ကလေးအထူးကုသမားတော်ကြီးတွေကို အမေးအများဆုံး မေးခွန်း (၁၀) ခု

ကလေးအထူးကုသမားတော်ကြီးတွေကို အမေးအများဆုံး မေးခွန်း (၁၀) ခု
  • ဖေဖေမေမေအသစ်ကျပ်ချွတ်ကလေးတွေ စိတ်အပူဆုံးအရာက ဘေဘီလေးရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုပဲ ဖြစ်တယ်။ မိခင်နို့တိုက်ကျွေးခြင်း၊ အာဟာရ၊ ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုတို့လည်း ပါတာပေါ့။
  • ဘေဘီလေးရဲ့ ပထမ ၃ နှစ်တာ ဖွံ့ဖြိုးမှုကို မျက်စိ ဒေါက်ထောက်ကြည့်ဖို့ဟာလည်း ဖေဖေမေမေတို့ မဖြစ်မနေလုပ်ရမယ့် တာဝန်ပဲဖြစ်ပါတယ်။
  • နေမကောင်းတာနဲ့ ရောဂါဖြစ်တာတွေကို ကုသပေးဖို့အပြင် ကလေးအထူးကုသမားတော်တွေဟာ ဖေဖေမေမေတို့ရဲ့ ပေါက်ပေါက်ရှာရှာမေးခွန်းတွေကိုလည်း စိတ်ရှည်လက်ရှည် ဖြေပေးနေကြရ ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် တစ်ခါတစ်လေ ကလေးလေးကို ကောင်းကောင်းပြုစုစောင့်ရှောက် နိုင်စေဖို့ ကလေးအထူးကုမဟုတ်တဲ့ တခြားဆရာဝန်ကြီးတွေရဲ့ အကြံဉာဏ်ကိုလည်း ရယူတတ်ဖို့ လိုအပ်ပါတယ်။

သားသမီးဆိုတာ မိသားစုရဲ့ ပြီးပြည့်စုံမှုပါ။ ဒါပေမယ့် သူ့ကြောင့်ပဲ စိုးရိမ်ပူပန်မှုတွေ အမြဲဖြစ်နေရတာ။ အထူးသဖြင့် ကလေးလေးရဲ့ ကျန်းမာရေး၊ အာဟာရ၊ တိုးတက်မှုနဲ့ ဖွံ့ဖြိုးမှု စတဲ့ ကဏ္ဍတွေမှာပေါ့။ အဲဒီထဲကမှ ကလေးဟာ သူ့ အသက်အရွယ်အလိုက် ရှိရမယ့် စံနှုန်းတွေနဲ့ ကိုက်ညီပါ့မလား ဆိုတာကတော့ မိဘတိုင်း အထူးစိတ်ပူနေကြတဲ့ အချက်တစ်ခုပါပဲ။ ဒါကြောင့်လည်း ဆရာဝန်တွေနဲ့တွေ့တိုင်း မေးခွန်းတွေ မေးလိုက်ကြတာမှ စုံ နေတော့တာပါပဲ။

ဆရာဝန်တွေ အမေးခံရဆုံး မေးခွန်း ၁၀ ခု

၁. ကလေးဟာ တစ်နေ့ကို နို့ ဘယ်လောက်များများ စို့သင့်သလဲ။

“ဘေဘီလေးကို မိခင်နို့ တစ်နေ့ ဘယ်လောက်တိုက်ရင် လုံလောက်သလဲ” ဆိုတာနဲ့ပတ်သက်ပြီး ဆရာဝန်တွေဟာ အောက်ပါ အကြံဉာဏ်တွေကို ပေးရမှာဖြစ်ပါတယ်။

  • မွေးကင်းစလေးတွေဆိုရင် ၂ နာရီ ကနေ ၃ နာရီခြားတစ်ခါ ၁-၂ အောင်စ၊ နည်းနည်းကြီးလာတာနဲ့အမျှ ၂ – ၄ အောင်စအထိ တိုးပြီး တိုက်သွားရပါမယ်။ နောက်တစ်မျိုး ကတော့ ကလေးရဲ့ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်ကို ၅.၅ အောင်စနှုန်းနဲ့ တွက်ပြီး တစ်နေ့စာအဖြစ် တိုက်တာဖြစ်ပါတယ်။ ဥပမာ ကလေးရဲ့ ကိုယ်အလေးချိန်က ၄ ကီလို ဆိုပါတော့။ (၄ x ၅.၅) = ၂၂ အောင်စ (တစ်နေ့တာအတွက်) တိုက်ရမှာ ဖြစ်ပါတယ်။ ၆လ အောက် ကလေးအတွက်ကတော့ နို့တစ်မျိုးတည်းက လုံလောက်စွာ အာဟာရ ဖြစ်ပါတယ်။ ၆လ ကျော်သွားရင်တော့ ကလေးဖြည့်စွက်စာ နဲ့ ရေ တို့ကို ထပ်ပါင်းထည့်ပြီး တိုက်ကျွေးလို့ ရပါတယ်။ အဲဒီအချိန်ဆိုရင် ကလေးဟာ တစ်နေ့ကို နို့ ၃၂ အောင်စနဲ့အထက် စို့နိုင်နေပြီ ဖြစ်ပါတယ်။
  • ၄-၅ လမှာ နေ့လည်စာ နို့တိုက်ကျွေးမှုကို ရပ်ထားသင့်ပါတယ်။ နို့ဘူးတိုက်တာကိုလည်း ၉ လကျော်ရင် ဖြတ်သင့်ပါတယ်။ ဒီအချိန်ဟာ ဖြည့်စွက်စာ ကျွေးရတော့မယ့်အချိန် ဖြစ်ပါတယ်။
  • အသက် ၁ နှစ်ရလာရင်တော့ နေ့စဉ်နို့တိုက်ကျွေးမှုကို ရပ်နားသင့်ပြီး ပန်းကန်နဲ့စားဖို့ လေ့ကျင့်ပေးရတော့မှာ ဖြစ်ပါတယ်။ အစာအုပ်စု ၅ မျိုးလုံး မျှတစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို ပိုပြီး စားသုံးရတော့မှာ ဖြစ်ပါတယ်။ ထပ်ဆောင်းအနေနဲ့ တစ်နေ့ကို နို့ ၂ – ၄ ဖန်ခွက် (၁၆-၃၂ အောင်စ) လောက်အထိ သောက်နိုင်ပါတယ်။

၂. ကလေးက ညဘက်တွေ နို့တိုက်ဖို့ကို ဘာကြောင့် နှိုးမရတာလဲ။

ဒါကတော့ မေမေတွေ ၃-၄ လ လောက်အထိ စိတ်အပူဆုံးကိစ္စတစ်ခုပါပဲ။ စိတ်ပူစရာမရှိပါဘူး။ ကလေးရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးလာတာနဲ့အမျှ သူတို့ရဲ့ အိပ်စက်မှုပုံစံကို အရင်ကထက်ပိုပြီး ထိန်းချုပ်လာနိုင်ကြ ပါတယ်။ ကလေးတွေဟာ ၇ – ၈ နာရီအထိ နို့မစို့ဘဲ အိပ်စက်နိုင်ကြပါတယ်။ ညပိုင်းမှာ နိုးလာတယ်ဆိုတာ ဗိုက်ဆာတာထက် အမေ့ရင်ခွင်မှာနေချင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မေမေအနေနဲ့ နို့မတိုက်ဘဲ အသာအယာ ပြန်အိပ်သွားအောင် ချော့သိပ်သင့်ပါတယ်။ နို့တိုက်တာကို အကျင့် သွားလုပ်လိုက်မိရင် ပြန်မအိပ်တော့ဘဲ နို့ချည်းပဲ စို့ နေလိမ့်မယ်။

၃. အစာမကြေတာတို့၊ ဝမ်းချုပ်တာတို့၊ ဝမ်းလျှောတာတို့ ဖြစ်နေရင် ဘယ်လိုလုပ်ရမလဲ။

အစာမကြေဘူဆိုတာက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကျွေးလိုက်တဲ့ အစာနဲ့ ဓာတ်မတည့်တာလား။ နို့စို့တာ များသွားလို့လား၊ တအား ငို နေလို့လား စသည်ဖြင့်ပေါ့။ နို့စို့တာများသွားလို့ဆိုရင်တော့ ကလေးကို လေထုတ်ပေးရမှာဖြစ်တယ်။ နို့မှာပါဝင်တဲ့ သကြားဓာတ်တွေများပြီး အီလည်လည်ဖြစ်နေတာကြောင့် လေထွက်သွားရင် သူ သက်သာသွားပါတယ်။ ဝမ်းချုပ်တာနဲ့ ပတ်သက်လို့ကတော့ သူ့ အီအီးကို စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။ ၆လသားလေးတစ်ယောက်ရဲ့ အီအီးဟာ ယုန်ချေးနဲ့တူပါတယ်။ သူ ဝမ်းသွားတာကို နေ့စဉ်စောင့်ကြည့်ပြီး ပုံမှန်မဟုတ်ဘူးလို့ ထင်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။ ဆရာဝန်နဲ့ မပြဘဲ ဒီတိုင်းထားလိုက်ရင် ကြာရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင် ပါတယ်။ ဝမ်းလျှောတာနဲ့ပတ်သက်ပြီးတော့ ကလေးဟာ အရည်တွေချည်းပဲ တစ်နေ့ကို ၃ ကြိမ်နဲ့ အထက် ပန်းနေရင်တော့ ဆေးရုံဆေးခန်းကို အမြန် သွားပြစေလိုပါတယ်။ ကြာနေရင် ရေဓာတ်နဲ့ ဗီတာမင်တွေ ဆုံးရှုံးတာ ဖြစ်လာနိုင်ပါတယ်။

၄. ကလေးကဘာကြောင့် လက်ချောင်းလေးတွကို စုပ်နေတာလဲ။

၄-၅ လ ကလေးတွေအတွက် ဒါဟာ လုံးဝ ပုံမှန်ပဲ ဖြစ်ပါတယ်။ ဒီအရွယ်ဟာ သူတို့ပတ်ဝန်းကျင်ကဟာ တွေကို စူးစမ်းတဲ့အရွယ်ပဲ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ သူတို့ကို လက် ပေးမစုပ်ဘူးဆိုရင် သူတို့ဟာ ကစားစရာတွေကို ပါးစပ်ထဲ ထည့်နေပါလိမ့်မယ်။

နည်းနည်းကြီးလာတဲ့အထိ ဆက်ပြီး လက်စုပ်နေသေးတယ်ဆိုတာကလည်း သူတို့ စုပ်ချင်နေသေးလို့ ပဲ ဖြစ်နိုင်ပါတယ်။ ကြီးတဲ့အထိ လက်စုပ်တဲ့အကျင့်ကြီး ပါနေသေးရင်တော့ အဲဒီအကျင့်ကို ဖျောက်ပေးရပါမယ်။ အဲဒီအစား သူတို့ကို အရုပ်တစ်ခုခု၊ လှုပ်ရှားမှုတစ်ခုခုနဲ့ အာရုံပြောင်းအောင် လုပ်ပြီး လက်စုပ်တာကို မေ့သွားအောင်နဲ့ အခြား သင်ယူနိုင်စွမ်းရည်ကို တိုးတက်စေမယ့် အလုပ်တစ်ခုခုကို စီစဉ်ပေးထားရမှာဖြစ်ပါတယ်။

၅. ကလေးအိပ်နေတဲ့အချိန် အသက်ရှူသံပြင်းတာ စိုးရိမ်ရပါသလား။

အိပ်နေစဉ်အသက်ရှူသံပြင်းတယ်ဆိုတာ အအေးမိတာ၊ နှာခေါင်းထဲက အမြှေးပါးလေး ရောင်ရမ်းတာ၊ လည်ခေျာင်းထဲက တစ်သျှူးလေးတွေရောင်ရမ်းနေတာ၊ လေပြွန်မှာ ရောင်နေတာ စတာတွေ အပြင် အခြား အိပ်စက်မှုဆိုင်ရာ ပြဿနာ အမျိုးမျိုးနဲ့ ဆက်စပ်ပါတယ်။ ကလေးကို ဆရာဝန်ထံ ခေါ်သွားပြီး သေသေချာချာ စစ်ဆေးကြည့်ခြင်းအားဖြင့် လိုအပ်တဲ့ ကုသပေးမှုတွေ နောက်ဆက်တွဲ လုပ်ပေးနိုင်ပါတယ်။ ဒီကိစ္စကတော့ သူ့ရဲ့ စိတ်တည်ငြိမ်မှု၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ သင်ယူနိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်မှု စတာတွေနဲ့ပါ ဆက်စပ်နေလို့ ပစ်ထားလို့ မဖြစ်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက လုံလောက်တဲ့အိပ်စက်မှု မရတာ၊ ညပိုင်းအိပ်စက်ရာမှာ လုံလောက်တဲ့အောက်ဆီဂျင် မရတာ စတာတွေနဲ့လည်း ဆိုင်ပါတယ်။

၆. ဓာတ်မတည့်မှုဟာ မျိုးရိုးလိုက်သလား။

ဓာတ်မတည့်မှုဆိုတာ မိဘကနေ ပါလာနိုင်တယ်ဆိုပေမယ့် ကူးစက်ရောဂါမဟုတ်သလို ဘက်တီးရီယားကြောင့် ဖြစ်တာလဲမဟုတ်ပါဘူး။ ဒါပေမယ့် ဓာတ်မတည့်မှု တစ်ခုခုရှိတဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အခြား မရှိတဲ့ မိဘတွေကမွေးတဲ့ သားသမီးတွေထက်ပိုပြီးတော့ ရှိနိုင်ချေ ပိုများပါတယ်။ ဒါကြောင့် မိဘမှာ ဓာတ်မတည့်မှု အလာဂျီ တစ်ခုခုရှိတယ် ဆိုရင် သားသမီးမှာ ရှိ/မရှိ စောစော စစ်ဆေးကြည့်သင့်ပါတယ်။ ဆိုပါစို့ – အနည်းဆုံး ၄ လကနေ ၆ လအတွင်း မိခင်နို့ တိုက်ကျွေးရန်နှင့် ၆လက ၁ နှစ်အတွင်းမှာ ဖြည့်စွက်စာအဖြစ် နွားနို့ တိုက်ခြင်းကို ရှောင်ရှားခြင်း အပါအဝင် ဓာတ်မတည့်မှုကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ များစွာ ရှိပါတယ်။ ကလေးဘဝ နွားနို့ဓာတ်မတည့်မှု ပျောက်ကင်းနိုင်ခြေ ဆိုတာ ကလေး ပထမ ၁ နှစ်မှာ ၅၀% နဲ့ ၃ နှစ်နဲ့ အထက်မှာ ၈၀-၉၀% အထိ ရှိပါတယ်။

၇. ကလေးက အစာသိပ်မစားဘူး။ ပါးစပ်များပျက်နေလားမသိပါဘူး။

အစာစားချင်စိတ်နည်းခြင်းဆိုတာ ဆာလောင်တဲ့စိတ်မဖြစ်ပေါ်စေဖို့ အစားအသောက်ပေါ်မှာ ထားတဲ့ ကလေးရဲ့ သဘောထားကို ထင်ဟပ်စေပါတယ်။ သူ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူကြီးတွေ အဓိက စိတ်ပူ တာကလည်း ဒါပါပဲ။ နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ ဆိုတော့ ကလေးဟာ ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာတွေကို မကြိုက်တော့တာပါပဲ။ ဒါကြောင့် မိဘတွေအနေနဲ့ အိမ်မှာ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားနေခြင်း၊ ကျွေးခြင်းကို တားမြစ်ဖို့လိုပါတယ်။ တကယ်ကို ဆာနေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကို စားလာတဲ့အထိ သေချာလေး လုပ်ပေးဖို့ လိုပါတယ်။ အရသာလည်းရှိ၊ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ အစားအသောက်တွေ ရှိနေဖို့နဲ့ အဲဒါတွေကို သူတို့ ဗိုက်ပြည့်နဲ့အထိ စားဖို့ လိုပါတယ်။ အစာစားတဲ့အချိန်ဟာလည်း မိနစ် ၃၀ ထက် မပိုသင့်ပါဘူး။ မိဘတွေအနေနဲ့က ဒီ အပြုသဘာဆောင်တဲ့ အမူအကျင့်တွေကို လေ့ကျင့်ပေးရာမှာ သိပ်တင်းတင်းကြပ်ကြပ်ကြီးမဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းလေး ပြုပြင်ပေးဖို့လည်း လိုအပ်ပါတယ်။

၈. ကလေးက ဘာလို့ စကားမပြောတတ်သေးတာလဲ။

ဒါဖြစ်ရိုးဖြစ်စဉ်ပါ။ ကလေးကို စကားပြောမပေးဘူဆိုရင် သူရဲ့ စကားပြာတတ်တဲ့ စွမ်းရည်ဟာလည်း နှေးနေမှာပါပဲ။ ဒါမှမဟုတ် သူ့ဘာသာစကားနဲ့သူ ပြောနေပါလိမ့်မယ်။

  • ၁ နှစ် အထိ စကားမပြာသေးဘူး၊ဘာသာစကားနားလည်မှုကို မပြသေးဘူးဆိုရင် သူဟာ ပုံမှန်ထက် စကားပြောနောက်ကျတယ်လို့ ဆိုနိုင်ပါတယ်။
  • ၂ နှစ်နဲ့ အထက်ဆိုတာဟာ ပြောစကားနားလည်၊ သူတို့လိုချင်တာကို တောင်းတတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် သူတို့ ဘာသာစကားနဲ့ ပြောနေသေးတယ်ဆိုရင်တောင် ပညာရှင်တွေက ဒါကို စကားပြော နောက်ကျတယ်လို့ မသတ်မှတ်ပါဘူး။ သူဟာ လုံလောက်တဲ့ ဘာသာစကား သင်ယူမှုကို မိဘတွေဆီက မရခဲ့လို့ လို့ ပဲ ယူဆပါတယ်။ ဒါမှမဟုတ် ရုပ်မြင်သံကြားတွေ၊ တက်ဘလက်တွေ အကြည့်များလို့လည်း ဖြစ်နိုင်ပါတယ်။
  • ၃ နှစ်ကျော်လာရင်တော့ ပုံမှန်စကား ပြောသင့်ပါပြီ။ စကားပီနားကြား အရွယ် ရောက်ပြီပေါ့။ ဒီအရွယ်အထိ သူ့ဘာသာစကားနဲ့သူပဲ ဖြစ်နေသေးတယ် ဆိုရင်တော့ ဆရာဝန်တို့ ကလေးဖွံ့ဖြိုးရေးဆိုင်ရာအထူးကုတို့နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မိဘတွေအနေနဲ့ သူတို့ရဲ့ ဘာသာစကားသင်ယူမှုကို အထောက်အကူပြုစေဖို့က စာဖတ်ပြတာတို့၊ ပုံပြောပြတာတို့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ စကားမှန်မှန်ပြောပေးဖို့လည်း လိုပါတယ်။ ဘာသာစကား တင်မကဘဲ မိသားစု ချစ်ကြည်ရင်းနှီးမှုကိုလည်း တိုးပွားစေပါတယ်။

၉. ကလေးက ဘာကြောင့် ရန်လိုနေရတာလဲ။

ကလေးဆိုတာ ၁ နှစ် နဲ့ ၃ နှစ် ကြားမှာ သူတို့ စိတ်ခံစားမှုကို မထိန်းတတ်သေးပါဘူး။ သူတို့ ဖြစ်ချင်တာ လိုချင်တာကိုလည်း သေသေချာချာ ပြောမပြတတ်သေးပါဘူး။ အဲဒီမှာပဲ အထူးသဖြင့် လိုချင်တာမရရင် ငိုတာတို့ သူ့ကိုယ်သူ လုပ်တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီမှာ မိဘက သူတို့ လိုချင်တာကိုလုပ်ပေးလိုက်ခြင်း အားဖြင့် ပြဿနာအေးသွားသလို ဖြစ်ပေမယ့် ဒီလိုလုပ်ရင် ဒီလိုရတယ် ဆိုတာကို သူတို့ သိသွားတဲ့အခါမှာ ဆိုးကြတော့တာပါပဲ။ မိဘတွေ လုပ်ရမှာက သူတို့ ဂျီကျနေတာကို လက်လျှော့လိုက်မယ့်အစား သူတို့ လိုချင်တာတွေရအောင် သင့်တော်တဲ့နည်းလမ်းနဲ့ တဖြည်းဖြည်းချင်း နားလည်အောင် ရှင်းပြပေးရပါမယ်။ သူတို့ မကျေနပ်ရခြင်းရဲ့ အကြောင်းရင်းဇစ်မြစ်ကို ရအောင် ဖော်ထုတ်ပေးရပါမယ်။ ဥပမာ ကလေးက စိတ်တိုပြီး အော်ငိုနေမယ် ဆိုရင် မိဘက ခပ်လှမ်းလှမ်းက ကြည့်နေပေး။ ငိုလို့ မောလောက်တော့မှ သေသေချာချာ မေးပြီး အကျိုးသင့်အကြောင်းသင့် ရှင်းပြခြင်းအားဖြင့် ကိုယ့်စိတ်ခံစားချက်ကို ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကို လေ့ကျင့်ပေးသင့်ပါတယ်။

ကလေးဟာ စိတ်ကြီးပြီး သူ့ကိုယ်သူလုပ်မယ်၊ အနားကဟာတွေကို ဖျက်ဆီးမယ်၊ အစားအသောက်တွေ မှောက်ပစ်မယ် ဆိုရင် သူ့ကို ထွေးထွေးပိုက်ပိုက်နဲ့ စိတ်ဆိုးပြေသွားအောင် ဖြေပေးသင့်ပါတယ်။ မိဘတွေကို စိတ်ဆိုးတဲ့အခါ၊ ရန်လုပ်တဲ့အခါတွေမှာ စိတ်ပြောင်းသွားအောင် ချော့ချော့မော့မော့နဲ့ ချီထားသင့်ပါတယ်။ စိတ်ဆိုးနေတဲ့အချိန်မှာ ကလေးဟာ မိဘတွေကို တွန်းထုတ်တတ်တာဟာလည်း သဘာဝပဲ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကြင်ကြင်နာနာ ပွေ့ထားပြီး သူ စိတ်ပြေသွားတဲ့အထိ စိတ်ရှည်ပေးဖို့ လိုပါတယ်။ ဒီလိုနဲ့ပဲ ကလေးဟာ သူလိုချင်တာကိုရဖို့ သောင်းကြမ်းပြလို့ မရဘူးဆိုတာ ကို နားလည်သွားပါလိမ့်မယ်။ ဒီလိုနဲ့ပဲ ရန်လိုတဲ့စိတ်တွေဟာ တဖြည်းဖြည်းနဲ့ လျော့နည်းလာပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားပါလိမ့်မယ်။

မိဘတွေအနေနဲ့ ကလေးကို ဒေါသနဲ့ မဆက်ဆံမိစေဖို့နဲ့ သူဒေါသဖြစ်နေတုန်းမှာ ရှင်းပြတတ်ဖို့ အရေးကြီးပါတယ်။ ဒါကို အကိုင်အတွယ်မတတ်ရင် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ သူ စိတ်ပြေပြီး အေးသွားတဲ့ အချိန်အထိ စောင့်ပြီး ဘာကြောင့် သူလိုချင်တာကို မပေးရတာလဲဆိုတာကို နားဝင်အောင် ရှင်းပြရပါမယ်။ ဒီလိုနဲ့ ကလေးဟာ သူစိတ်မလျှော့ဘဲ ဆက်လုပ်နေလည်း လူကြီးတွေဘက်က လုပ်ပေးမှာမဟုတ်ဘူးဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ ဒါပေမယ့် သူ့ဒေါသကို မိဘတွေဘက်ကလည်း ဒေါသနဲ့ပဲ ပြန်ပြီးတုံ့ပြန်မယ်၊ ရိုက်မယ်၊ အော်မယ်၊ ငေါက်မယ် ဆိုရင်တော့ ကလေးဟာ လူကြီးရဲ့ ဒေါသကို ပုံတူကူးယူပြီး အကျင့်ဆိုးတစ်ခု ရသွားပါလိမ့်မယ်။ ဒါကြောင့် မိဘတွေဟာ စိတ်မတိုဖို့၊ စိတ်ရှည်ရှည်နဲ့ ချဉ်းကပ်တတ်ဖို့ လိုအပ်ပြီး ကလေးတွေရဲ့ အမူအကျင့်တွေဟာ ကောင်းတဲ့ အလားအလားတွေနဲ့ ဖွံ့ဖြိုး ကြီးပြင်းလာဖို့ အလွန် အရေးကြီးပါတယ်။

၁၀. ကလေးက ဘာကြောင့် သူများကလေးတွေကို လုပ်ရတာလဲ။

ကလေးက သူများကလေးတွေကို လိုက်လုပ်နေတယ်ဆိုတာ သူလိုချင်တာကို သေသေချာချာ ဖော်ထုတ်မပြ တတ်လို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက လူကြီးတွေလုပ်တာကို အတုခိုးတာလည်း ပါပါတယ်။ သူတို့ ကြည့်နေတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ၊ ဆော့နေတဲ့ ဗီဒီယိုဂိမ်းတွေ စတာတွေရဲ့ သက်ရောက်မှုတွေလည်း ပါပါတယ်။ တကယ်လို့ ကိုယ့်ကလေးက သူများကလေးကို လုပ်နေတာတွေ့တယ်ဆိုရင် ကိုယ့်မှာ ကလေးကို ရိုက်တာတို့၊ ဒဏ်ပေးတာတို့ စတဲ့ အိမ်တွင်းအကြမ်းဖက်မှုမျိုး ရှိမရှိ ဆန်းစစ်ပြီး ရှိနေရင် အဲဒီလို လုပ်တာမျိုးကို ချက်ချင်း ရပ်ပစ်ရပါမယ်။ သူများကလေးကို လုပ်တော့မယ်ဆိုတာ မြင်နေပြီ ဆိုရင် ချက်ချင်း ဖမ်းဆွဲပြီး “မလုပ်ရဘူးနော်”၊ “သူများကို မလုပ်ရဘူး” စသည်ဖြင့် သတိပေးရပါမယ်။ သူများ ပစ္စည်းကို မယူရဘူး၊ မခိုးရဘူးဆိုတာကိုလည်း သင်ထားရပါမယ်။ သူများနဲ့ အတူတူ မျှဝေသုံးစွဲတတ်ဖို့ နဲ့ သူတစ်ပါးကို အကြမ်းဖက်တာကို လက်မခံနိုင်ဘူး ဆိုတာကိုလည်း နားလည်အောင် သင်ကြားထားပေးရပါမယ်။

တကယ်လို့ သူများကလေးကို လုပ်နေတာကို အချိန်မီ မတားနိုင်ရင်တောင် ချက်ချင်း ရပ်ခိုင်းပြီး “မလုပ်ရဘူး” ဆိုတာ သေသေချာချာ ပြောပြရပါမယ်။ တစ်နေရာကို ခေါ်သွားပြီး သူ ဒေါသထွက်နေ တာကို အေးသွားအောင် လုပ်ပေးရပါမယ်။ အရေးကြီးတာတစ်ခုက ဒီအပြစ်အတွက် ကလေးကို ပြင်းပြင်း ထန်ထန် အပြစ်ပေးတာမျိုးကို ရှောင်ကြဉ်ရပါမယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ကလေးရဲ့ စိတ်မှာ သူများကို အကြမ်းဖက်လို့ရတယ်၊ ပြီးရင်ဒဏ်ပေးခံလိုက်ရုံပဲ ဆိုတဲ့ အတွေးမျိုး ဝင်သွားတတ် ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။