Share the message

HIV ပိုးကူးစက်ပျံ့နှံ့ခြင်းကို လျှော့ချနိုင်ဖို့ PrEP စနစ်ဖြင့် ကာကွယ်ထားကြစို့…

အနှစ်ချုပ်

  • ၂၀၁၈ခုနှစ်စာရင်းများအရ HIV ပိုးကူးစက်ခံရသော လူနာပေါင်း ၆၃၀၀ ရှိတယ်လို့ ဆိုထားပါတယ်။ ပျမ်းမျှအားဖြင့် တစ်နေ့မှာ လူနာ ၁၇ဦးဟာ HIV ပိုး ကူးစက်ခံနေရတာ ဖြစ်ပါတယ်။ တစ်နှစ်အတွင်း အသက်ဆုံးရှုံးမှုပေါင်း ၁၈၀၀၀ ရှိတာဆိုတော့ တစ်နေ့မှာ လူ ၅၀ နှုန်းနဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။
  • ရောဂါမကူးသေးတဲ့လူတွေအတွက်  ပိုးရှိပြီးသားလူနာတွေနဲ့ ထိတွေ့ဆက်ဆံရာမှ ကူးလာမှုကို ကာကွယ်ပေးနိုင်ဖို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတားဆီးပေးတဲ့ ဆေးတွေ ကြိုသောက်ထားတာမျိုး ပါဝင်တဲ့ PrEP ကိုလည်း  HIV ကူးစက်မှုလျှော့ချနိုင်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုလာကြပါတယ်။
  • PrEP ဆိုတာကတော့ HIV ကူးစက်မှုကို ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဆောက်ရွက်ရပါတယ်။ PrEP ဟာ HIV မဟုတ်ဘဲ အခြား လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုတော့ မကာကွယ်နိုင်တဲ့အတွက် လိင်မှုကိစ္စမှာတော့ ကွန်ဒုံးကို မဖြစ်မနေ သုံးစွဲရမှာ ဖြစ်ပါတယ်။

 

ဒီနေ့အထိကုလို့ မရနိုင်သေးတဲ့ရောဂါကို ဖြစ်ပွားစေတဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လူနာအသစ်တွေ ဆက်တိုက်များပြား လာတာမို့လို့  ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတွေဟာ ပြည်သူတွေကို မိမိကိုယ်မိမိ ကာကွယ်ထားနိုင်ရေးအတွက် လိင်မှုကိစ္စမှာ ကွန်ဒုံးသုံးဖို့၊ ဆက်ဆံဖော်တွေ ခဏခဏ အပြောင်းအလဲမလုပ်ဖို့၊ အပ်တွေဘာတွေကို တခြားသူနဲ့ မျှဝေပြီး သုံးစွဲတာမျိုး မလုပ်ဖို့ စတဲ့ ပညာပေးမှုတွေကို လုပ်ဆောင်နေကြပါတယ်။ ခုတစ်လောမှာတော့ လူတွေဟာ ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ပေးတဲ့ သောက်ဆေးကို ကြိုတင်သောက်ထားကြဖို့ သိနားလည်လာပြီဖြစ်တဲ့အပြင် အခြားနည်းလမ်းတစ်ခုဖြစ်တဲ့ PrEP ကိုလည်း စိတ်ဝင်စားလာကြတာကို တွေ့ရပါတယ်။

PrEP ဆိုတာ ဘာလဲ။

PrEP ဆိုတာ  Pre-Exposure Prophylaxis ကို အတိုကောက်ခေါ်တာဖြစ်ပြီး “မဖြစ်ခင် ကြိုတင်ကာကွယ်ထားခြင်း” လို့ အဓိပ္ပာယ် ရပါတယ်။ ဒီနည်းလမ်းဟာ ရောဂါမရှိသေးတဲ့သူတွေအနေနဲ့ ကာကွယ်ဆေးတွေကို ကြိုသောက်ထားခြင်း အားဖြင့် ရောဂါပိုး ရှိပြီးသားလူတွေနဲ့ ထိတွေ့ဆက်ဆံမိရင် ကိုယ့်ကိုယ်ကို ကာကွယ်ထားပြီးသား ဖြစ်စေပါတယ်။

ဘယ်လိုလူတွေဟာ  PrEP  နဲ့ သင့်လျော်ပါသလဲ။

HIV ပိုးကူးစက်ခံထားရပြီးသူများနဲ့ လက်ပွန်းတတီးအနေများလို့ ရောဂါကူးစက်နိုင်ချေ မြင့်မားတဲ့ အောက်ပါအုပ်စုထဲမှာ ပါဝင်တဲ့ လူတွေအတွက် အထူးသင့်လျော်ပါတယ်။

  • HIV ပေါ့စတစ်ဖြစ်ပြီးသားတွေနဲ့ ဆက်ဆံနေတဲ့သူတွေ၊ သွေးထဲမှာ HIV ပိုး ရှိနေပြီမို့လို့ ကုသမှု ခံယူနေဆဲ (ဒါမှမဟုတ်) HIV ကုသမှုခံယူဖို့ စောင့်နေတဲ့သူတွေနဲ့ ဆက်ဆံနေရသူတွေ၊
  • HIV ပိုးရှိပြီးသားသူနဲ့ လိင်မှုကိစ္စဆောင်ရွက်တဲ့နေရာမှာ ကွန်ဒုံးမသုံးဖြစ်တဲ့သူတွေ၊
  • ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ အပြုအမူတွေကိုလည်း မစွန့်လွှတ်နိုင်တဲ့အပြင် Post-exposure prophylaxis (PEP) * လို့ခေါ်တဲ့ ဖြစ်ပြီးမှ အရေးပေါ်အကာအကွယ်ပြုလုပ်မှုကို လုပ်ပေးဖို့ မကြာခဏ တောင်းဆိုတတ်တဲ့သူတွေ၊
  • MSM လို့  ခေါ်တဲ့ ယောက်ျားအချင်းချင်း ဆက်ဆံတတ်တဲ့သူတွေ၊
  • လိင်လုပ်သား (အမျိုးသား/အမျိုးသမီး)တွေ။

* Post-exposure prophylaxis (PEP) ဆိုတာက ဖြစ်ပြီး ၇၂ နာရီအတွင်း အရေးပေါ် ဆေးပေးရတာကို ခေါ်ပါတယ်။ ၂၈ရက်ဆက်တိုက် ဆေး သောက်ရပါတယ်။ များသောအားဖြင့် ပိုးရှိနေတဲ့ လူနာကို ကိုင်တွယ်ပေးနေရင်း ကိုယ့်မှာ ထိခိုက်ဒဏ်ရာရလို့ လူနာ ရဲ့  သွေးတွေ၊ အခြားအရည်တွေ ပေကျံသွားတဲ့အခါမျိုး၊ HIV ပေါ့စတစ်ရှိတယ်လို့ ယူဆရတဲ့ သူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတာမျိုး၊ HIV ပိုးရှိပြီးသားလူတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံလိုက်ရတာမျိုး စတာတွေအတွက် သုံးပါတယ်။

PrEP နည်းလမ်းကို အသုံးမပြုမီ ဘာတွေကို စစ်ဆေးသင့်ပါသလဲ။

PrEP နည်းလမ်းကို အသုံးပြုမယ်ဆိုရင် HIV အပါအဝင် အခြားလိုအပ်တဲ့ သွေးစစ်ဆေးမှုတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အသည်း နဲ့ ကျောက်ကပ်တွေကိုလည်း စစ်ဆေးရပါမယ်။ PrEP တစ်ပတ်လည်အောင် ပြုလုပ်ပြီးတဲ့အချိန်မှာ နောက်ဆက်တွဲ စစ်ဆေးမှုတွေ လုပ်နိုင်ဖို့ အစီအစဉ်တွေ ဆွဲရပါတယ်။  ဖြစ်ပေါ်လာမယ့် လက္ခဏာတွေကို စောင့်ကြည့်ဖို့နဲ့ ဆေး ဆက်မသောက်တော့တဲ့အချိန်ကာလအထိ ၁လ မှ ၃လ အတွင်း ထပ်တိုး သွေးစစ်ဆေးမှုတစ်ချို့ကိုလည်း လုပ်ရပါတယ်။

PrEP ဆေးတွေ သောက်ဖို့အတွက် လိုအပ်တဲ့ လမ်းညွှန်မှုများ

တစ်နေ့ကို ဆေး ၁ လုံး အစာစားပြီးချိန်မှာ သောက်ရပါမယ်။ ရောဂါကူးစက်နိုင်တဲ့ ထိတွေ့မှုတွေ ရှိနေသရွေ့ နေ့စဉ်အချိန်မှန်မှန် သောက်ထားပေးရပါမယ်။ အဆိုပါထိတွေ့မှုတွေ မလုပ်ခင် ၇ ရက် နဲ့ လုပ်ပြီး ၂၈ရက် (၄ပတ်) အထိ သောက်ထားပေးဖို့ လိုပါတယ်။

တခြားအစီအစဉ်တစ်ခုကေတာ့ ထိတွေ့မှုတွေ မစခင် ၂ နာရီ မှ ၄ နာရီအတွင်း ဆေး ၂ လုံး သောက်ထားလိုက်တာပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့မှ ၂၄ နာရီ နဲ့ ၄၈ နာရီ မှာ ၁ လုံးစီ ထပ်သောက်ရပါတယ်။ ဒီနည်းကတော့ PrEP ရဲ့ စံနှုန်းအတိုင်းသွားတာမဟုတ်ဘဲ အရေးပေါ် လိုအပ်သလို လုပ်တဲ့နည်းပဲ ဖြစ်ပါတယ်။

PrEP နည်းလမ်းနဲ့ ဆေးသောက်တာဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ရမှာဖြစ်သလို လိုအပ်တဲ့ သွေးစစ်ဆေးမှုတွေကိုလည်း အမြဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ယာယီဘေးထွက်ဆိုးကျိုးလေးတွေဖြစ်တဲ့ မူးဝေခြင်း၊ အန်ချင်ခြင်း စတာတွေကို စောင့်ကြည့်ရမှာ ဖြစ်သလို ရေရှည်မှာ ဖြစ်လာနိုင်မယ့် အရိုးနဲ့ ကျောက်ကပ်ပိုင်း ထိခိုက်မှု တွေကိုလည်း သတိထားရပါမယ်။ PrEP ဟာ HIV  ကူးစက်မှုကို ကာကွယ်ပေးတယ် ဆိုပေမယ့် အခြားလိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို ဖြစ်တဲ့ ဆစ်ဖလစ် ကာလသားရောဂါတို့ ဂနိုတို့ စတာတွေအတွက်တော့ ကာကွယ်မှု မပေးနိုင်တဲ့အတွက် လိင်မှုကိစ္စဆောင်ရွက်ရာမှာ မဖြစ်မနေ ကွန်ဒုံးသုံးပါ လို့လည်း သတိပေးချင်ပါတယ်။

 

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Facebook messenger သို့မေးခွန်းများပေးပို့ထားနိုင်ပါတယ်။

Rate This Article

User rating: 3.56 out of 5 with 66 ratings

Recommended Doctor

Nisha Pongpech, M.D. Summary: Internal Medicine Infectious Diseases