Share the message

Detox ဆိုတိုင်း အဆိပ်ဖြေသလား။

အနှစ်ချုပ်

  • ဝမ်းသွားစေတဲ့နည်းနဲ့ အဆိပ်အတောက်တွေကို လျှော့ချခြင်းဟာ နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးတော့ရှိစေပါတယ်။ ဒါဟာ တကယ်တော့ ရှူရှူးတွေ အင်အင်းတွေ အဖြစ် သွားပစ်လိုက်တာမို့လို့ပါပဲ။ ဒါပေမယ့် ကိုယ်ထဲက ပိုလျှံနေတဲ့ အဆီတွေကိုတော့ လောင်ကျွမ်းမပစ်လိုက်နိုင်ပါဘူး။
  • ကစော်ဖောက်ထားတဲ့ အဖျော်ယမကာတွေဟာ ရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေနဲ့ ညစ်ညမ်းနေတတ်ပြီး ဝမ်းလျှောတတ်တာက အစပြုလို့ ကိုယ့်ရဲ့ အစာခြေအဖွဲ့အစည်းရဲ့ ရေရှည်ကျန်းမာရေးကို အနုတ်လက္ခဏာ ပြစေပါတယ်။
  • ဝမ်းနူးစေတဲ့ဆေး (ဝမ်းနုတ်ဆေး)အပါအဝင် detox လို့ခေါ်တဲ့ အဆိပ်ဖြေနည်းတွေဟာ တကယ်တော့ အူနံရံမှာရှိတဲ့ အဆိပ်တွေကို ဆေးချပေးတာတို့ ဖျော်ချပေးတာတို့ မလုပ်နိုင်ကြပါဘူး။ အဲဒီတော့ တကယ်ကြီးကို ရေရှည်ဝမ်းချုပ်နေခဲ့ပြီဆိုရင် ဆရာဝန်ဆီကိုသာ သွားပါ လို့ အကြံပြုချင်ပါတယ်။

 

 

ကျန်းမာရေးပညာပေးဆောင်းပါးတွေတော့ နေ့စဉ်နဲ့အမျှ ရေးနေကြတာ “အောတိုက်” လို့ပါပဲ။ အများစုကလည်း အားထားယုံကြည်နိုင်လောက်တဲ့ အရင်းအမြစ်က လာကြတာပါ။ တစ်ဆင့် တစ်ဆင့် ရှဲကြရင်း ဖြန့်ကြရင်း ပြန်ရေးကြရင်းနဲ့ တဖြည်းဖြည်း ကြောက်စရာကောင်းလောက်အောင်ကို လွဲ လွဲ လာကြပါတယ်။

အဲဒီထဲမှာ ကျွန်မတို့ ကောင်းကောင်းသိပြီး ကောင်းကောင်းကြီး လွဲနေတဲ့ အကြောင်းအရာတစ်ခု ကတော့ detoxing လို့ခေါ်တဲ့ အဆိပ်ဖြေခြင်းကိစ္စ ပါပဲ။ အဲဒီမှာ ခန္ဓာကိုယ်ထဲက အဆိပ်တွေ ဖျော်ချပေးတယ်ဆိုတဲ့ အသင့်သောက် ဖျော်ရည်တွေ၊ သဘာဝနည်းနဲ့ အဆိပ်ဖြေတာတွေနဲ့ တခြား နည်းလမ်းတွေ ပါဝင်ပါတယ်။ အဲဒီတော့ အဆိပ်ဖြေခြင်းနည်းလမ်းတွေထဲက အသိမှား အမှတ်မှားနေတဲ့ နည်းလမ်း ၅ ခုလောက်ကို ရှင်းပြချင်ပါတယ်။

အလွဲ ၁။ Detox လုပ်ခြင်းဟာ အဆီကျစေတယ်။

အဆီတွေ တဝုန်းဝုန်းကျစေတယ်ဆိုတဲ့ Detox လုပ်နည်းတွေ အများကြီးတွေ့ပါတယ်။ အဲဒီနည်းနဲ့ လုပ်လိုက်ရင် ဝမ်းတွေသွားပြီး အင်အင်းမှာ အဆီတွေပါသွားတယ် လို့ ပြောကြပါတယ်။ ဝမ်းသွားလိုက်ရင် ပေါ့ သွားတာတော့ အမှန်ပါပဲ။ ဒါဟာ တကယ်တော့ ရှူရှူးတွေ အင်အင်းတွေ သွားပစ်လိုက်တာသာ ဖြစ်ပြီး ဒီဖြစ်စဉ်မှာ ဘယ်လို အဆီလောင်ကျွမ်းမှုမှ မပါဝင်ပါဘူး။ ဝမ်းသွားတာ နည်းနည်းများသွားရင် မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေတောင် အင်အင်းထဲ ပါသွားနိုင်ပါသေးတယ်။

အလွဲ ၂။ အမြန်ဆုံး အဆိပ်ချပေးတယ် ဆိုတဲ့ နာမည်ကြီး Detox ဖျော်ရည်တွေ

ကျန်းမာရေးကောင်းချင်ရင် ဖြတ်လမ်းနည်းနဲ့ လုပ်လို့မရပါဘူး။ Detox လုပ်ရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါကြောင့် detox ဖျော်ရည် တို့ ဖြည့်စွက်စာတို့ စတာတွေကို ဝယ်တော့မယ် / online က မှာတော့မယ် လို့ စဉ်းစားရင် မဝယ်ခင် သေသေချာချာ ဆန်းစစ်ပါ။ ဘာတွေပါလဲ ဆိုတာကို လေ့လာပါ။ FDA approved ဟုတ်မဟုတ်ကြည့်ပါ။ အကောင်းဆုံးကတော့ သက်ဆိုင်ရာဆရာဝန်နဲ့ မတိုင်ပင်ဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ကောင်းမလားလို့ ဝယ်သောက်တာမျိုးကို ရှောင်ကြဉ်ဖို့ပါပဲ။

အလွဲ ၃။ ကစော်ဖောက်ထားတဲ့ ဖျော်ရည်တွေနဲ့ အူဆေးမယ်။

အသီးအနှံတွေနဲ့ သစ်သီးတွေကို ကစော်ဖောက်ပြီးရလာတဲ့ ဖျော်ရည်တွေဟာ အဆိပ်ဖြေခြင်းကို ဘယ်လိုမှ အထောက်အကူ မပြုပါဘူး။ အဲဒီအသီးအနှံတွေကို သေသေချာချာ မဆေးကြောပဲ လုပ်လိုက်မိရင် ဒုက္ခတောင် ပြန်ပေးပါလိမ့်ဦးမယ်။ အဲဒီတော့ အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်သောက် တာဟာ တစ်ခါတစ်လေ ကျန်းမာရေးနဲ့ ဘေးကင်းမှုမှာ အနိမ့်ဆုံးအဆင့်တောင် မမီနိုင်တဲ့အပြင် ကစော်ဖောက် နေတဲ့အဆင့်မှာ ညစ်ပတ်တဲ့အရည်တွေပဲ ထွက်လာမှာဖြစ်ပါတယ်။ ထည့်တဲ့ခွက် မသန့်တာ၊ အသီးအနှံတွေ စင်အောင်မဆေးနိုင်လို့ ညစ်ပတ်နေတာ စတာတွေကြောင့် ဝမ်းလျှောတတ်တာက အစပြုလို့ ကိုယ့်ရဲ့ အစာခြေအဖွဲ့အစည်းရဲ့ ရေရှည်ကျန်းမာရေးကို အနုတ်လက္ခဏာ ပြစေပါတယ်။

အလွဲ ၄။ ဝမ်းနုတ်ဆေးသောက်ပြီး detox လုပ်မယ်။

ဝမ်းနုတ်ဆေးရဲ့ အဓိက အခန်းကဏ္ဍက အူထဲမှာရှိတဲ့ အရည်ဓာတ်တွေနဲ့ ဝမ်း(အင်အင်း)တွေကို နူးစေ ပျော့စေပြီး ဝမ်းလွယ်လွယ်သွားနိုင်အောင် လုပ်ပေးတာပဲ ဖြစ်တယ်။ ဝမ်းထဲက အညစ်အကြေးတွေ ကုန်စင် သွားအောင် “အူဆေး” ပေးတာမဟုတ်ပါဘူး။ ဝမ်းနုတ်ဆေး ခဏခဏ သုံးခြင်းအားဖြင့် နောက်ဆို ဆေးမသောက်ရင် ဝမ်းမသွားတော့ဘဲ ဝမ်းချုပ်နေတတ်ပါတယ်။ အကောင်းဆုံးက ဆရာဝန်နဲ့ တိုင်ပင်ပြီမှ လုပ်ပါ။

အလွဲ ၅။ Detoxing ကို အိမ်မှာ ကိုယ့်ဟာကိုယ် ဖော်ပြီး သောက်မယ်။

အူလမ်းကြောင်းကျန်းမာရေးအတွက် Detox လုပ်တဲ့ စက်တွေ ဝယ်ပြီး အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်တာမျိုး ကိုလည်း အားမပေးချင်ပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ရောဂါတွေတောင် ဖြစ်ပွားလာနိုင်ပါတယ်။ ပြီးတော့ အမှားတွေလျှောက်လုပ်ခြင်းအားဖြင့်လည်း ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာ စွန့်ပစ်အညစ်အကြေးတွေကို ကျောက်ကပ် နဲ့ အသည်း ကနေ စွန့်ထုတ်ပစ်တဲ့ စနစ် ပါပြီးသားပါ။ ဒါကြောင့် အူလမ်းကြောင်းကနေတစ်ဆင့် အဆိပ်ဖြေတာတို့ ဘာတို့ ဆိုတာ မလိုအပ်ဘဲ လုပ်နေတဲ့ အပိုအလုပ်တွေပါ။ ဒါပေမယ့်… စားလိုက်တဲ့ အစားအသောက်ထဲမှာတော့ အဆိပ်ဓာတ်တွေပါ နေပါတယ်၊ အဲဒါတွေကို ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ် အာဟာရတွေနဲ့ ရောပြီး အူထဲကနေစုပ်ယူပါတာ်။ ပြီးတော့ ကျေအောင် မချေဖျက်နိုင်ဘဲ အူမကြီးထဲမှာ အမျှင်တွေအနေနဲ့ သိမ်းထားပါတော့တယ်။

အဲဒီတော့… ကိုယ့်ခန္ဓာကိုယ်ထဲမှာ အဆိပ်ဓာတ်တွေနဲ့ ညစ်ညမ်းနေတယ်လို့ ထင်ရင် ကိုယ့်ရဲ့ စားသောက် နေထိုင်မှုပုံစံကို ဂရုစိုက်ပြီး ပြုပြင်ရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်မယ်၊ ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ အဆီတွေပါတဲ့ အစားအစာတွေကို မစားဘဲ ရှောင်ကြဉ်မယ်။ အသင့်စားအစားအစာတွေ၊ မီးသွေးနဲ့ကင်တဲ့ အကင်တွေ၊ ဆီပေါကြော်လို့ခေါ်တဲ့ ဆီပူထဲမှာ နှစ်ပြီးကြော်တဲ့ အကြော်တွေ၊ အထူးသဖြင့် အထပ်ထပ် အပြန်ပြန်ကြော်ထားတဲ့ ဆီဟောင်းဆီညစ်တွေနဲ့ ကြော်ထားတဲ့ အကြော်တွေ စတာတွေကို စားသောက်ခြင်းမှ ရှောင်ကြဉ်မယ်။ စတာတွေကို လုပ်မယ်ဆိုရင် ကိုယ်တွင်းက အဆိပ်အပုပ်တွေ ရှင်းထုတ်ပြီးသား ဖြစ်ပါလိမ့်မယ် လို့ အကြံပြု ရေးသားတင်ပြလိုက်ရပါတယ်။

ပိုမိုသိရှိလိုပါကမေးမြန်းနိုင်ပါသည်။

Please complete the form below and we'll get back to you within 48 hours with a response

Rate This Article

User rating: 3.50 out of 5 with 6 ratings

Recommended Doctor

Pusadee Rojpalakorn, M.D. Summary: Internal Medicine Internal Medicine