သားအိမ်ထဲမှာ အလုံးတည်တယ်ဆိုတာ … ကုလို့ ရပါတယ်….

သားအိမ်ထဲမှာ အလုံးတည်တယ်ဆိုတာ … ကုလို့ ရပါတယ်….

အနှစ်ချုပ်

  • သားအိမ်ထဲမှာ အလုံးတည်တယ်ဆိုတာ ပုံမှန်အားဖြင့်  အသက်အန္တရာယ် မစိုးရိမ်ရသလို့ ကုလို့မရတတ်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာ ရာသီဓမ္မတာတစ်ခုခု ဖောက်ပြန်နေတယ် မမှန်မကန်ဖြစ်နေတယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အချိန်မီ ဆွေးနွေးတိုင်ပင်ပြီး ရောဂါရှာဖို့ လိုပါတယ်။
  • ခွဲစိတ်စရာမလိုဘဲ (ဒါမှမဟုတ်) လူနာဟာ အကြောင်းတစ်ခုခုကြောင့် ခွဲစိတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် တခြားနည်းလမ်းတစ်ခုဖြစ်တဲ့ Ulipristal Acetate ဆိုတဲ့ ဆေးနဲ့ ထိထိရောက်ရောက် ကုသနိုင်ပါတယ်။
  • ဆေးနဲ့ဆိုရင် ဓမ္မတာသွေးဆင်းမှု ကြီးကြီးမားမားဖြစ်နေတာကိုတောင် အများစုကို ပထမတစ်ပတ်နဲ့တင် ရပ်သွားအောင် လုပ်လို့ရပါတယ်။ ၉၀ရာခိုင်နှုန်းကျော်သော မူမမှန်သွေးဆင်းမှုများကိုလည်း ထိန်းချုပ် ပေးနိုင်ပါတယ်။ အလုံးကိုလည်း ကျုံ့သွားအောင် လုပ်ပေးနိုင်ပြီး ကုသမှုပြီးဆုံးတဲ့အခါမှာ အလုံးဟာ သေးသေးလေးပဲ ကျန်ခဲ့မှာ ဖြစ်ပါတယ်။

အသက် ၃၅နှစ်နဲ့ အထက် အမျိုးသမီး ၂၅% မှာ သားအိမ်အလုံး ဖြစ်ပေါ်တတ်တာကို တွေ့ရတတ်ပါတယ်။ များသောအားဖြင့် အိမ်ထောင်ကျပြီး သားသမီး မရှိသေးတဲ့သူ၊ အဝလွန်တဲ့သူ၊ မိသားစုထဲမှာ သားအိမ်အလုံး ဖြစ်တတ်တဲ့ မျိုးရိုးရှိသူတွေမှာ တွေ့ရပါတယ်။

သားအိမ်ထဲမှာ အလုံးတည်တယ်ဆိုတာဟာ အသက်ကို အန္တရာယ်ပြုတတ်တာမျိုးတော့ မဟုတ်ပါဘူး။ နောက်ပြီးတော့ ကေ့စ်အများစုမှာ သားအိမ်ထဲက အလုံးဆိုတာ သေးသေးလေးတွေဖြစ်ပြီး အများစုက ဘာ လက္ခဏာမှတောင် မပြတတ်ပါဘူး။  ဘာကုသမှုမှလည်း ပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာ သွေးဆင်းတာများတာတို့၊ တစ်လမှာ မကြာခဏဖြစ်နေတာတို့ စတဲ့ ရာသီဓမ္မတာ တစ်ခုခု ဖောက်ပြန်တာ မူမမှန်တာကို သတိပြုမိတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်း ပေါ့ပေါ့လျော့လျော့ ထားခဲ့ရင် သားသမီးမရနိုင်တာတို့ သွေးတွေ သိသိသာသာဆုံးရှုံးမှုများလို့ သွေးအားနည်းရောဂါတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။  ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အလုံးတည်ခဲ့မယ်ဆိုရင် လမစေ့ ကလေး မွေးဖွားခြင်း နဲ့ ကိုယ်ဝန်ပျက်ကျခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

သားအိမ်အလုံးအမျိုးအစားများ

သားအိမ်အလုံးဟာ ပဲတီစိမ်းအရွယ်ကနေ ဖရဲသီးအရွယ်လောက်အထိ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ တစ်လုံးထဲ ဖြစ်နိုင်သလို အပြွတ်လိုက် အခိုင်လိုက်လဲ ဖြစ်နိုင်ပါတယ်။ မာကျစ်ကျစ်သဘော ရှိပါတယ်။ သားအိမ်ရဲ့ ဘယ်နေရာမှာ မဆို တွေ့ရနိုင်ပါတယ်။ အောက်ပါအတိုင်း အမျိုးအစားတွေ ခွဲခြားထားပါတယ်။

  • Intramural fibroids: ဒါကတော့ အဖြစ်အများဆုံးအမျိုးအစားပါ။ သားအိမ်နံရံကြွက်သားတွေမှာ တွယ်နေ တတ်ပါတယ်။ သားအိမ်အခေါင်းနဲ့ သားအိမ်နံရံတွေကို ပုံပျက်စေပြီး မူမမှန်တဲ့ လက္ခဏာတွေ ဖြစ်လာစေတတ် ပါတယ်။
  • Subserosal fibroids: ဒါကတော့ သားအိမ်အပြင်ဘက်မှာ  ဖြစ်ပေါ်တတ်ပြီး သားအိမ်အပြင်နံရံ တစ်ရှူးတွေအလွှာ ပတ်ပတ်လည်မှာ ဖြစ်လာတတ်ပါတယ်။ ဒီအမျိုးအစားကတော့ ပုံသဏ္ဌာန်မမှန်တဲ့ ပုံမျိုး ရှိတတ်ပြီး ဆီးအိမ်နဲ့ အစာဟောင်းအိမ် ကို ဖိမိနေတာမျိုး ရှိတတ်ပါတယ်။
  • Submucosal fibroids: ဒါမျိုးကတော့ တွေ့ရခဲ့တဲ့ အမျိုးအစား ဖြစ်ပါတယ်။ ကြီးထွားလာတဲ့အခါ သားအိမ်ကို အတွင်းဘက်ကို တွန်းပို့တတ်ပါတယ်။  သားအိမ်အတွင်းနံရံကြွက်သားတွေ ကြားထဲမှာ ဖြစ်လာတတ်ပါတယ်။ သားအိမ်အခေါင်းကို ပုံပျက်စေပြီး မူမမှန်ရာသီသွေးဆင်းမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။

သားအိမ်အလုံးဖြစ်ရခြင်းအကြောင်းရင်းများ

သားအိမ်ထဲမှာ အလုံးတွေ ဖြစ်လာတယ်ဆိုတာ သားအိမ်ရဲ့ ကြွက်သားဆဲလ်တွေ ကနေ မူမမှန်ပြန့်ပွားလာတာ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ခုထိ အတိအကျ မပြောနိုင်သေးပါဘူး။  အောက်ပါအကြောင်းရင်းတွေက သားအိမ်မှာ အလုံးတည်ရခြင်းအပေါ်မှာ သက်ရောက်မှုရှိတယ် လို့ မှတ်ယူထားကြပါတယ်။

  • မျိုးရိုးလိုက်ခြင်း - မိသားစုထဲမှာ သားအိမ်အလုံးဖြစ်တာ မျိုးရိုးရှိနေရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခေျ ပိုများပါတယ်။
  • လိင်ပိုင်းဆိုင်ရာဟိုမုန်းများ မူမမှန်မှု - သားအိမ်နံရံတွေရဲ့ ဖွံ့ဖြိုးမှုကို အီစထရိုဂျင် နဲ့ ပရိုဂျက်စထရုန်း ဟိုမုန်း ၂ မျိုးလုံးက လှုံ့ဆော်တဲ့အခါ သားအိမ်အလုံးတွေကို ကြီးထွားလာမှု ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ  ကြီးလာတတ်ပြီး သွေးဆုံးပြီးတဲ့အခါမှာ ပြန်ကျုံ့သွားတတ်တဲ့ သားအိမ်အလုံးမျိုးလည်း တွေ့ရပါတယ်။

သားအိမ်အလုံးရဲ့ လက္ခဏာများ

သားအိမ်ထဲမှာ အလုံးအသေးလေးတွေ ရှိတဲ့ အမျိုးသမီးတော်တော်များများမှာ ဘာလက္ခဏာမှ ပြလေ့ မရှိပါဘူး။ များသောအားဖြင့် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုပြုတဲ့အခါအမှသာ စမ်းသပ်တွေ့ရှိရလေ့ ရှိပါတယ်။ သားအိမ်အလုံး ကြီးကြီးရှိတဲ့သူတွေမှာတော့ ရာသီသွေးဆင်းမှုများခြင်း၊ ဓမ္မတာမမှန်ခြင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်း၊ ခါးအောက်ပိုင်း နာကျင်ခြင်း စတဲ့ မူမမှန်သွေးဆင်းမှုလက္ခဏာများ ပြတတ်ပါတယ်။ တစ်ချို့အလုံးတွေဟာ ကြီးလာတဲ့အခါမှာ နီးစပ်ရာ အစိတ်အပိုင်းတွေကို ဖိထားသလိုမျိုး ဖြစ်နေတတ်တဲ့အတွက် ဆီးခဏခဏသွားခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေ ဖြစ်တတ် ပါတယ်။ အလုံးက သိသိသာသာကြီး ကြီးလာတဲ့အခါမျိုးမှာဆိုရင် စမ်းကြည့်လို့ ရနိုင်ပြီး ကိုယ်ဝန်ရှိသလိုမျိုး ဗိုက်ကြီး ပူလာတတ်ပါတယ်။

သားအိမ်အလုံးကို ကုသခြင်း

သားအိမ်ထဲမှာ အလုံးရှိနေပြီဆိုတာ သိလိုက်တာနဲ့ ခွဲထုတ်မှပဲ ရတော့မှာလားဆိုပြီး စိတ်ပူသွားတတ်ကြပါတယ်။ လက်တွေ့မှာ တကယ်တော့ သားအိမ်အလုံးအတွက် ကုသရာမှာ တစ်ယောက်နဲ့တစ်ယောက် မတူဘဲ ကွဲပြားပါတယ်။  အထိရောက်ဆုံးဖြစ်အောင်ကတော့ အလုံးရဲ့ အရွယ်အစား၊ ဖြစ်နေတဲ့နေရာနဲ့ ပြင်းထန်မှုအပြင် လူနာရဲ့ ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး သင့်တော်သလို ကုသပေးရတာပါပဲ။

လောလောဆယ်မှာ အာထရာဆောင်းလိုမျိုး ကြိမ်နှုန်းမြှင့်အသံလှိုင်းတွေလွှတ်ကြည့်ပြီးတော့ ရောဂါရှာဖွေမှုနဲ့ စောင့်ကြည့်မှုတွေ လုပ်လေ့ရှိပါတယ်။  ဝမ်းဗိုက်အောက်ပိုင်းနဲ့ မိန်းမကိုယ်အပိုင်းကို အာထရာဆောင်းရိုက်ကြည့်ခြင်းဖြင့် တိကျမှန်ကန်တဲ့ အဖြေတွေကို ရရှိပါတယ်။ ခွဲစိတ်ကုသခြင်းမပြုလိုတဲ့ လူနာတွေအတွက် ထိထိရောက်ရောက် ကုသမှုပေးနိုင်တဲ့ ဆေးတွေလဲ ရှိနေပြီ ဖြစ်ပါတယ်။

Ulipristal Acetate ဆေးဖြင့် သားအိမ်အလုံးကို ကုသခြင်း

ကျန်းမာရေးအခြေအနေတစ်ခုခုအရ ခွဲစိတ်ကုသဖို့ မဖြစ်နိုင်တဲ့ လူနာမျိုးတွေအတွက်  Ulipristal Acetate ဆေးနဲ့ ကုသတာဟာ ထိရောက်တဲ့ အစားထိုးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

လောလောဆယ် Ulipristal Acetate ဆေးဟာ ESMYA (တံဆိပ်) 5 mg ဆေးပြားလေးတွေအနေနဲ့ ရရှိနိုင်ပါတယ်။ ဒီဆေးဟာ အဓိကအားဖြင့် ပရိုဂျက်စထရုန်းဓာတ်တိုးခြင်းအများစုကိုတားဆီးပေးတဲ့ Selective Progesterone Receptor Modulator (SPRM) ဆေးဖြစ်ပြီး အောက်မှာဖော်ပြထားတဲ့ အဓိက ၃ နေရာကို တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပါတယ်။

  • သားအိမ်အလုံး- အလုံးမှာရှိတဲ့ဆဲလ်တွေကို သေအောင်လုပ်ပေးတဲ့အပြင် ပြန့်ပွားတာကိုလည်း တားဆီး ပေးခြင်းအားဖြင့်  အရွယ်အစားကို သေးသွားစေပါတယ်။
  • ပီကျူထရီဂလင်း- ပရိုဂျက်စထရုန်းနဲ့ FSH ပမာဏကို နည်းသွားအောင်လုပ်ထားခြင်းဖြင့် မျိုးဥထွက်ခြင်းကို တားဆီးထားပါတယ်။ လူနာအများစုအတွက် အီစထရိုဂျင်ပမာဏကို အလယ်အလတ်မှာ ထိန်းသိမ်းထားပေး ပါတယ်။
  • သားအိမ်အတွင်းဘက်ဆုံးနံရံ- ဒီဆေးက endometrium လို့ ခေါ်တဲ့ သားအိမ်ရဲ့အတွင်းဘက်ဆုံးနံရံ ကိုလည်း သက်ရောက်မှု ဖြစ်စေပါတယ်။ ဆေးကုသမှု ပြီးဆုံးတဲ့အချိန်အထိ ရာသီလာတာကို ရပ်တန့်ပေးထား ပြီး  ကုသမှု ပြီးဆုံးတဲ့နောက် ၄ ပတ်အတွင်း မှာ ပုံမှန်အတိုင်း ရာသီ ပြန်လာမှာ ဖြစ်ပါတယ်။

Edmya ဆေးကို ကုထုံး ၂ မျိုးမှာ အဓိကထားပြီး ကုသဖို့ ခွင့်ပြုပေးထားပါတယ်။

၁။ သားအိမ်အလုံးကို ခွဲစိတ်မှုမပြုမီ ကြိုတင်ကုသခြင်း

၂။ ခွဲစိတ်ကုသခြင်းပြုဖို့ မသင့်တော်တဲ့ လူနာများအတွက်ကုသမှုပေးခြင်း။

ဒီဆေးနဲ့ဆိုရင် ဓမ္မတာသွေးဆင်းမှု ကြီးကြီးမားမားဖြစ်နေတာကိုတောင် ပထမတစ်ပတ်မှာတင် ရပ်သွားအောင် လုပ်ပေးနိုင်ပါတယ်။ မူမမှန်သွေးဆင်းမှု ၉၀% ကျော်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အလုံးရဲ့ အရွယ်အစားကို ကျုံ့သွားအောင် လုပ်ပေးနိုင်ပြီး ကုသမှုပြီးဆုံးတဲ့အခါမှာ သေးသေးလေးပဲကျန်စေမှာ ဖြစ်ပါတယ်။ နာကျင်မှုဝေဒနာ နဲ့ အခြား ရောဂါလက္ခဏာတွေကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။ တခြား GnRH agonists ဆေးတွေလို ရိုးတွင်းခြင်ဆီသိပ်သည်းဆအားနည်းတာ၊ သွေးဆုံးပြီးနောက်ပိုင်း ဖြစ်လာတတ်တဲ့ အီစထရိုဂျင်မလုံလောက်တဲ့ လက္ခဏာတွေ စတာတွေ ဖြစ်လာမှာမဟုတ်ဘဲ ခေါင်းကိုက်တာ ပူအိုက်တာ စတဲ့ အရေးမကြီးတဲ့ ဘေးထွက်ဆိုးကျိုးလေး တစ်ချို့ပဲ ဖြစ်နိုင်ပါတယ်။

ကုသမှုဟာ ၁၂ ပတ် ကြာမှာ ဖြစ်ပါတယ်။ ဓမ္မတာရာသီလာခြင်း ပထမပတ်မှာ စတင်ရမှာ ဖြစ်ပါတယ်။ ပထမပိုင်းဆေးကုသမှု နဲ့ ဒုတိယပိုင်းပြန်လည်ကုသမှု အကြားမှာ ဓမ္မတာစက်ဝန်း ၂ကြိမ်စာ ခေတ္တ နားသင့်ပါတယ်။ ပထမပိုင်းကုသမှုပြီးတဲ့နောက်၊ ၂ ကြိမ်မြောက် ရာသီပြန်လာမှုရဲ့ ပထမအပတ်မှာ ဒုတိယပိုင်း ပြန်လည်ကုသမှု ကို စတင်ရမှာ ဖြစ်ပါတယ်။

Esmya ဆေးဖြင့် ကုသရန်မသင့်သော လူနာများ

  • ဆေးထဲမှာ ပါတဲ့ အဓိကဓာတ်တွေနဲ့ မတည့်တဲ့သူတွေ၊
  • ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ၊
  • သားအိမ်အလုံးကြောင့်မဟုတ်ဘဲ အခြားမသိနိုင်တဲ့အကြောင်းတစ်ခုခုကြောင့် သွေးဆင်းနေတဲ့ လူနာတွေ၊
  • သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နေတဲ့လူနာတွေ နဲ့
  • အသည်းကောင်းကောင်းအလုပ်မလုပ်တဲ့ / အသည်းရောဂါ ခံစားနေရတဲ့ လူနာတွေ။

အဲဒီတော့ နိဂုံးချုပ်ပြောရမယ်ဆိုရင် သားအိမ်ထဲမှာ အလုံးတွေ့တိုင်းလည်း တအားကြီး စိတ်ပူစရာမလိုပါဘူး။ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ အလုံးရဲ့ ကြီးထွားလာမှုကို စောင့်ကြည့်ရပါမယ်။ ယေဘုယျအားဖြင့် ခွဲထုတ်စရာလည်း မလိုပါဘူး။ ဒီကနေ့မှာ ပေျာက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးတွေလည်း ရှိနေပြီမို့လို့ အတွေ့အကြုံကောင်းပြီး ကျွမ်းကျင်တဲ့ တရားဝင် ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များနဲ့သာ တိုင်ပင်ကုသပါ လို့ အရေးတကြီး သတိပေးလိုက်ရပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။