Share the message

အသက်အန္တရာယ်များသော MoMo အမျိုးအစား အမွှာကိုယ်ဝန်

ဆေးရုံမှန်ကန်စွာရွေးချယ်ပြီ

ကျွန်တော့ကလေးတွေက အမွှာကိုယ်ဝန်ထဲမှာမှ ၁ ရာခိုင်နှုန်းပဲ တွေ့ရတတ်တဲ့ MoMo အမျိုးအစား အမွှာဖြစ်နေတယ်ဗျာ။ ဒီလိုမျိုးစသိလိုက်ရတော့ ဒီလိုရှားပါးတဲ့ အမျိုးအစားအမွှာကိုယ်ဝန် ကို ကျွမ်းကျင်စွာ စစ်ဆေးမွေးဖွားပေးနိုင်မယ့် OG ကို အပူတပြင်းရှာမိပါတယ်။ ကျွန်တော် online ကနေလဲရှာတယ်ဗျာ.. အားလုံးက ဒီအမျိုးအစား ကိုယ်ဝန်က အန္တရာယ်ရှိတယ်ပဲ ပြောထားတယ်။ ဖတ်မိလေလေ ကျွန်တော်ဇောချွေးပြန် စိတ်ဖိစီးလာလေပဲ။ ကျွန်တော်တို့အတွက် အရေးကြီးဆုံးအချက်က ကျွမ်းကျင်စွာ စစ်ဆေးမွေးဖွားပေးနိုင်မယ့် OG နဲ့ ဆေးရုံပဲ။ကျွန်တော်တို့ ကမ္ဘောဒီးယားမှာစစ်တုန်းကတော့ ကလေးတဦးစီ က ရေမြွှာတအိတ်စီ ထဲမှာလို့ပဲပြောတယ်။ ဘန်ကောက်မှာ စစ်လိုက်တော့မှ MoMo အမျိုးအစား မှန်းစစ်ဆေးတွေ့ရှိရတယ်။ စစစ်ဆေးတွေ့ရှိတဲ့ ဒေါက်တာကလဲ အခြား OG ငါးဦးနဲ့ ထပ်စစ်ဆေးခိုင်းပြီးမှ အတည်ပြုပေးပါတယ်။ သူတို့တွေဟာ အလွန်ကို ကျော်ကြားပြီး တော်တဲ့ OGတွေဖြစ်ပါတယ်။

ဒါပေမဲ့ MoMo အမျိုးအစား အမွှာကိုယ်ဝန်အတွက် သူတို့ အာမခံမပေးရဲကြပါဘူး။ကျွန်တော်လည်းinternetကနေဒီအမျိုးအစားကို်ယ်ဝန်အကြောင်းသေချာလေ့လာဖြစ်တယ်။ ကျွန်တော်သဘောပေါက်နားလည်သွားတာက သန္ဓေသား အမွှာကလေးနှစ်ဦးစလုံးရဲ့ ကျန်းမာရေး၊ မိခင်ရဲ့ ကျန်းမာရေး ကို သေသေချာချာစောင့်ကြည့်စစ်ဆေးကုသဖို့လိုတယ်ဆိုတာပါပဲ။ပြခဲ့ဖူးတဲ့ OG တိုင်းဟာ မိန်းမကိုယ်တွင်းမှနေ Ultrasound ရိုက်ပြီး သားအိမ်ခေါင်းအလျားတိုင်းတာတောင် မလုပ်ပေးရဲ ကြတော့သည်အထိပါပဲ။ဆစ်မီတဝေ့ဆေးရုံ ရဲ့ Preterm Clinic (လမစေ့သောကလေးငယ်များအထူးကုဌာန) မှ OG Dr. Boonsri အကြောင်းကျွန်တော်တို့ ကြားသိလိုက်တာနဲ့သူနဲ့ သွားဆွေးနွေးဖို့ကျွန်တော်တို့ဆုံးဖြတ်လိုက်ပါတယ်။

 

monochorionic-monoamniotic အတွက်ဆေးကုသမှုခံယူခြင်း

Dr.Boonsri ရဲ့ ပြောကြားချက်အရ MoMo အမျိုးအစား အမွှာကိုယ်ဝန်ရဲ့ စိုးရိမ်ရဆုံးအချက်မှာ ချက်ကြိုးနှစ်ကြောင်းထုံးသွားခြင်းပဲဖြစ်ပါတယ်။ သန္ဓေသားလောင်း ကြီးထွားလာသည်နှင့်အမျှ ထုံးနေတဲ့ ကြိုးနှစ်ချောင်းကို ဆွဲတင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။အဲဒီအခါမှ သန္ဓေသား ရဲ့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။အဲဒီအခြေအနေကို သေချာစွာ စောင့်ကြည့်ဖို့လိုပါတယ်။သားအိမ်ခေါင်းရဲ့ အလျားကိုလည်း အချိန်နှင့် တပြေးညီ တိုင်းထားဖို့လိုပါသေးတယ်။ သန္ဓေသားလောင်း ကြီးထွားလာသည်နှင့်အမျှ သားအိမ်ခေါင်းကို ဖိပြီး ပွင့်သွားလျှင် စောမွေးတတ်ပါတယ်။ MoMo အမျိုးအစားအမွှာကိုယ်ဝန် ဘာလို့စိတ်ပူရလဲဆိုတာ Dr. Boonsri ရှင်းပြမှပဲနားလည်ပါတော့တယ်။ သူဟာ ကျွန်တော်တို့လင်မယားအတွက်တော့ တကယ့် ဆရာကောင်းတဦးလိုပါပဲ။ Powerpoint တွေနဲ့ သေချာရှင်းလင်းမြင်သာအောင်ရှင်းပြတယ်။ ဘာကြောင့်စိုးရိမ်ဖွယ်ကောင်းလဲဆိုတဲ့အချက်တွေကိုပါ သေချာစွာရှင်းပြပေးပါတယ်။

MoMo အမျိုးအစားကိုယ်ဝန်ဆောင်မိခင်တဦးအတွက် ကို်ယ်ဝန် ၂၄ ပတ် ရောက်ဖို့ အရေးကြီးပါတယ်တဲ့။ ၂၄ ပတ်ထဲဝင်သွားပြီဆို စောမွေးလည်း အပြင်မှာ အသက်ရှင်နေထိုင်နိုင်ရန် ဖန်ပေါင်းချောင်တွင်း ထည့်၍ ခေတ်မီနည်းပညာများဖြင့် ဂရုတစိုက်စောင့်ကြည့်ကုသပေးလို့ရပါတယ်။ဒါတွေသိရပြီးတာနဲ့ ကျွန်တော်တို့ ဘန်ကောက်မှာ ကလေးမီးဖွားပြီးသည့်အထိ ခေတ္တခဏနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါမှသာDr.Boonsriနဲ့အနီးကပ်တိုင်ပင်ဆွေးနွေးကုသလို့ရမှာဖြစ်ပါတယ်။ တပတ်တကြိမ်ပုံမှန်ဆွေးနွေးပြီး Due date နီးလာတာနဲ့ တရက်တကြိမ်လိုအပ်သည်များ စစ်ဆေးတိုင်ပင်ဖို့ သေချာPlan လုပ်ထားပါတယ်။

အမွှာလေးမီးဖွားချိန်

ကိုယ်ဝန်ခုနစ်လ ထဲဝင်လာတော့ အမွှာထဲမှ ကလေးတဦးရဲ့ နှလုံးခုန်နှုန်းစနှေးလာတာ သတိထားမိပါတယ်။ စစ်ဆေးစောင့်ကြည့်နေရင်းနဲ့လဲ နှလုံးခုန်နှုန်းဟာ တဖြေးဖြေး ပိုကျလာပါတယ်။ ကလေးငယ်လေးတွေဟာ လမစေ့သေးတဲ့အတွက် မတော်လို့စောမွေးခဲ့ရင် အဆုတ်ဖွံ့ဖြိုးစေရန် နှင့် ဦးနှောက်တွင်းသွေးယိုမှု ကာကွယ်နိုင်ရန် Steroid သုံးကြိမ် ပေးရမယ်လို့ Dr.Boonsri က ကျွန်တော်တို့ကိုရှင်းပြပါတယ်။စောင့်ကြည့်နေရင်းနဲ့ပဲ နှလုံးခုန်နှုန်းဆက်တိုက်ကျလာတဲ့အတွက် အရေးပေါ်ခွဲစိတ်မွေးဖွားလိုက်ရပါတယ်။ကျွန်တော်တို့မှာလဲ ပြင်ဆင်ချိန်မရှိ၊ Dr.Boonsri တို့မှာလဲ အရေးပေါ်အမြန်ပြင်ဆင်ရပါတော့တယ်။ ဒါပေမဲ့ ၁၅ မိနစ်အတွင်းမှာပဲ မေ့ဆေး၊ကလေးဆရာဝန်၊ သူနာပြု အယောက် ၂၀ ခန့်ဟာ ခွဲစိတ်ပေးဖို့အသင့်ဖြစ်နေတဲ့အပြင် ခွဲစိတ်ကုသမှုကလည်း အဆင်ပြေပြေ ဖြစ်သွားတာ ကို အံ့အားသင့်ဖွယ် တွေ့ကြုံလိုက်ရပါတယ်။

Dr.Boonsri နှင့် ကျွန်တော်တို့၏ ရင်းနှီးမှု

Dr.Boonsri ကတော့ရှားမှရှားတဲ့ ဒေါက်တာပါပဲ။ ကျွန်တော်တို့ကလေးကို သူ့ကလေးကဲ့သို့ ဂရုစိုက်ပေးမှုကတော့ တကယ့်ကို ချီးကျူးမိပါတယ်။ သူရဲ့ဂရုစိုက်ကုသပေးမှုဟာ ဆရာဝန်တဦးဖြစ်လို့ ဝတ်ကျေတန်းကျေမျိုးမဟုတ်ဘဲ တကယ့်ကိုရင်ထဲလာတဲ့ စေတနာနဲ့ ဂရုစိုက်ပေးတာကို ခံစားမိပါတယ်။ ကျွန်တော့်အမျိုးသမီးကိုယ်ဝန် အခြေအနေဆိုရင် အထူးကုနဲ့အမြဲမပြတ်တွေ့နေရမယ့် အခြေအနေပါ။ အချိန်တော်တော်များတွေ့ပြီးသည့်တိုင်အောင် စိတ်မရှည်တာမျိုးလုံးဝမရှိဘဲ မေးခွန်းတွေအတွက် အဖြေအသင့်၊ အခက်အခဲများအတွက် ကူညီဖြေရှင်းချက်များဖြင့် အမြဲကူညီဖေးမပေးပါတယ်။ စစ်ဆေးပေးရာမှာလည်း မှန်ကန်တိကျတယ်၊ ကုသမှုမှာလည်းအဆင်ပြေချော့မွေ့စွာကိုင်တွယ်ကုသပေးနိုင်တယ်။ကုသမှု အဆင့်တိုင်းမှာလည်း ကျွန်တော်တို့ရဲ့ ခံစားချက်နဲ့ ခံယူချက်ကိုလည်း အမြဲထည့်စဉ်းစားပေးတယ်။ ဒါကြောင့်မို့ Dr. Boonsri နဲ့ ကျွန်တော်တို့လင်မယားရဲ့ ဆက်ဆံရေးဟာ ဆရာဝန်လူနာဆက်ဆံရေးထက်ပိုပါတယ်။

ကျွန်တော့အမျိုးသမီးရဲ့ ကိုယ်ဝန်အခြေအနေကိုကုသမှုဟာ အလွန်ကိုခက်ခဲပါတယ်။ မွေးဖွားပြီးနောက်မှာလည်း ကလေးများကို အထူးကြပ်မတ်ကုသဆောင်မှာကုသရပါတယ်။ ၂၄ နာရီပတ်လုံး သူနာပြုတဦးဆီက ကလေးတဦးစီကို အနီးကပ်စောင့်ရှောက်ပေးတဲ့အပြင် မွေးကင်းစကလေး အထူးကု မှာလည်း ၂၄ နာရီ Oncall ကြည့်ပေးပါတယ်။ဆစ်မီတဝေ့ဆေးရုံရဲ့ ပြုစုစောင့်ရှောက်မှုများကို နေ့စဉ်မပြတ်ထိတွေ့ခွင့်ရပြီးသည့်နောက်မှာ ကျွန်တော့အမျိုးသမီးနဲ့ ကလေးတွေအတွက် ဆရာဝန်နဲ့ဆေးရုံရွေးချယ်မှု မှန်ကန်သွားလို့ အရမ်းကို ဝမ်းသာပီတိဖြစ်စွာနဲ့ အတွေ့အကြံုများကို ဝေမျှလိုက်ရပါတယ်။