာစောင်း

  • သန္ဓေသားအရွယ်အစားနဲ့ အင်္ဂါအစိတ်အပိုင်းမူမမှန်မှုများ ၊ မိခင်ရဲ့တင်ပါးဆုံ အစိတ်အပိုင်းများကို ကြည့်ရှုစစ်ဆေးဖို့ ပုံရိပ်တစ်ခု ဖန်တီးပြီးစစ်ဆေး တာဖြစ်ပါတယ်။

3D အာထရာစောင်း

  • သန္ဓေသားမူမမှန်ခြင်းအခြေအနေများမှာ ထိရောက်တဲ့ရောဂါရှာဖွေမှုရရှိဖို့ အတွင်းကျကျမြင်ရတဲ့ပုံရိပ်ငြိမ်တစ်ခုဖန်တီးပြီး 2D အာထရာစောင်းနဲ့တွဲပြီး အသုံးပြုပါတယ်။

4D အာထရာစောင်း

  • သန္ဓေသားတည်ရှိပုံအနေအထားအတွင်းပိုင်းနဲ့အတူ 3D လှုပ်ရှားမှုပုံရိပ်တစ်ခုကို ဖန်တီးပေးပါတယ်။ 4D အာထရာစောင်းအသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက်ဟာ 3D အာထရာစောင်းရည်ရွယ်ချက်နဲ့အတူတူပဲဖြစ်ပါတယ်။

မှတ်ချက် -  ကိုယ်ဝန်ဆောင်စဉ်အတွင်းစစ်ဆေးမှုများကို အဓိကအားဖြင့် 2D အာထရာစောင်းနဲ့လုပ်ဆောင်ပါတယ်။ 3D နဲ့ 4D အာထရာစောင်းများကို တော့ ဆရာဝန်များမှ လုပ်သင့်တယ်လို့ ဆုံးဖြတ်မှသာလျှင် အသုံးပြုကြပါတယ်။

အာထရာစောင်းစစ်ဆေးရမည့်ကိုယ်ဝန်ဆောင်ချိန်အပိုင်းအခြားသတ်မှတ်ချက်များ

အာထရာစောင်းစစ်ဆေးမှုများကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့အညီ ကိုယ်ဝန်ဆောင်အချိန်ကာလတိုင်းမှာ လုပ်ဆောင်နိုင်ပါတယ်။ အာထရာစောင်းအတွက် သင့်တော်တဲ့ ကိုယ်ဝန်ဆောင်ကာလများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၅)ပတ် မှ (၁၁)ပတ်

  • သားအိမ်အတွင်းကိုယ်ဝန်တည်ရှိမှုကိုအတည်ပြုဖို့နဲ့ အမြွှာကိုယ်ဝန်များ ရှိ မရှိကိုရှာဖွေရန်
  • သန္ဓေသားရဲ့အရွယ်အစားကိုတိုင်းတာပြီး ကိုယ်ဝန်ဆောင်ချိန်ကိုဆုံးဖြတ်ရန်
  • အချင်းအမြှေးပါးအောက်သွေးထွက်လွန်ခြင်းကိုရောဂါရှာဖွေမှုပြုလုပ်ရန်
  • သားအိမ်အပြင်ဘက်သန္ဓေတည်သည့်ကိုယ်ဝန်(Ectopic Pregnancy) ၊ မျိုးအောင်သော်လည်းသန္ဓေသားအဖြစ်မဖွံ့ဖြိုးခြင်း(Blighted Ovum) ၊ မျိုးအောင်မှုမူမမှန်သည့်ကိုယ်ဝန်(အာထရာစောင်းရိုက်သည့်အခါကလေးမရှိဘဲ အစေ့ငယ်များသာတွေ့ရသဖြင့် စပျစ်သီးကိုယ်ဝန်ဟုလည်းခေါ်) (Molar Pregnancy) အပါအဝင် ပုံမှန်မဟုတ်သည့်ကိုယ်ဝန်များကိုရောဂါရှာဖွေရန်
  • သားအိမ်အလုံးတည်ခြင်း(Myoma Uteri) နှင့် မမျိုးဥအိမ်ရေအိတ်(သို့) အကျိတ် ရောဂါရှာဖွေစစ်ဆေးရန်

(၁၁)ပတ်မှ(၁၃)ပတ် နှင့် (၆)ရက်

  • သန္ဓေသားအရွယ်အစားတိုင်းတာရန်နှင့်ကိုယ်ဝန်ကာလသတ်မှတ်ရန်
  • သန္ဓေသားလည်ပင်းအရေပြားအောက်တွင် အရည်များစုပုံခြင်းကိုတိုင်းတာရန် (Nucual Translucency ခေါ် အာထရာစောင်းပုံရိပ်) ။ အဆိုပါတိုင်းတာမှု ရလ်ကို မိခင်ရဲ့သွေးစစ်ချက်အဖြေနဲ့ပေါင်းစပ်ပြီး ဒေါင်းလက္ခဏာစစ်ဆေးနိုင်ပါတယ်။
  • သန္ဓေသားမသန်မစွမ်းခြင်းကနဦးအဆင့်များကို စစ်ဆေးရန်
  • မိခင်ရဲ့တင်ပါးဆုံအရိုးတွင်းရှိ သားအိမ် ၊ မမျိုးဥအိမ် စသည့် အစိတ်အပိုင်းများကို စစ်ဆေးရန်

မှတ်ချက် - Nuchal Translucency အာထရာစောင်းအရ သန္ဓေသားဟာ ပုံမှန်မဟုတ်တဲ့ သိပ်သည်းထူထပ်ခြင်း ရှိခဲ့မယ်ဆိုရင် ဒေါင်းလက္ခဏာ(သို့) ခရိုမိုဆုန်းမူမမှန်မှုများနဲ့ သက်ဆိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ခြေလက်အင်္ဂါ ပုံမှန်မဟုတ်ခြင်း၊ မျိုးရိုးဗီဇရောဂါ များအပါအဝင် သန္ဓေသားမူမမှန်မှုများနဲ့ ဆက်စပ်နိုင်ပါတယ်။

(၁၈)ပတ် မှ (၂၃)ပတ်

ဒီကာလဟာ ကိုယ်ဝန်ဆောင်ကာလမှာ အရေးကြီးတဲ့အချိန်ဖြစ်ပြီး အာထရာစောင်း ရိုက်တဲ့အချိန်အကြာဆုံးလည်းဖြစ်ပါတယ် ( မိနစ်(၃၀)မှ တစ်နာရီ)။

  • ဦးခေါင်းခွံ၊ ဦးနှောက်တစ်ရှူး၊ ကျောရိုးနာ့ဗ်ကြောမ ကြီး၊ လက်၊ ခြေထောက်၊ နှလုံး စသည့် ကိုယ်ခန္ဓာဖွဲ့စည်း တည်ဆောက်ပုံနှင့်ဆက်စပ်သည့် မူမမှန်မှုများကို စစ်ဆေးရန်
  • သန္ဓေသားဖွံ့ဖြိုးမှု၊ အချင်းတည်နေရာ၊ ခန့်မှန်းရေမြွှာရည်ပမာဏ စသည်တို့ကို စစ်ဆေးရန်
  • လမစေ့ကလေးမွေးဖွားမှု ဖြစ်နိုင်ခြေကိုခန့်မှန်းဖို့ သားအိမ်ခေါင်းအလျားတိုင်း တာစစ်ဆေးရန်

(၂၈)ပတ်မှ မမွေးဖွားခင်အချိန်ထိ

  • သန္ဓေသားဖွံ့ဖြိုးမှုနဲ့အလေးချိန်ကိုစစ်ဆေးရန်
  • သန္ဓေသားဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေသည်များကိုရှာဖွေစစ်ဆေးရန်
  • အချင်းတည်နေရာ၊ သန္ဓေသားအနေအထားနဲ့ ရေမြွှာရည်ပမာဏကိုစစ်ဆေးရန်
  • လမစေ့ကလေးမွေးဖွားမှု ဖြစ်နိုင်ခြေကိုခန့်မှန်းဖို့ သားအိမ်ခေါင်းအလျားတိုင်း တာစစ်ဆေးရန်
  • အသက်ရှူခြင်း၊ လှုပ်ရှားမှုနဲ့ ရေမြွှာရည်ပမာဏတွက်ချက်ခြင်း စသည်တို့အပေါ် မူတည်ကာ သန္ဓေသားကျန်းမာရေးကိုစစ်ဆေးခြင်း

မှတ်ချက်

  • တကယ်လို့မိခင်ဟာ အန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေမရှိဘူးဆိုရင် ကိုယ်ဝန်ဆောင်ကာလ (၃၀)ပတ်-(၃၂)ပတ်အတွင်းမှာ အာထရာစောင်းနဲ့ စစ်ဆေးဖို့အကြံပြုချင်ပါတယ်။
  • တကယ်လို့ မိခင်ဟာ အန္တရာယ်ဖြစ်နိုင်ခြေရှိတယ်၊ အမြွှာကိုယ်ဝန်(သို့) ရောဂါရှိတယ်ဆိုရင်သန္ဓေသားရဲ့ ကျန်းမာရေး အခြေအနေကို ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း တစ်သဝေမတိမ်း လုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်။

အာထရာစောင်းရဲ့အကျိုးထိရောက်မှုနှင့်ကန့်သတ်ချက်များ

အာထရာစောင်းစစ်ဆေးမှုများဟာ ပုံရိပ်တစ်ခုဖန်တီးဖို့ ရေ လိုအပ်ပြီး တစ်ရှူးများကို ထိုးဖောက်ဖြတ်သန်းမယ့်အသံလှိုင်းများအပေါ်လည်းမူတည်ပါတယ်။ ဒါကြောင့် အာထရာစောင်းတစ်ခုရဲ့ အကျိုးထိရောက်မှုဟာ ရေမြွှာရည်ပမာဏ ၊ မိခင်ရဲ့ဝမ်းဗိုက် အထူအပါး ၊ အဝလွန်ခြင်း ၊ ဝမ်းဗိုက်မှာခွဲထားတဲ့ဒဏ်ရာရှိမရှိ ၊ စမ်းသပ်မှုအတွက် သန္ဓေသားအဆင်သင့်ဖြစ် မဖြစ် စတာတွေအပေါ်မူတည်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။