ထိုင်းယဉ်ကျေးမှုနှင့် အခြားချက်အလက်များ

 

ထိုင်းနိုင်ငံမှာ နွေရာသီ၊ မိုးရာသီနဲ့ ဆောင်းရာသီဆိုပြီး သိသာထင်ရှားတဲ့ ရာသီဥတုသုံးခု ရှိပါတယ်။ နွေရာသီ (မတ်လကနေ ဇွန်လအထိ) မှာတော့ နေ့အချိန်တွေမှာ အပူချိန်ဟာ ပုံမှန်အားဖြင့် ၄၀ ဒီဂရီ စင်တီဂရိတ်အထိရှိပြီး အများအားဖြင့်တော့ စိုထိုင်းဆလည်း မြင့်နေလေ့ရှိပါတယ်။ မိုးရာသီ (ဇွန်လကနေ အောက်တိုဘာလအထိ) မှာတော့ နွေရာသီထက် ပိုအေးလာပြီး တစ်ရက်ကို တစ်ကြိမ်နှစ်ကြိမ်လောက် မိုးသည်းသည်း ခေတ္တခဏရွာတတ်ပါတယ်။ ဆောင်းရာသီ (နိုဝင်ဘာလကနေ ဖေဖေါ်ဝါရီလအထိ) မှာတော့ အေးမြပြီး နေသာတဲ့နေတွေနဲ့ ပိုမိုပြီး စိုထိုင်းဆလျော့နည်းတဲ့အတွက် ရာသီဥတုက အသာယာဆုံးဖြစ်ပါတယ်။

 

ဒီနိုင်ငံရဲ့ ကောင်းတဲ့အချက်လေးတွေကြောင့် “ပြုံးပန်းေ၀တဲ့ မြေ”လို့ ခေေါ်၀ါ်လေ့ရှိကြပါတယ်။ ထိုင်းလူမျိုးတွေဟာ သူတို့ရဲ့ ရင်းနှီးဖော်ရွေတဲ့ ကိုယ်နှုတ်အမူအယာအပြင် နိုင်ငံခြားသားတွေအပေါ် လှိုက်လှဲစွာကြိုဆိုတတ်တဲ့ သဘောထားနဲ့ နွေးထွေးတဲ့ အပြုံးတွေကြောင့် ကျော်ကြားလှပါတယ်။ ယဉ်ကျေးပျူငှာမှုနဲ့ သန့်ရှင်းမှုတို့ကို အလွန်ပဲ တန်ဖိုးထားတတ်ကြပါတယ်။ အနောက်တိုင်း ဧည့်သည်တွေအနေနဲ့ မျှော်လင့်မထားကြပေမယ့် ထိုင်းလူမျိုးတွေရဲ့ ရိုးရာနှုတ်ခွန်းဆက်တဲ့ပုံစံကတော့ “wai” လို့ခေါ်တဲ့ အသာအယာလက်အုပ်ချီဦးညွှတ်မှုပဲ ဖြစ်ပါတယ်။

 

ထိုင်းဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ ဒါမှမဟုတ် ယဉ်ကျေးမှုတို့နဲ့ပတ်သက်ပြီးတော့ မလေးမစားဖြစ်စေမဲ့ မှတ်ချက်မျိုးကို မပြုမိဖို့ကိုတော့ ဧည့်သည်တော်တို့ကို အကြံပြုလိုပါတယ်။ ထိုင်းလူမျိုးတစ်ဦးရဲ့ ဦးခေါင်းကိုကိုင်တာနဲ့ လူကို ခြေထောက်နဲ့သွားထိတာ နှစ်မျိုးစလုံးကို စော်ကားတဲ အပြုအမူလို့ သဘောထားတဲ့အတွက် အဲ့ဒါတွေကိုလည်း ရှောင်ရှားတာဟာ အကောင်းဆုံးပါပဲ။ ယေဘုယျအားဖြင့်တော့ ဧည့်သည်တွေအနေနဲ့ ဒေသရဲ့ ထုံးတမ်းစဉ်လာတွေကို ယဉ်ကျေးပြီး လေးစားတဲ့ပြုမူပုံမျိုးနဲ့ ဆက်ဆံနေသ၍ ယဉ်ကျေးပျူငှာတဲ့ တုံ့ပြန်မှုနဲ့ ကြုံကြရမှာပဲ ဖြစ်ပါတယ်။

 

Bangkok ရဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်မှာ အဓိကအားဖြင့် မြေအောက် MRT နဲ့ မြေပေါ် BTS ကောင်းကင်ရထားတို့ပါဝင်ပါတယ်။ နှစ်မျိုးလုံးဟာ ခေတ်မီပြီး ခရီးရောက်တဲ့အပြင် Samitivej ဆေးရုံကြီးရဲ့ ဆေးရုံခွဲတွေ အပါအဝင် မြို့လယ်နေရာအားလုံးကို လွယ်လွယ်ကူကူ သွားနိုင်ပါတယ်။ တက္ကဆီ (Taxi) တွေလည်း အလွန်ကိုပေါများပြီး အပြည်ပြည်ဆိုင်ရာစံနှုန်းနဲ့ကြည့်ရင် တကယ်ကို အဆင်ပြေနိုင်တဲ့ ဈေးမျိုးတွေပါပဲ။ သုံးဘီးကား (Tuk-Tuk) တွေလည်း ရနိုင်ပြီး ဟိုနားဒီနား သွားတာမျိုးလောက်အတွက်တော့ အဆင်ပြေပါတယ်။ အချို့ယာဉ်မောင်းတွေကတော့ နိုင်ငံတကာ ဧည့်သည်တွေဆိုရင် ဈေးပိုပြီးတောင်းတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် လူကြီးမင်းအနေနဲ့ သုံးဘီးကား (Tuk-Tuk) ပေါ်မတက်ခင်မှာပဲ သင့်တင့်တဲ့ဈေးနှုန်းမျိုး ဖြစ်စေဖို့ အရင်ဆုံး သေသေချာချာလေး ညှိနှိုင်းစေချင်တာပါပဲ။ ဆိုင်ကယ်တက္ကဆီတွေလည်း အများကြီးရှိနေပေမယ့် Samitivej အနေနဲ့ကတော့ ဘေးကင်းလုံခြုံဖို့အတွက် ဆိုင်ကယ်တက္ကဆီတွေကို မညွှန်းပေးချင်ပါဘူး။