အမာရွတ်မကျန်အောင်သားအိမ်ထုတ်မယ်

အမာရွတ်မကျန်အောင်သားအိမ်ထုတ်မယ်

အမျိုးသမီးရောဂါများ (သို့) မီးယပ်ဆိုင်ရာရောဂါများကိုကုသရတဲ့အခါ တချို့သော အခြေအနေများမှာ ဆရာဝန်များအနေနဲ့ သားအိမ်ထုတ်ခြင်းကို လုပ်ဆောင်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ သားအိမ်ထုတ်ပြီးတဲ့ အမျိုးသမီး တစ်ယောက်ဟာ ဓမ္မတာသွေးဆင်းခြင်း မရှိတော့သလို ကိုယ်ဝန်လည်း မဆောင်နိုင် တော့ပါဘူး။ ဒါကြောင့် သားအိမ်ထုတ်ခြင်းနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ အချက်အလက်များကို အသိပေးလိုပါတယ်။ အရေးကြီးတာတစ်ခုက အမျိုးသမီးများ အနေနဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချဖို့ အကြောင်းဖန်လာတဲ့အခါမှာ ကိုယ့်ကျန်းမာ ရေးအခြေအနေနဲ့ပတ်သက်ပြီး ကောင်းစွာ သိရှိနားလည်ထားမှသာ မလိုအပ်တဲ့ စိုးရိမ်မှုတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ဘာကြောင့်သားအိမ်ထုတ်ဖို့လိုအပ်တာလဲ?

သားအိမ်ထုတ်ဖို့လိုအပ်တဲ့ အကြောင်းအရင်းများကတော့ သားအိမ်အလုံးတည်ခြင်း၊ တချို့သောအကျိတ်အမျိုးအစားများဖြစ်ခြင်း ၊ ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်မှသွေးဆင်းခြင်း ၊ သားအိမ်အတွင်းရှိတစ်ရှူးများသားအိမ်ပြင်ပသို့ ရောက်နေခြင်း ၊ နာတာရှည် ဆီးစပ်ကိုက်ခြင်း၊ သောက်ဆေးနဲ့ကုသလို့ မရတဲ့ သားအိမ်နဲ့ဆက်စပ်နေတဲ့ဗိုက်အောင့်ခြင်း ၊  ဆီးသွား / ဝမ်းသွားခြင်းကို ပြဿနာဖြစ်စေတဲ့ သားအိမ်အလုံးရဲ့ဖိအား ၊ သားအိမ်ခေါင်းကင်ဆာကနဦးအဆင့် စတဲ့ အခြေအနေတွေမှာဖြစ်ပါတယ်။ အမျိုးသမီးအများစု သားအိမ်ထုတ်ရခြင်းဟာ သားအိမ် တွင်းအလုံးတည် ကာကြီးထွားလာခြင်း ၊ မမျိုးဥအိမ်အကျိတ်ဖြစ်ခြင်း ၊ နာတာရှည် ဗိုက်အောင့်ခြင်း စတဲ့ အကြောင်းအရင်းများကြောင့်ပဲဖြစ်ပါတယ်။

NOTES နည်းပညာအသုံးပြုပြီးအမာရွတ်လုံးဝမကျန်အောင်သားအိမ်ထုတ်ခြင်း

Natural Orifice Transluminal Endoscopic Surgery သို့မဟုတ် (NOTES)  အတိုကောက်ခေါ်တဲ့ နည်းပညာဟာ ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်ကုသမှု တစ်ခုဖြစ်ပြီး သားအိမ်ထုတ်ရာမှာ အသုံးပြုပါတယ်။ NOTES နည်းပညာဟာ ပုံမှန် မှန်ပြောင်းအသုံးပြုခွဲစိတ်ကုသမှု ကို နောက်တစ်ဆင့် မြှင့်ပြီး တီထွင်လိုက်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာမှာ သမားရိုးကျ ခွဲစိတ်ကုသမှုတွေနဲ့မတူတာကတော့ အမျိုးသမီးရဲ့ မွေးလမ်းကြောင်းကို အနည်းငယ် ဆိုရုံမျှ ချဲ့လိုက်ပြီး သေးငယ်တဲ့ကင်မရာနဲ့ လိုအပ်တဲ့ ခွဲစိတ်ကုသမှုကိရိယာကို ထည့်သွင်းပြီး ခွဲစိတ်တာဖြစ်ပါတယ်။ ခွဲစိတ်မှုတစ်ခုလုံးကို မွေးလမ်းကြောင်းကနေ တစ်ဆင့် လုပ်ဆောင်ရတာကြောင့် လူနာအတွက် ပြင်ပ အမာရွတ်အနေနဲ့ ဘာမှ မကျန်ခဲ့ပါဘူး။ အမျိုးသမီးများအတွက် ဗိုက်မှာခွဲစိတ်ရာ မကျန်ရှိစေတဲ့အချက်ဟာ ဒီနည်းပညာရဲ့ အကြီးမားဆုံး အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ ပြင်ပမှာနာကျင်မှုမရှိဘဲ အတွင်းပိုင်းမှာသာ အနည်းငယ်နာကျင်မှုရှိတာကြောင့် ဗိုက်ကနေ တစ်ဆင့်ဖောက်ပြီးလုပ်ဆောင်ရတဲ့ မှန်ပြောင်းသုံးခွဲစိတ်ကုသမှုများထက် စာရင် ခွဲစိတ်ပြီး နောက်မှာ နာကျင်မှုအနည်းငယ်သာခံစားရနိုင်ပါတယ်။ ခွဲစိတ်ပြီးနောက် ပြန်လည်သက်သာကောင်းမွန်ဖို့ အချိန်ဟာလည်း အများကြီး မြန်ဆန်ပါတယ်။ လူနာအနေနဲ့ တစ်ရက် - နှစ်ရက် အတွင်းမှာ ပုံမှန်အတိုင်း အလုပ် ပြန်လုပ်နိုင်မှာဖြစ်ပါတယ်။  မွေးလမ်းကြောင်းနေရာကို ကောင်းမွန်စွာသွေးစီးဆင်းတဲ့အပြင် ပြန်လည်သက် သာလာမှုမြန်ဆန်တာကြောင့် ခွဲစိတ်ထားတဲ့နေရာကို ရောဂါပိုးဝင်ရောက် နိုင်ခြေနည်း ပါးခြင်းဟာလည်း ဒီနည်းပညာရဲ့ နောက်ထပ် အားသာချက်တစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာဟာ သားအိမ်အလုံးတည်ခြင်း ၊ ပုံမှန်မဟုတ်ဘဲမိန်းမကိုယ်မှသွေးဆင်း ခြင်း ၊ သားအိမ်ထုတ်မှရမယ့် တခြားကျန်းမာရေးအခြေအနေများရဲ့ လိုအပ်ချက် နဲ့ ကိုက်ညီတဲ့ ကုသမှုနည်းလမ်းပဲဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်အကိုင် မပျက်လိုဘဲ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်သက်သာချင်တဲ့ အမျိုးသမီးများအတွက်လည်း ကိုက်ညီတဲ့ ကုသမှုနည်းပညာတစ်ခုဖြစ်ပါတယ်။ အချိန်ဟာ အရမ်းကိုအရေးကြီးပါတယ်။ ပြန်လည်သက်သာလာဖို့ အချိန်ကြာ လေလေ အလုပ်ကို ထိခိုက်လေလေပါပဲ။ NOTES နည်းပညာနဲ့ လုပ်ဆောင် တဲ့ သားအိမ်ထုတ်ခြင်း ကတော့ လုပ်ငန်းခွင်ဝင်နေကြရတဲ့ အမျိုးသမီးများ အတွက် အဆင်ပြေထိရောက်တဲ့ နည်းလမ်းတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

မီးယပ်ဆိုင်ရာရောဂါများဟာ အမျိုးသမီးတိုင်းအတွက် ကြိုတင် လက္ခဏာမပြဘဲ ဖြစ်နိုင်ခြေရှိပါတယ်။ ကြိုတင်ကာကွယ်ဖို့ ခဲယဥ်းတယ်ဆိုပေမယ့် နှစ်စဥ် ကျန်းမာရေးစစ်ဆေးခြင်းကနေတစ်ဆင့် ကြိုတင်ကာကွယ်နိုင်ဖို့ အခွင့်အရေး ပိုများပါ တယ်။ ရောဂါအတိမ်အနက်ကို စောစောစီးစီး သိရတယ်ဆိုရင် ခွဲစိတ်ကုသ ဖို့ မလိုအပ်ပါဘူး။ တချို့သော ကျန်းမာရေးအခြေအနေများကို မကာကွယ်နိုင်ပေမယ့် အချိန်မဆွဲဘဲ ဘာတွေလုပ်ရမယ်ဆိုတာကိုတော့ ကျွန်တော် တို့အနေနဲ့ သိရှိနိုင်ပါတယ်။ 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။