ကိုယ်ခံအားနဲ့ကင်ဆာကိုတွန်းလှန်ကြမယ်

ကိုယ်ခံအားနဲ့ကင်ဆာကိုတွန်းလှန်ကြမယ်

အနှစ်ချုပ်

  • ကင်ဆာကိုအနိုင်မတိုက်နိုင်တဲ့အကြောင်းရင်းတွေထဲမှာ သဘာဝပတ်ဝန်းကျင်နဲ့နေထိုင်မှုပုံစံ အကြောင်းအရင်း တွေလည်းအပါ  အဝင် ဖြစ်ပါတယ်။  ကင်ဆာကြောင့်သေဆုံးသူများရဲ့ (၅၀) ရာခိုင်နှုန်း ကျော် ဟာ အာရှတိုက်ကဖြစ်ပါတယ်။
  • ကိုယ်ခံစွမ်းအားမြှင့်ကင်ဆာကုထုံး(Cancer Immunotherapy) ဟာ လူနာတစ်ဦးရဲ့ ဘဝတန်ဖိုးကို သိသိသာသာ ပြောင်းလဲပေးနိုင် ပါတယ်။ ပြောရရင်တော့ ကိုယ်ခံစွမ်းအားမြှင့်ကင်ဆာကုထုံး(Cancer Immunotherapy) ဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး ကင်ဆာကိုအောင်မြင်မှုအခွင့်အရေး ပိုမိုများပြား စေပါတယ်။

 

ကင်ဆာရောဂါကို လူသားတွေ ကြံကြံခံတိုက်ခိုက်လာတာဟာ ထောင်စုနှစ်တိုင်ခဲ့ပါပြီ ။ ကံကောင်းထောက်မစွာနဲ့ ယနေ့ခေတ် ကျွန်တော်တို့မှာရှိနေတဲ့ ကုသမှုနည်းပညာတွေကြောင့် အရင်ကထက်စာရင် ဒီရောဂါဆိုးကြီးကို ပိုမို ရှာဖွေသိရှိနိုင်လာပါပြီ။ ဒီလိုရှာဖွေတွေ့ရှိမှုတွေကြောင့် ကနဦးအဆင့် ကင်ဆာဖြစ်ပွားမှုတွေမှာ အောင်မြင်တဲ့ကုသမှုတွေ လုပ်ဆောင်နိုင်လာပြီပဲဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာကင်ဆာ သုတေသန အေဂျင်စီ (IARC) ရဲ့ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအရ တစ်ကမ္ဘာလုံးမှာ ကင်ဆာရောဂါ ဝေဒနာရှင်အသစ် အရေအတွက်ဟာ (၁၈)သန်း ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါနဲ့သေဆုံးခဲ့သူဦးရေဟာလည်း ၂၀၁၈ခုနှစ် တစ်နှစ်တည်းမှာတင် (၉.၆)သန်း ကျော်အထိမြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ ပိုပြီးစိတ်တုန်လှုပ်စရာကောင်းတာကတော့ ကင်ဆာကြောင့် အသက်ဆုံးရှုံးခဲ့ရသူဦးရေရဲ့ (၅၀) ရာခိုင်နှုန်းကျော်ဟာ  အာရှတိုက်မှာသေဆုံးခဲ့ခြင်း ပဲ ဖြစ်ပါတယ်။ အာရှတိုက်သားတွေဟာ ပိုမိုကျန်းမာဖို့ လုံလောက်တဲ့လူနေမှုဘဝပုံစံကို အလေးမထားခြင်းဟာ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။

လူသိများသောကင်ဆာရောဂါကုသမှုများ

  • ခွဲစိတ်ကုသခြင်း
  • ဓာတ်ရောင်ခြည်ကုသမှု
  • ခီမိုဆေးသွင်းခြင်း (Chemotherapy)
  • ကင်ဆာဆဲလ်မော်လီကျူးများကိုပစ်မှတ်ထားကုသသည့်ကုထုံး (Molecular Targeted Therapy)
  • ကိုယ်ခံစွမ်းအားမြှင့်ကင်ဆာကုထုံး (Canncer Immunotherapy)

ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားနှင့်ကင်ဆာကိုတွန်းလှန်ခြင်း

တချို့သောကင်ဆာပုံစံတွေမှာ အဓိကပြဿနာက ကိုယ်ခံအားမှတစ်ဆင့် ပို့လွှတ်လိုက်တဲ့ Signal တွေကို ဟန့်တားခြင်း (သို့မဟုတ်) သွေးဖြူဥ ဆဲလ်တွေကို ရပ်တန့်ပစ်လိုက်ခြင်းဖြစ်ပါတယ်။ အဆိုပါ သွေးဖြူဥတွေဟာ ကင်ဆာဆဲလ်များကိုဖျက်ဆီးခြင်းအားဖြင့် အနှောင့်အယှက်အဟန့်အတား မှန်သမျှကို  ခန္ဓာကိုယ်အတွက် ကာကွယ်ပေးခြင်းကို အဓိက လုပ်ဆောင်ပါတယ်။ အကျိုးတစ်ခု အနေနဲ့ ကင်ဆာဟာ ငုပ်လျှိုးနေပြီး ခုခံအားမှတစ်ဆင့် အဟန့်အတားမရှိ ပျံ့နှံ့သွားပါတော့တယ်။ ဒါကိုပြန်လည် တိုက်ဖျက်ဖို့အတွက် ကိုယ်ခံစွမ်းအားမြှင့်ကင်ဆာကုထုံး(Cancer Immunotherapy)  ဖြစ်ပေါ်လာခဲ့ပါတယ်။

ကိုယ်ခံစွမ်းအားမြင့်ကင်ဆာကုထုံး(Cancer Immunotherapy)ရဲ့ အခြေခံသဘောတရားများ

ခန္ဓာကိုယ်တွင်းက ပုံမှန်မဟုတ်တဲ့ အခြေအနေများက ဆဲလ်များကို တိုက်ခိုက်လိုက်တဲ့အခါမှာ အဲဒီဆဲလ်တွေဟာ ကင်ဆာအသွင်ပြောင်းလဲသွားပြီး ထုထည်(အကျိတ်) ဖြစ်လာပါတယ်။   သွေးဖြူဥ ဆဲလ်များ ဟာ ကင်ဆာဆဲလ်များကို ပုံမှန်ဆဲလ်များမှ ခွဲထုတ်လိုက်ပါတယ်။ ကင်ဆာဆဲလ် အဖြစ်သတ်မှတ်ပြီးနောက် အကျိတ်(ကင်ဆာကျိတ်) အဖြစ်မကြီးထွားခင် သွေးဖြူဥများက ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါပေမယ့် ကင်ဆာဆဲလ် တွေဟာ ပိုမိုအာကောင်းလာရင် (သို့မဟုတ်) တစ်ခုခုကြောင့် ခုခံအားနည်းသွားခဲ့ရင် အဆိုပါကင်ဆာဆဲလ်တွေ ပိုပြီးကြီးထွားလာမှာဖြစ်ပါတယ်။ အဲဒီနောက် ကင်ဆာဆဲလ်တွေဟာ သွေးဖြူဥများရဲ့ ရှာဖွေသိရှိနိုင်စွမ်းကို ဆန့်ကျန်ပြီး ကာကွယ်တဲ့ ဓာတုပစ္စည်းတွေကို ထုတ်လုပ်ပေးပါတော့ တယ်။ ဒီအဆင့်ဆိုရင် ကင်ဆာဆဲလ်တွေကိုဖျက်ဆီးဖို့ မဖြစ်နိုင်တော့ပါဘူး။ ကိုယ်ခံစွမ်းအားမြှင့်ကင်ဆာဆေး(Cancer Immunotherapy Drugs) များဟာ သွေးဖြူဥဆဲလ် များရဲ့ လုပ်ဆောင်မှုကိုမြှင့်တင်ပေးပါတယ်။ အလွယ်ပြောရရင် ကင်ဆာရောဂါကို သိရှိနိုင်အောင်နဲ့ ဖျက်ဆီးပစ် နိုင်အောင် ကင်ဆာဆေးတွေက သွေးဖြူဥတွေအတွက် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

 

 

ခီမိုဆေးသွင်းခြင်း(Chemotherapy) ၊ ကင်ဆာဆဲလ်မော်လီကျူးများကိုပစ်မှတ်ထားကုသသည့် ကုထုံး(Molecular Targeted Therapy)နှင့် က်ိုယ်ခံစွမ်းအားမြှင့်ကုထုံး(Immunotherapy) တို့၏ အဓိကကွဲပြားမှုများ

ခီမိုဆေး (Chemotherapy Drugs) များဟာ ကင်ဆာဆဲလ်တွေသာမကဘဲ ခန္ဓာက်ိုယ်တွင်းက ကျန်းမာတဲ့ ဆဲလ်တွေကိုပါ အဓိကပစ်မှတ် ထားပါတယ်။  ကင်ဆာဆဲလ်မော်လီကျူးများကို ပစ်မှတ်ထားကုသသည့်ကုထုံး (Molecular Targeted Therapy) ရဲ့ ထူးထူးခြားခြား လုပ်ဆောင်ချက် ကတော့ လူနာတစ်ဦးချင်းစီအတွက်သတ်မှတ်ထားတဲ့ ကုသမှုဖြစ်ပါတယ်။ ဒါကြောင့် ဆေးတစ်ခုခုပေးတော့မယ်ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေနေနဲ့ လူနာရဲ့ သီးသန့်လိုအပ်ချက်တွေကို ဂရုတစိုက် ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကိုယ်ခံစွမ်းအားမြှင့်ကင်ဆာကုထုံး(Cancer Immunotherapy) ဟာ သွေးဖြူဥဆဲလ်တွေရဲ့ အလုပ်ကို ပိုမိုတိုးတက်လာအောင် အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် ဒီကုထုံးဟာ ခီမိုဆေးသွင်းခြင်းထက် ဘေးထွက်ဆိုးကျိုး ပိုနည်းပါတယ်။ ဒါပေမယ့်လည်း သွေးဖြူဥဆဲလ် များရဲ့လုပ်ဆောင်မှုတိုးလာခြင်းက တခြား ဘေးထွက်ဆိုးကျိုးများကို ပိုတိုးလာစေပါ တယ်။    အဖုအပိန့်ထွက်ခြင်း ၊ အူအတွင်းရောင်ရမ်းခြင်း ၊  ဝမ်းလျှောခြင်း ၊ နမိုးနီးယား အဆုတ်ရောင်ရောဂါ စတဲ့ တခြားဘေးထွက်ဆိုးကျိုးအများအပြားဖြစ်နိုင်ခြေရှိပါတယ်။ ဒါတင်မကသေးပါဘူး .. သိုင်းရွိုက်ကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ခြင်းကြောင့် သိုင်းရွိုက်ကို အလုပ်ပိုလုပ်စေခြင်း (သို့မဟုတ်) သိုင်းရွိုက် အလုပ်အနည်းငယ်သာ လုပ်နိုင်ခြင်း ၊ သွေးတွင်းသကြားဓာတ်ပမာဏမြင့်တက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ 

လူနာရဲ့ ကင်ဆာအဆင့်ဟာလည်း ဆရာဝန်တွေ ကုသမှုနည်းလမ်းရွေးချယ်ဖို့နဲ့ ဆေးဝါးညွှန်ကြား ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါ တယ်။ ကင်ဆာဆဲလ်မော်လီကျူးများကို ပစ်မှတ်ထား ကုသသည့်ကုထုံး(Molecular Targeted Therapy) နဲ့ ကိုယ်ခံ စွမ်းအားမြှင့်ကင်ဆာ ကုထုံး(Cancer Immunotherapy) နှစ်ခုစလုံးဟာ ကင်ဆာအဆင့်(၃) နဲ့ ကင်ဆာအဆင့်(၄) ကို ကုသဖို့ အသုံးဝင်တဲ့ ကုသမှုနည်းလမ်းတွေ ဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားမြှင့်ကုထုံး(Immunotherapy)ဖြင့်ကုသနိုင်တဲ့ကင်ဆာအမျိုးအစားများ

ကိုယ်ခံစွမ်းအားမြှင့်ကုထုံး(Immunotherapy)နဲ့ဆရာဝန်များကုသပေးနိုင်တဲ့ ကင်ဆာရောဂါများ

  • မယ်လယ်နိုးမားအရေပြားကင်ဆာ (Melanoma skin cancer)
  • တချို့သောပြန်ရည်ကြောကင်ဆာ(Lymphati Cancer)အမျိုးအစားများ
  • အဆုတ်ကင်ဆာ
  • ဦးခေါင်းနှင့်လည်ပင်းကင်ဆာ
  • ဆီးအိတ်ကင်ဆာ
  • ကျောက်ကပ်ကင်ဆာ
  • အသည်းကင်ဆာ
  • တချို့သောရင်သားကင်ဆာအမျိုးအစားများ
  • ခီမိုဆေးသွင်းခြင်းကိုခုခံနိုင်သောအစာအိမ်ကင်ဆာ
  • တချို့သောအူမကြီးကင်ဆာအမျိုးအစားများ

ကိုယ်ခံစွမ်းအားမြှင့်ကုထုံး(Immunotherapy)ရဲ့အကျိုးအာနိသင်

ဆရာဝန်တွေအနေနဲ့ ကုသရာမှာ ကင်ဆာအဆင့်အပေါ်မူတည်ပြီး ကိုယ်ခံစွမ်းအာမြှင့်ကုထုံး (Immunotherapy) တစ်ခုတည်းကို အသုံးပြုသလို တခြားသောကင်ဆာဆေးတွေနဲ့လည်း ပေါင်းစပ်ပြီးကုသကြပါတယ်။

စစ်တမ်းတွေအရ ကိုယ်ခံစွမ်းအားမြှင့်ကုထုံး(Immunotherapy) မရရှိခင်က Melanoma အရေပြား ကင်ဆာရောဂါသည်တွေရဲ့ (၃)နှစ်ဆက်လက်အသက်ရှင်သန်မှုနှုန်းဟာ ပျမ်းမျှ (၅)ရာခိုင်နှုန်းပဲရှိခဲ့ပေမယ့် ကိုယ်ခံစွမ်းအားမြှင့်ကုထုံး တွင်ကျယ်လာချိန်မှာ (၄၂) ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါတယ်။ အောင်မြင်မှုတစ်ခုအနေနဲ့ Melanoma အရေပြားကင်ဆာ အဆင့်(၄) ရောက်ရှိနေပြီး ကင်ဆာဆဲလ်တွေ အဆုတ် ၊ အသည်းနဲ့ အရိုးထဲထိ ပျံ့နှံ့နေတဲ့ လူနာဟာ ကိုယ်ခံစွမ်းအားမြှင့်ကုထုံးနဲ့ တစ်နှစ်ခွဲလောက်ကုသခဲ့ရာမှာ ကင်ဆာပျောက်ကင်းခဲ့ပါတယ်။  အဲဒီလူနာဟာဘေးထွက်ဆိုးကျိုးခံစားခဲ့ရပေမယ့် အရင်ထက်နည်းသွားခဲ့ပြီး သူ့ရဲ့ ပုံမှန်နေထိုင်မှု ဘဝကို ပြန်ရခဲ့ပါတယ်။

အခြားတူညီတဲ့ ဖြစ်စဉ်တစ်ခုကတော့ ကိုယ်ခံစွမ်းအားမြှင့်ကုထုံး(Immunotherapy)နဲ့ ကုသပြီးနောက် အဆုတ်ကင်ဆာခံစားနေရတဲ့လူနာများရဲ့ (၅)နှစ်အသက်ဆက်ရှင်မှုနှုန်း မြင့်တက်လာမှုဟာ (၆) ရာခိုင်နှုန်းကနေ (၁၅)ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။   ဒါ့အပြင် ကျောက်ကပ်ကင်ဆာ ရောဂါသည် တစ်ဦးဟာလည်း ကိုယ်ခံစွမ်းအားမြှင့်ကုထုံးနဲ့ တစ်နှစ်နီးပါးကုသပြီးနောက်မှာ ရောဂါပျောက်ကင်းခဲ့ ပါတယ်။ ဒါကြောင့် ကိုယ်ခံစွမ်းအားမြှင့်ကုထုံး(Immunotherapy) ကို ထိရောက်တဲ့ ကင်ဆာကုသမှု တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားကြတာဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ကိုယ်ခံစွမ်းအားမြှင့်ကင်ဆာကုထုံး(Cancer Immunotherapy) ဟာ ကင်ဆာရောဂါသည်များရဲ့ နေ့စဉ်နေထိုင်မှုဘဝကို သိသိသာသာပြောင်းလဲပေးနိုင်တယ်ဆိုတာ အသေအချာပါပဲ။  ဒီ ကုထုံးဟာ ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ထိထိရောက်ရောက် ကုသပေးနိုင်တာ ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူနာတစ်ဦးချင်းစီအတွက် ကင်ဆာကုသမှုပုံစံတွေ ဟာ အရမ်းကို အသေးစိတ်ကျပါတယ်။ ဒါကြောင့် လူနာများအနေဟာ ဆရာဝန်နဲ့တိုင်ပင်ပြီး အသေးစိတ် ကျန်းမာရေးစစ်ဆေးမှုများတိတိကျကျပြုလုပ်မှသာ တစ်ဦးချင်းရဲ့လိုအပ်ချက်များအပေါ် လိုက်ပြီး ဆရာဝန်များက အကောင်းဆုံးကုသမှုနည်းလမ်းကို ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။