အနှစ်ချုပ်
- “ကောင်းမွန်တဲ့ဟင်းသီးဟင်းရွက်ဆီမှာ အိုမီဂါ ၃ နဲ့ ၉ တို့ ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းက မမြင်နိုင်တဲ့ ရောင်ယမ်းခြင်းမျိုးကို လျှော့ချပေးနိုင်ပြီး ယေဘုယျအားဖြင့် ကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။”
- ဘာတံဆိပ်ပဲကပ်ကပ်၊ ပုလင်းပေါ်မှာဘာပဲ ရေးထား ရေးထား – “ဟင်းသီးဟင်းရွက်ဆီ ဆိုတာလေ ကိုလက်စထရောမပါဘူး သိလား။ အပင်တွေကနေ ကိုလက်စထရော ထုတ်လို့မှ မရတာ။ ဒါကြောင့် ဟင်းရွက်ဆီ ဆိုတာ ကိုလက်စထရောဖရီး ဟဲ့..” အဲဒါမျိုးတွေ ကြော်ငြာပြီး ရောင်းနေကြတာကို ယုံတာပဲ မဟုတ်လား။
- သာမန်ရောင်းတန်းဟင်းရွက်ဆီဟာ အပူရှိန်ပြင်းပြင်းနဲ့ ကြော်လိုက်ရင်၊ နောက်ပြီး ထပ်ခါ ထပ်ခါ ကြော်လိုက်ရင် “ပြည့်ဝဆီ” အဖြစ် ပြောင်းလဲသွားတာကို သင်သိပါသလား။
|

လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ဒီ “ဟင်းချက်ဆီ” ကိစ္စမှာ ဘယ်လို ဟင်းသီးဟင်းရွက်မျိုးက ထုတ်တဲ့ဆီကို သုံးရမလဲ ဆိုတာ ဆီထုတ်လုပ်သူတွေကြား အမျိုးမျိုး အငြင်းပွား လွန်ဆွဲနေခဲ့ကြပါတယ်။ ခုတော့ သိပ္ပံနည်းကျကျ စမ်းသပ်တွေ့ရှိမှုတွေကို အခြေခံလို့ ဒီ “ ဆီ ” နဲ့ ပတ်သက်ပြီး အချက်အလက်တစ်ချို့ကို ရှင်းရှင်းလင်းလင်း ဘက်လိုက်မှု ကင်းကင်းနဲ့ ပြောပြချင်ပါတယ်။ ဒါဖတ်ပြီးမှ ကိုယ်နဲ့ အသင့်လျော်ဆုံး အဆင်ပြေဆုံး ဆီကို ရွေးချယ်သုံးစွဲကြဖို့ အကြံပေးလိုပါတယ်။
- ဆီရဲ့ အရောင် ဟာ ဆီ အရည်အသွေးနဲ့ ဘာမှ မပတ်သက်ပါဘူး။ အရောင် နု တယ် ရင့် တယ် ဆိုတာ ထုတ်လုပ်လိုက်တဲ့ ကုန်ကြမ်းပစ္စည်းတွေအပေါ်မှာပဲ မူတည်ပါတယ်။ ဥပမာ – သံလွင်ဆီ ရဲ့ အရောင်ဟာ စိမ်းဖန့်ဖန့် ဖြစ်နေရခြင်းဟာ အစိမ်းရောင် သံလွင်သီးတွေကနေ ထုတ်လုပ်လိုက် တာကြောင့်ပဲ ဖြစ်ပါတယ်။ အညိုရောင်ဖွဲနုကနေ ဆီကြိတ်လိုက်ရင် ဖွဲနုဆီ ညိုညစ်ညစ် အရောင်တွေကို ရရှိမှာ ဖြစ်ပါတယ်။
- ဆီတိုင်းမှာ saturated fatty acid, monounsaturated fatty acid နဲ့ polyunsaturated fatty acid ဖက်တီးအက်ဆစ် ၃ မျိုးတို့ဟာ အချိုးအစားအမျိုးမျိုးနဲ့ ပါဝင်ကြပါတယ်
- Monounsaturated fats MUFA (အိုမီဂါ – ၉) ပြည့်ဝစွာပါဝင်တဲ့ ဆီ ကို စာသုံးခြင်းဟာ ကိုယ်ခန္ဓာထဲက မကောင်းတဲ့ ကိုလက်စထရော (LDL – C) ကို ကျဆင်းစေပြီး ကောင်းတဲ့ ကိုလက်စထရော (HDL – C) ကို ထိန်းသိမ်းပေးထားပါတယ် လို့ ထိုင်းနိုင်ငံ တော်ဝင်အာဏာပိုင် အဖွဲ့ရဲ့ လက်အောက်ခံ ထိုင်းနှလုံးဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။ ဒါဟာ နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ Monounsaturated fats MUFA (အိုမီဂါ – ၉) ပြည့်ဝစွာပါဝင်တဲ့ ဆီတွေကတော့ သံလွင်ဆီ၊ ကနိုလာဆီ နဲ့ ဖွဲနုဆီ တို့ပဲ ဖြစ်ကြပါတယ်။
- Smoke Point လို့ ခေါ်တဲ့ ဆီကိုအခိုးထွက်တဲ့အထိအပူပေးခြင်း ဟာလည်း စားသုံးသူများအတွက် အလေးထားဂရုစိုက်ရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ဆီကို ဒယ်အိုးထဲထည့်ပြီး မီးအပူပေးလိုက်ရင် အချိန်ဘယ်လောက်အကြာမှာ အခိုး စထွက်သလဲ ဆိုတာ ဒီ ဆီ ဟာ အပူ ကို ဘယ်လောက်အထိ ခံနိုင်ရည်ရှိသလဲ ဆိုတာကို တိုင်းတာတာပဲ ဖြစ်ပါတယ်။ အပူချိန် ဒီဂရီ တစ်ခု ရောက်လာတဲ့အချိန်မှာ ဆီ ဟာ အခိုးထွက်လာပြီး ညှော်တော့တာပါပဲ။ ဒါဟာ ကြော်လိုက်တဲ့ အကြော်ရဲ့ အရောင်အဆင်းနဲ့ အရသာအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဟင်းသီးဟင်းရွက်ဆီရဲ့ smoke point ကတော့ ၂၂၇ – ၂၃၇ ဒီဂရီ C ကြားမှာ ရှိပါတယ်။
- MUFA or monounsaturated fatty acids မှာ အိုမီဂါ- ၉ ပြည့်၀ပြီးတော့ PUFA or polyunsaturated fatty acids အုပ်စုမှာကျတော့ အိုမီဂါ- ၃ နဲ့ ၆ တို့ ပါဝင်ပါတယ်။ ခြုံပြီးပြောရရင် ဟင်းသီးဟင်းရွက်ဆီတွေမှာ အိုမီဂါ ၃၊ ၆ နဲ့ ၉ တို့ဟာ အချိုးအစား အမျိုးမျိုး နဲ့ ပါဝင် နေပါတယ်။ အဲဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်ဆီ ကောင်းကောင်းကို ရှာနေတယ် ဆိုရင် အိုမီဂါ ၉ MUFA ဖက်တီးအက်ဆစ် များများ ပါတဲ့ ဆီမျိုးကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ သတိပြုဖို့က ဥပမာ – ဘာအရောအနှောမှမပါတဲ့ သံလွင်ဆီဦးရေစစ်စစ် Extra Virgin Olive Oil ဆိုရင် အကြော် ကြော်တဲ့နေရာမှာ သုံးဖို့ ထက် အသုပ်ထဲမှာ ထည့်သုပ်ဖို့ ပိုကောင်းပါတယ်။ သူ့ရဲ့ smoke point က နိမ့်လို့ပဲ ဖြစ်ပါတယ်။ သံလွင်ဆီနဲ့ အကြော် ကြော်ချင်ရင်တော့ extra light အမျိုးအစားကို ရွေးရမှာ ဖြစ်ပါတယ်။
- နောက်တစ်ခုက ဟင်းသီးဟင်းရွက်ဆီမှာပါတဲ့ Omega – 3 . သူက ငါးကြီးဆီ Cod Liver Oil (EPA နဲ့ DHA) မှာ ပါတဲ့ Omega – 3 နဲ့ အမျိုးအစားမတူပါဘူး။ သူ့ကို တည်ဆောက်ထားတဲ့ မော်လီကျူးပုံစံတွေချင်း ကွဲပြားပါတယ်။ ဟင်းရွက်ဆီမှာ ပါတဲ့ Omega-3 က ALA ဖြစ်ပြီး သူ့ကို ခန္ဓာကိုယ်က စုပ်ယူလိုက်တဲ့အခါမှ EPA နဲ့ DHA အဖြစ်ကို ပြောင်းလဲသွားတာ ဖြစ်ပါတယ်။
- တကယ်လို့ ကိုယ့်မိသားစုဟာ အကြော်စာတွေ ကြိုက်တတ်တယ်ဆိုရင် အလယ်အလတ်နဲ့ အမြင့်စား အပူချိန်ကိုခံနိုင်တဲ့ အကြော်ခံဆီမျိုးကို သုံးသင့်ပါတယ်။ ဒီအုပ်စုမှာ ပါဝင်တဲ့ ဆီအမျိုးအစားတွေမှာ Omiga 3 နဲ့ 9 တို့ ပြည့်ဝစွာပါဝင်တဲ့အတွက် ကိုယ်ခန္ဓာအတွက် အကျိုးရှိစေပါတယ်။ ဖွဲနုဆီ၊ tea seed oil၊ ထောပတ်သီးဆီ၊ canola oil, almond oil နဲ့ walnut oil စတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆီမျိုးတွေဟာ ရိုးရိုးဆီတွေထက် သိသိသာသာ ဈေးကြီးတတ်တာမို့ ကိုယ်တတ်နိုင်တဲ့ ဆီ အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်ပါတယ်။
- အုန်းသီးကနေ ချက်ထားတဲ့ဆီမှာကျတော့ ဖက်တီးအက်ဆစ်ပမာဏ မနည်းမများပါဝင်ပြီး ပြည့်ဝဆီဖြစ်တဲ့အတွက် ကျေပျက်လွယ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောပမာဏ မြင့်မားသူ တွေ အတွက်တော့ မသင့်တော်ပါဘူး။
- အဲဒီတော့ မကောင်းတဲ့ကိုလက်စထရော (LDL Cholesterol) ပမာဏ မြင့်နေတဲ့သူတွေ အတွက် ကတော့ ဒီလိုမျိုး ပြည့်ဝဆီတွေအသုံးပြုခြင်းကနေ ရှောင်ရှားရမှာဖြစ်ပါတယ်။ အဲဒီ ဆီ အမျိုးအစားတွေကတော့ ဝက်ဆီ၊ စားအုန်းဆီ နဲ့ အုန်းဆီ တို့ပဲ ဖြစ်တယ်ဆိုတာ နေ့စဉ် ဟင်းချက်နေကြရတဲ့ သူငယ်ချင်းကောင်း ယောင်းမတို့ သတိပြုနိုင်ကြစေဖို့ တင်ပြလိုက်ရပါတယ်။
ဆီအမျိုးမျိုးတို့အတွက် မီးခိုးမှတ် (smoke point)
အပူချိန်မြင့် ဟင်းချက်ဆီများ 190-270 °C
- ထောပတ်သီးဆီ – မီးခိုးမှတ် ၂၆၆ °C
- အယ်လ်မွန်ဆီ – မီးခိုးမှတ် ၂၅၇ °C
- ဖွဲနုဆီ – မီးခိုးမှတ် ၂၅၄ °C
- Tea Seed Oil (Camellia Oil လို့လဲ ခေါ်တယ်) – မီးခိုးမှတ် ၂၅၂ °C
- နေကြာဆီ – မီးခိုးမှတ် ၂၃၈ °C
- စားအုန်းဆီ – မီးခိုးမှတ် ၂၃၀ °C
အပူချိန် အလယ်အလတ်တန်းစား ဟင်းချက်ဆီများ ၁၇၀ – ၂၀၀ °C
- Safflower Oil – မီးခိုးမှတ် ၂၃၂ °C
- Canola Oil – မီးခိုးမှတ် ၂၁၈ °C
- Walnut Oil – မီးခိုးမှတ် ၂၀၄°C
- Soybean oil: 182°C – ပဲပိစပ်ဆီ – မီးခိုးမှတ် ၁၈၂ °C
- Peanut oil: 177°C – မြေပဲဆီ – မီးခိုးမှတ် ၁၇၇ °C
- Sesame oil: 177°C – နှမ်းဆီ – မီးခိုးမှတ် ၁၇၇ °C
- Coconut oil: 177°C – အုန်းဆီ – မိုးခိုးမှတ် ၁၇၇ °C
- Lard: 183-205° – ဝက်ဆီ – မီုးခိုးမှတ် ၁၈၃ – ၂၀၅ °C
Low temperature cooking oils အပူချိန် အနိမ့်စား ဟင်းချက်ဆီများ
- သံလွင်ဆီ – မီးခိုးမှတ် – ၁၆၃ °C
- ပြောင်းဖူးဆီ – မီးခိုးမှတ် – ၁၆၀ °C
အကြော်အတွက် မသုံးသင့်သော ဆီ
- Flaxseed oil – မီးခိုးမှတ် ၁၀၇ °C
Rate This Article
အိမ်မှာ ဘာ “ဆီ” တွေ သုံးနေသတုန်း
လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ဒီ “ဟင်းချက်ဆီ” ကိစ္စမှာ ဘယ်လို ဟင်းသီးဟင်းရွက်မျိုးက ထုတ်တဲ့ဆီကို သုံးရမလဲ ဆိုတာ ဆီထုတ်လုပ်သူတွေကြား အမျိုးမျိုး အငြင်းပွား လွန်ဆွဲနေခဲ့ကြပါတယ်။ ခုတော့ သိပ္ပံနည်းကျကျ စမ်းသပ်တွေ့ရှိမှုတွေကို အခြေခံလို့ ဒီ “ ဆီ ” နဲ့ ပတ်သက်ပြီး အချက်အလက်တစ်ချို့ကို ရှင်းရှင်းလင်းလင်း ဘက်လိုက်မှု ကင်းကင်းနဲ့ ပြောပြချင်ပါတယ်။
User rating:
3.60 out of 5 with 5 ratings
Recommended Doctor