ကလေးငယ်များတွင်ဖြစ်သော ဦးခေါင်းဒဏ်ရာ နှင့် ဦးနှောက် အသေးစား ထိခိုက်ဒဏ်ရာ

ကလေးငယ်များတွင်ဖြစ်သော ဦးခေါင်းဒဏ်ရာ နှင့် ဦးနှောက် အသေးစား ထိခိုက်ဒဏ်ရာ

ကလေးငယ်များဟာ ရုတ်တရက် ခေါင်းတိုက်မိတာ ဆောင့်မိတာမျိုး မကြာခဏ ဖြစ်လေ့ရှိပြီး ဒီဒဏ်ရာဟာ စိုးရိမ်စရာရှိလား မရှိဘူးလားဆိုတာကို ပြောဖို့ ခက်ပါ တယ်။ ခေါင်းခေါက်ခြင်းဟာလည်း ဖွဖွလေးဖြစ်စေ ခပ်ကြမ်းကြမ်းပဲဖြစ်စေ ဦးခေါင်းထိခိုက်မှု(သို့) ဦးခေါင်းဒဏ်ရာအဖြစ် သတ်မှတ်လို့ရပါတယ်။  ဦးခေါင်းထိခိုက်မှုကို အသေးစား၊ အလယ်အလတ်နဲ့ အပြင်းစား ဆိုပြီး ခွဲခြား သတ်မှတ်နိုင်ပါတယ်။ ဦးခေါင်းဒဏ်ရာ တော်တော်များများဟာ အသေးစားဖြစ်ပြီး ဖုသွားတာ၊ သွေးခြည်ဥသွားတာမျိုး ဖြစ်တတ်ပါတယ်။ အသေးစားထိခိုက်မှု များဟာ အိမ်မှာပဲကုသလို့ရပါတယ်။ ဒါပေမယ့် အလယ်အလတ် နဲ့ အပြင်းစား ဦးခေါင်းထိ ခိုက်မှုများကတာ့ ဆရာဝန်နဲ့ပြသပြီးမှ ကုသဖို့လိုပါတယ်။

လူနာတင်ယာဉ်ခေါ်ပြီးအကူအညီတောင်းဖို့လိုအပ်တဲ့အခြေအနေများ

  • ကလေးငယ်ဟာ အရှိန်ပြင်းပြင်းနဲ့ခေါင်းထိခိုက်မိခြင်း (သို့) တစ်မီတာ ထက်ပိုတဲ့အမြင့်မှထိခိုက်မိခြင်း (ဥပမာ - ကားတိုက်ခြင်း၊ စကိတ်စီးရာမှ တစ်ဆင့်အရှိန်ပြင်းတဲ့မတော်တဆမှုများ၊ ကလေးကစားကွင်းပစ္စည်းများ မှ ပြုတ်ကျခြင်း)
  • ကလေးသတိလစ်သွားခြင်း
  • ခေါင်းထိခိုက်မိပြီးနောက်မှာ မအီမသာဖြစ်ခြင်း(သို့)အော့အန်ခြင်း
  • အိပ်ရာထဖို့အတွက်ခက်ခဲခြင်း

ဦးနှောက်အသေးစားထိခိုက်မှု

ဦးနှောက်အသေးစားထိခိုက်မှု (Concussion) ဟာ ဆောင့်မိခြင်း၊ အထိုးခံရခြင်း၊ အတွန်းခံရခြင်း စတာတွေကြောင့် ဦးနှောက်ကို ယာယီထိခိုက်မိခြင်းဖြစ်ပါတယ်။ ဦးနှောက်အသေးစားထိခိုက်မှု ဟာ ရက်အနည်းငယ်(သို့) ရက်သတ္တပတ် အနည်း ငယ်အထိဖြစ်နိုင်ပြီး တစ်ခါတစ်လေမှာ အရေးပေါ်ကုသမှုတွေလိုအပ်သလို တချို့လူတွေမှာ ရေရှည် ပြဿနာတွေရှိနိုင်ပါတယ်။

ဦးနှောက်အသေးစားထိခိုက်မှုရဲ့လက္ခဏာများ

  • အော့အန်ခြင်း (သို့) စားသောက်မှုအမူအကျင့်များမတူညီခြင်း
  • ခေါင်းကိုက်ခြင်း
  • မမှတ်မိခြင်းကဲ့သို့ခံစားရခြင်း
  • ‘ စိတ်ခံစားမှုမကောင်းခြင်း ’ (သို့) ‘ စိတ်ဓာတ်ကျခြင်း ’
  • ကိုးယိုးကားယားဖြစ်ခြင်း/ဟန်ချက်ညီမှုပြဿနာ (သို့) ခေါင်းမူးခြင်း
  • အိပ်ရေးပျက်ခြင်း(သို့)အိပ်ချင်မူးတူးဖြစ်ခြင်း
  • အလင်း(သို့)ဆူညံသံကြောင့်စိတ်အနှောင့်အယှက်ဖြစ်ခြင်း
  • စိတ်ရှုပ်ခြင်းနှင့် အာရုံစိုက်ဖို့(သို့)သတိရဖို့ခက်ခဲခြင်း
  • တုန့်ပြန်မှုနှေးခြင်း
  • ပုံမှန်မဟုတ်သည့်အပြုအမူ - အလွယ်တကူဒေါသထွက်ခြင်း(သို့) ရုတ်တရက်စိတ်အပြောင်းအလဲမြန်ခြင်း
  • မှတ်ဥာဏ်ဆုံးရှုံးခြင်း - ထိခိုက်မှုမတိုင်ခင်(သို့) ထိခိုက်မှုအပြီးမှာ ဘာဖြစ်ခဲ့ တယ်ဆိုတာကို မမှတ်မိခြင်း
  • အမြင်အာရုံပြောင်းလဲသွားခြင်း - အမြင်ဝေဝါးခြင်း၊ မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း (သို့) အပြောက်အပြောက်များမြင်ခြင်း

အာရုံစူးစိုက်မှုအားမကောင်းခြင်း

အာရုံစူးစိုက်မှုအားမကောင်းခြင်းဟာ ခေါင်း ထိခိုက်မှုအပြီးမှာ ဖြစ်ပွားလေ့ရှိတဲ့ ပြဿနာ တစ်ခုပဲဖြစ်ပါတယ်။ ကလေးငယ်တစ်ယောက်ဟာ အာရုံစူးစိုက်မှု အားမကောင်းခြင်းကို ခံစားနေရပြီဆိုရင် တီဗီကြည့်ခြင်း၊ ကွန်ပျူတာဂိမ်း ကစားခြင်း၊ စကားအကြာကြီး ပြောခြင်း လိုမျိုး ပုံမှန်အလွယ်တကူလုပ်လို့ရတဲ့ ကိစ္စများမှာ ဦးနှောက်ဟာ ပိုပြီး အလုပ် လုပ်ရပါတယ်။ အာရုံစူးစိုက်မှု အားမကောင်းခြင်းဟာ ကလေး ငယ်ရဲ့ ဥာဏ်ရည်ဥာဏ်သွေး၊ စွမ်းအားပမာဏ စတာတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒါဟာ အပြုအမူဆိုင်ရာပြဿနာများ၊ စိတ်အပြောင်းအလဲ နဲ့ ပညာသင်ယူမှုဆိုင်ရာ အခက်အခက်တွေ ဖြစ်စေပါတယ်။

အာရုံစူးစိုက်မှုအားမကောင်းခြင်းရဲ့လက္ခဏာများ

  • စဉ်းစားတဲ့အချိန်၊ နားလည်သဘောပေါက်တဲ့အချိန် နဲ့ မေးခွန်း(သို့) အမိန့်ပေးတဲ့အချိန်များမှာ နှေးကွေးခြင်း
  • ပြဿနာများကိုအာရုံစိုက်ခြင်း
  • မှတ်မိဖို့အခက်အခဲဖြစ်ခြင်း
  • စကားလုံးများကိုမှန်ကန်စွာပြောဆိုဖို့အတွက်စဉ်းစားရခက်ခြင်း
  • ပုံမှန်ထက်ပိုပြီးလိုချင်တပ်မက်ခြင်း(သို့)မတင်းတိမ်နိုင်ခြင်း
  • ကြောက်ရွံ့စိတ်နဲ့ စိုးရိမ်ပူပန်စိတ်မြင့်မားလာခြင်း
  • အိပ်စက်မှုပုံစံပြောင်းလဲခြင်း
  • စိတ်ပြောင်းလဲခြင်းနဲ့ ဒေါသထွက်ခြင်း
  • တကယ်လို့ ကလေးငယ်ဟာ သိမြင်မှုဆိုင်ရာစွမ်းရည်(သို့) အပြုအမူဟာ ပုံမှန်မဟုတ်ဘူး (သို့) ပိုဆိုးလာမယ်ဆိုရင် ဆေးရုံကို အမြန်သွားသင့်ပါ တယ်။

အာရုံစူးစိုက်မှုအားမကောင်းခြင်းကိုခံစားနေရတဲ့ ကလေးငယ်များဟာ ဦးနှောက်ရော ခန္ဓာကိုယ်ပါ အပြည့်အဝအနားယူသင့်ပါတယ်။ တီဗီကြည့်ခြင်း၊ ဖုန်းနဲ့ဂိမ်းကစား တာမျိုးတောင်မလုပ်သင့်ပါဘူး။ အဲဒီနောက် ပိုပြီးစဉ်းစား တွေးခေါ်ဖို့ အချိန် တစ်ခုလိုအပ်တဲ့ တခြားသောလုပ်ဆောင်မှုများ(သို့) စာဖတ်ခြင်းများကို တဖြည်းဖြည်းလုပ်ဆောင်စေသင့်ပါတယ်။

အိမ်မှာပဲပြုစုစောင့်ရှောက်ခြင်း

ဦးနှောက်အသေးစားထိခိုက်မိထားတဲ့ ကလေးငယ်များနဲ့ အရွယ်ရောက်ပြီး သူများဟာ ပြန်လည်သက်သာလာဖို့ (၄)ပတ်လောက် အချိန်ယူရပါတယ်။ ဒါပေမယ့် အများစုဟာ ရက်အနည်းငယ်အကြာမှာပဲ သူ့အလိုလို ပြန်ကောင်း လာပါတယ်။

  • အသေးစားခေါင်းထိခိုက်မှုအပြီးမှာ အထူးသဖြင့် ပထမဆုံး (၂၄)နာရီမှ (၄၈) နာရီအတွင်း ကလေးငယ်အနေနဲ့ အနားယူအိပ်စက်ချိန် များများလိုအပ်ပါတယ်။ ကလေးငယ်ကို နှိုးဖို့မလိုအပ်ပါဘူး။
  • ကလေးငယ်ဟာ ခေါင်းကိုက်ခြင်းကိုခံစားရနိုင်ပါတယ်။ ကိုက်ခဲမှုကို သက်သာစေချင်တယ်ဆိုရင် ပါရာစီတမောကို (၆)နာရီခြားပြီး တိုက်ရပါ မယ်။ (Ibuprofen (သို့) Aspirin မတိုက်ပါနဲ့)
  • ရောင်ရမ်းမှုကိုလျော့ကျစေဖို့အတွက် ပထမရက်အနည်းငယ်အတွင်းမှာ ထိခိုက်မိထားတဲ့နေရာကို အချိန်နည်းနည်းစီ ရေခဲပုံမှန်ကပ်ပေးပါ။
  • ပထမ(၂၄)နာရီအတွင်း ကလေးငယ်ဘေးမှာ ပြုစုစောင့်ကြည့်ဖို့ လူကြီး တစ်ယောက်ပုံမှန်ရှိနေပေးရပါမယ်။
  • ကလေးငယ်သက်သာလာတဲ့အချိန်မှသာ ကျောင်းတက်ခွင့်ပြုပါ။
  • နောက်ထပ်ခေါင်းထိခိုက်မှုမဖြစ်စေဖို့အတွက် အနည်းဆုံး (၃)ပတ်အတွင်း တွန်းတွန်းတိုက်တိုက်ကစားရတဲ့အားကစား (သို့) အန္တရာယ်များတဲ့ လှုပ်ရှားမှု များကို မလုပ်ဖို့ အကြံပေးချင်ပါတယ်။ ဦးခေါင်း ထိခိုက်ပြီး နောက်ပိုင်းမှာ ကလေးငယ်ရဲ့ တုန့်ပြန်မှု နဲ့ စဉ်းစားမှုဟာ ပိုမိုနှေးကွေး နိုင်တာကြောင့် ပုံမှန်ထက်ပိုပြီး အန္တရာယ်ရှိပါတယ်။

အားကစားပြန်လုပ်ခြင်း(သို့)ကျောင်းပြန်တက်ခြင်း

ကလေးငယ်ဟာ ဦးနှောက်အသေးစားထိခိုက်မှု ရဲ့ လက္ခဏာတွေလုံးဝမပြတော့ ဘူးဆိုမှသာလျှင် နောက်တစ်ဆင့်ကို စဉ်းစားသင့်ပါတယ်။

ကျောင်းပြန်တက်ဖို့လုပ်ဆောင်ရမယ့်အဆင့်များ

  • အိမ်မှာလုပ်ရမယ့်နေ့စဉ်လုပ်ဆောင်မှုများ - စာဖတ်ခြင်း၊ လမ်းဖြေးဖြေး လျှောက်ခြင်း များနဲ့ စတင်ပါ။
  • ကျောင်းမှာလုပ်ရမယ့်အလုပ်များကိုအိမ်မှာလုပ်စေခြင်း - အိမ်စာ၊ ကျောင်းစာဖတ်ခြင်း၊ တခြား အိမ်မှာလုပ်နိုင်တဲ့ ပညာရေးဆိုင်ရာ လုပ်ဆောင်မှုများကို လေ့ကျင့်ပေးပါ။
  • အချိန်ပိုင်းကျောင်းပြန်တက်ခြင်း - ပိုမိုတိုတောင်းတဲ့ကျောင်းတက်ချိန်နဲ့ စတင်ပါ (သို့) တစ်နေကုန်ကျောင်းတက်စဉ်အတွင်း အနားယူခြင်းကို တိုးမြှင့်ပါ။
  • အချိန်ပြည့်ကျောင်းပြန်တက်ခြင်း - ကလေးငယ်အနေနဲ့ တစ်ရက်လုံးခံနိုင် ရည်ရှိတဲ့အထိ ကျောင်းနဲ့ဆိုင်တဲ့ လုပ်ဆောင်မှုများကို တဖြည်းဖြည်း တိုးမြှင့်လုပ်ဆောင်ခိုင်းပါ။

အဆင်ပြေအောင်မြင်စွာနဲ့ ကျောင်းပြန်မတက်နိုင်မချင်း ကလေးငယ်များကို အားကစားမလုပ်ပါစေနဲ့။  အဆင့်တစ်ခုချင်းစီကို အနည်းဆုံး (၂၄)နာရီ ခြားကာ လုပ်ဆောင်စေသင့်ပြီး သာမန် ကစားပွဲမကစားခင် တစ်ပတ် အချိန်ယူရပါမယ်။

အားကစားပြန်လည်လုပ်ဆောင်မှုအဆင့်ဆင့်

  • ကန့်သတ်လက္ခဏာလုပ်ဆောင်မှုများ - လက္ခဏာများကို နှိုးဆွမှု မပေးတဲ့ သာမန်နေ့စဉ်လှုပ်ရှားမှုများ။
  • ပေါ့ပေါ့ပါးပါးအေရိုးဗစ်လေ့ကျင့်ခန်းများ - လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ အရှိန်နည်းနည်းကနေ အရှိန်အသင့်အတင့် အထိ ပုံမှန်စက်ဘီးစီးခြင်း။
  • သီးသန့်အားကစားလေ့ကျင့်ခန်းများ - ပြေးခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ် ခြင်း၊ အပျော့စားဘောလုံးနဲ့ ဘောလုံးစွမ်းရည်ပြခြင်း။
  • တွန်းတွန်းတိုက်တိုက်မလုပ်ရတဲ့လေ့ကျင့်ခန်းများ - ကလေးငယ်များ အနေနဲ့ ဖြည်းဖြည်းချင်းလုပ်ရတဲ့လေ့ကျင့်ခန်းများနဲ့ စတင်ရပါမယ်။
  • အပြည့်အဝထိတွေ့မှုရှိတဲ့လေ့ကျင့်ခန်းများ - ကျန်းမာရေးပြဿနာများ မရှိတော့တဲ့အချိန်မှာ သာမန်လေ့ကျင့်လှုပ်ရှားမှုများကို ပြုလုပ်န်ိုင်ပါတယ်။
  • အားကစားပြန်လုပ်ခြင်း - အထက်ပါအဆင့်များပြီးတဲ့နောက်မှာ ကလေးငယ်ဟာ ပုံမှန်အားကစားပွဲများမှာ ပြန်လည်ပါဝင်ကစားန်ိုင်ပြီဖြစ်ပါတယ်။

 

အိမ်မှာစောင့်ကြည့်နေတဲ့အချိန်အတွင်း အောက်ပါလက္ခဏာတစ်ခုခုခံစားရတယ် ဆိုရင် ဆေးရုံကိုနောက်တစ်ကြိမ်ပြန်ပို့ရပါမယ်။

  • (၅)ကြိမ်ထက်ပိုပြီးအော့အန်ခြင်း
  • သွေးထွက်ခြင်း(သို့) နား၊ နှာခေါင်းများမှ အရည်များထွက်ခြင်း
  • တက်ခြင်း၊ လေဖြတ်ခြင်း၊ ဆန့်ငင်ဆန့်ငင်ဖြစ်ခြင်း၊ အကြောဆွဲခြင်း
  • အမြင်ဝေဝါးခြင်း (သို့) မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း
  • ထိန်းချုပ်နိုင်မှုအားနည်းခြင်း(သို့) ကိုးရိုးကားရားဖြစ်ခြင်း
  • လက်(သို့)ခြေထောက်ချိနဲ့မှုဖြစ်ပေါ်လာခြင်း (သို့) ရှိပြီးသား လက်(သို့) ချိနဲ့မှုဟာ ပိုဆိုးလာပြီး ကောင်းမွန်လာမှုမရှိခြင်း
  • မျိုချရခက်ခြင်း (သို့) စားသောက်နေချိန်မှာချောင်းဆိုးခြင်း
  • ဆူညံသံများကိုမခံနိုင်ခြင်း
  • ဗလုံးဗထွေးဖြစ်ခြင်း (သို့)စကားမပီသခြင်း
  • ပုံမှန်မဟုတ်တဲ့အပြုအမူ(သို့)စိတ်ရှုပ်စရာအပြုအမူ
  • ပါရာစီတမော သောက်သည့်တိုင်အောင် ဆိုးဆိုးရွားရွား (သို့)မကြာမကြာခေါင်းကိုက်မှုဝေဒနာ မသက်သာခြင်း
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။