ကင်ဆာနဲ့ပုံစံတူအရည်အိတ်တွေကို အောင်မြင်စွာခွဲထုတ်နိုင်ခဲ့တဲ့ သားဥအိမ်ကင်ဆာသံသယ မြန်မာလူနာတစ်ဦးရဲ့ မှတ်တမ်း

မစုစုလှိုင်ကိုယ်တိုင်ပြောပြခဲ့တဲ့ သူမကျန်းမာရေးအခြေအနေ နဲ့ဆေးကုသမှုများ

“ဗိုက်ထဲမှာ အလုံးရှိနေတယ်။ ကင်ဆာလားမသိဘူးတဲ့။”
ကျန်းမာရေးအတွက် ဆေးစစ်ရာကနေ ဗိုက်ထဲမှာ အလုံး တွေ့တယ်လို့ ဆိုပါတယ်။ အရည်အိတ်တဲ့။ ကင်ဆာပုံသဏ္ဌာန်နဲ့ တော်တော်လေးဆင်တူတယ်။ ခွဲရမယ် ဆိုလို့ ပိုပြီးသေချာအောင် ဆစ်မီတဝေ့ဆေးရုံကြီးမှာ ထပ်ပြီးစစ်ဆေးတော့လည်း တူညီတဲ့ အဖြေသာ ထွက်ခဲ့ပါတယ်။ ဒါကြောင့် ခွဲရမယ်ဆိုတဲ့အခါမှာ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး Dr. Santi ကိုပဲ ယုံယုံကြည်ကြည်နဲ့ အပ်နှံလိုက်ရပါတော့တယ်။  ကိုယ့်မှာ လဲ ဆီးချိုရှိနေတော့ ကြောက်လဲကြောက်တယ်လေ။

ဒီဆေးရုံကို အရင်က မရောက်ဖူးပါဘူး။ ညီမရဲ့ သမီးလေး (တူမလေး) က ဆစ်မီတဝေ့ ကလေးဆေးရုံမှာ နှလုံးခွဲဖူးပါတယ်။ သူတို့က ကောင်းတယ်ဆိုပြီး အကြံပေးတိုက်တွန်းကြလို့လာခဲ့ကြည့်တာပါ။ ဒီမှာ ဆရာ Dr. Santi  က အာလ်ထရာဆောင်းပြန်ရိုက် ကြည့်ပြီး သေသေချာချာ စစ်ဆေး ရှင်းပြပါတယ်။ ဆရာက သူ့အတွေ့အကြုံအရ ဒါဟာ အရည်အိတ်ပဲ ဖြစ်တယ်။ အရွယ်အစားကြီးတဲ့အတွက် ခွဲထုတ် ရမယ်လို့ပြောပါတယ်။ ကော်ဖီရောင်မဟုတ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အထဲကဟာကတော့ သေချာ ခွဲကြည့်ပြီးမှ​သိရမယ်လို့ ပြောပါတယ်။  ဆရာက သေချာပေါက်ကြီးကို ပိုင်ပိုင်နိုင်နိုင်ပြောနေတော့ ဆရာ့ကိုပဲ ယုံကြည်စွာနဲ့အားကိုး လိုက်ပါတော့တယ်။ ဆရာကလည်း မစိုးရိမ်ဖို့ အထပ်ထပ် ပြောပါတယ်။

တကယ်ခွဲကြတော့မယ်ဆိုတော့ စိတ်တော့ အတော်ညစ်တာပေါ့။ CT ရိုက်တော့လည်း ၃ နာရီလောက် ဒုက္ခခံရပါတယ်။ အဖြေမထွက်မချင်းလည်း ရင်တထိတ်ထိတ်နဲ့ပါပဲ။ နောက်ဆုံး ဆရာ့ဆီက ကောင်းတယ်၊ ကင်ဆာမဟုတ်ဘူး ဆိုတာသိလိုက်ရမှပဲ တကယ်ကို အလုံးကြီး ထွက်သွားသလို ခံစားရပါတော့တယ်။ အတိုင်းမသိဝမ်းသာမိပါတယ်။

လူနာတစ်ယောက်ရဲ့ အမြင်အရ ဆိုရင် Dr. Santi ဟာ အလွန်တော်တဲ့ဆရာဝန်လို့ သုံးသပ်မိ ပါတယ်။ ဆရာတစ်ယောက်ထဲတင်မက ဆေးအဖွဲ့တစ်ဖွဲ့လုံးအပြင် ဘာသာပြန်လုပ်ပေးတဲ့ ကလေးတွေပါ အားလုံးစေတနာအပြည့်နဲ့ လုပ်ပေးကိုင်ပေးကြလို့ ကြည်နူးရပါတယ်။ ငွေကုန်ပေမယ့် စိတ်ချမ်းသာမှုအများဆုံးရရှိခဲ့လို့ ကျေနပ်ပါတယ်။

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး Santi Pongphantarak, M.D. ပြောပြတဲ့ မစုစုလှိုင်ကျန်းမာရေးအခြေအနေ နဲ့ကုသမှုများ

သူ့အကြောင်းကို အရင်ပြောပြမယ်။

၂၀၁၉ စက်တင်ဘာမှာ မြန်မာပြည်က ဆေးရုံတစ်ခုမှာတက်ခဲ့တယ်။  ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက်ပိုင်း သားအိမ်ကိုပါထုတ်ပစ်ခဲ့တယ်တဲ့။  ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်ပျက်ကျရုံလောက်နဲ့ သားအိမ်တစ်ခုလုံး ထုတ်ပစ်လေ့မရှိပါဘူး။ အကြောင်းတစ်ခုခုတော့ ရှိပါလိမ့်မယ်။ စစ်ဆေးချက်အရတော့ မိသားစုထဲမှာ သားဥအိမ်ကင်ဆာတို့ ရင်သားကင်ဆာတို့ စတာတွေ ဖြစ်ခဲ့တာမျိုးလည်း မရှိပါဘူး။ ဒါပေမယ့်  နောက်ဆက်တွဲစစ်ဆေးမှုတွေအရ  သူ့မှာ အရည်အိတ်လေးတွေ တည်နေပြီး ကြီးလည်း ကြီးလာတယ် တဲ့။ ဒါကြောင့် သူ့မှာ သားဥအိမ်ကင်ဆာဖြစ်နေပြီ လို့ ပြောလိုက်လို့ ဘန်ကောက်မှာ သေချာအောင် ထပ်ပြီး လာစစ်ခဲ့ပါတယ်။  အာလ်ထရာဆောင်းရိုက်ကြည့်တယ်။ ဟုတ်တယ်။ မိန်းမကိုယ်ထဲမှာ အလုံးတွေ ရှိနေတယ်။  တစ်ချို့ နည်းနည်းကြီးတယ်။  ကင်ဆာဖြစ်နိုင်ချေရှိတဲ့ အကျိတ်တွေလို့ လောလောဆယ် ယူဆထားပြီး သွေးစစ်ဖို့နဲ့ MRI ရိုက်ဖို့ ပြောခဲ့ပါတယ်။ MRI အဖြေက သားဥအိမ်ကင်ဆာ မဟုတ်ဘူးလို့ ပြောလို့ မရပါဘူးတဲ့။ အိုကေ – ဖွင့်ကြည့်လိုက်တာ အကောင်းဆုံးပဲ လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခွဲစိတ်မှုဟာ ၂ နာရီလောက်တော့ ကြာခဲ့တယ်။ အထဲမှာ သားအိမ်ထုတ်တုန်းက ခွဲထားတဲ့နေရာမှာ ပုံမှန်မဟုတ်တဲ့ အရွတ်လိုဟာတွေ အများကြီး ကပ်နေတာ တွေ့ပါတယ်။ နောက်ပြီးတော့ အဲဒါတွေနဲ့ အူသိမ်ကွင်းတွေကြားမှာ အရည်တွေ အများကြီး ပိတ်မိနေတာကို တွေ့ရပါတယ်။ အခြေအနေကို ကောင်းကောင်းသဘောပေါက်ပါပြီ။ ဒါမျိုးကို “Serocele” လို့ ခေါ်ပါတယ်။ ကင်ဆာ လုံးဝ မဟုတ်ပါဘူး။ ကြည့်လိုက်ရင် ကင်ဆာနဲ့ ပုံစံ အတော်လေးတူပါတယ်၊ ဒါပေမယ့် အတွေ့အကြုံအရ ဒါဟာ ကင်ဆာမဟုတ်ဘူး ဆိုတာ ပြောနိုင်ပါတယ်။ အဲဒီတော့ လုပ်စရာရှိတာ ဆက်လုပ်ရ တာပါပဲ။ သေချာလေး ဂရုတစိုက် လုပ်ရပါတယ်။ ဒီလိုခွဲစိတ်မှုမျိုးဟာ အခန့်မသင့်ရင် အထဲက အူသိမ်တို့ ဆီးအိမ်တို့ကို ထိ သွားတတ်ပါတယ်။  အရွတ်တွေကို ရှင်းလင်းပြီးတဲ့နောက် ဘယ်ဘက်သားဥအိမ်ကိုပါ ထုတ်လိုက်ပါတယ်။  နောက်တစ်ခေါက်ထပ်ဖြစ်မလာစေဖို့ ဘယ်ဘက်သားဥအိမ်ကို ထုတ်ပေးလိုက်ရတာပဲ ဖြစ်ပါတယ်။  သားဥအိမ်တစ်ခုလုံးကို ထုတ်ပစ်လိုက်ရင် တစ်လလောက်ကြာရင် သွေးဆုံးတဲ့ လက္ခဏာတွေ ပြလာတတ်ပါတယ်။ အခု သူ့မှ​ ဒီလိုတွေ ပြလာခဲ့ရင်တော့ သူ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းပစ်ဖို့ လိုပါတယ်။ စားသောက်တဲ့ စနစ်တွေပြောင်းပစ်ရမယ်။ ဟိုမုန်းကုထုံးတွေ လိုအပ်သလို လုပ်ပေးရပါမယ်။ ဒါက နမူနာ ဖြစ်ရပ်တစ်ခုကို ပြောပြတာပါ။

တကယ်လို့များ သူနဲ့ အလားတူတွေကိုယ်မှာ ခံစားလာရပြီဆိုရင် ဘယ်လိုလုပ်ကြမတုန်း။

ပြောချင်တာက – ဒီလိုများ ဖြစ်လာခဲ့ရင် အကြောက်မလွန်ကြပါနဲ့။ ဒီနေ့ခေတ် ကုထုံးတွေက အရမ်းခေတ်မီ ပါတယ်။ နည်းပညာတွေ အရမ်းကောင်းတယ်၊ လုံးဝ စိတ်ချရတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ဆွေးနွေးဖို့ကို မကြောက်ပါနဲ့။ မြန်မြန်သာလာခဲ့ပါ။ စောစောသိလေ ကုရပိုလွယ်လေပဲ ဆိုတာလေး သိစေချင်လို့ ပြောပြတာပါ။ အားလုံး ကျန်းမာကြပါစေ။

အဆင့်သတ်မှတ်ချက်