|

အပြေးသမားအများစုဟာ “ခြေဖဝါးပြားခြင်း” ရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေကို ကြားဖူးနား၀ ရှိကြပါတယ်။ ခြေဖဝါး ပြား နေခြင်းကြောင့် ပြေးနေစဉ်အတွင် ခြေခေါက်လဲနိုင်ခြင်း နဲ့ ခြေထောက်တွေ အပေါ် ဝန်နဲ့အား မမျှတဲ့ ဝိတ်တွေ ကျရောက်နိုင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ နာကျင်မှုနဲ့ ဒဏ်ရာရမှုတွေဆီကို ဦးတည်လာတော့တာပါပဲ။
စမ်းကြည့်လို့ရပါတယ်။ ခြေရာကောင်းကောင်းထင်နိုင်တဲ့ မျက်နှာပြင်ညီ ဒါမှမဟုတ် စက္ကူတစ်ရွက်ပေါ်ကို ရေစိုနေတဲ့ ခြေထောက်နဲ့ တက်ရပ်ကြည့်လိုက်ပါ။ အစိုနည်းနဲ့ စမ်းတယ် လို့ ခေါ်ပါတယ်။ ကိုယ့်ရဲ့ ခြေရာမှာ ခြေဖဝါးအလယ်ပိုင်းကိုပါ မြင်နေရပြီဆိုရင်တော့ ကိုယ့်လူ ခြေဖဝါး ပြားနေပြီလို့သာ မှတ်လိုက်ပေတော့။ သေချာချင်ရင် ဆရာဝန်ဆီသာ ပြေးပေတော့။
စင်္ကာပူနိုင်ငံ KK အမျိုးသမီးနဲ့ကလေးဆေးရုံက Jasper W.K. Tong ရဲ့ သုတေသနအရ ခြေဖဝါးပြားတဲ့ အပြေးသမားတွေဟာ ပုံမှန်ခြေထောက်ပိုင်ရှင်တွေထက် ထိခိုက်ဒဏ်ရာရနိုင်ချေ နည်းနည်းလေးပဲ ပို တာပါလို့ ဆိုပါတယ်။ Queen Mary University, London က Bradley Neal ကတော့ ခြေဖဝါးပြားခြင်း ဟာ အပြေးသမားများကြား ထင်ရှားတဲ့ ညို့သကျည်းနာကျင်မှု ၊ patellofemoral pain syndrome လို့ခေါ်တဲ့ ဒူးခေါင်းအတွင်းက ပေါင်ရိုး၊ ခြေသလုံးရိုးနဲ့ ခုံညင်းရိုး သုံးခုဆုံရာကြားမှာ နာကျင်တဲ့ဝေဒနာ ဖြစ်စေမှု စတာတွေနဲ့ သက်ဆိုင်ပေမယ့် အခြားနေရာတွေဖြစ်တဲ့ ခြေကျဉ်းဝတ်တို့ ခြေထောက်တို့မှာ ထိခိုက်ဒဏ်ရာရမှုတွေ အပေါ်မှာတော့ သက်ရောက်မှု မရှိဘူးလို့ ဆိုထားပါတယ်။
သုတေသနတွေ့ရှိချက်တွေက ခြေဖဝါးပြားခြင်းဟာ အပြေးသမားများ ထိခိုက်ဒဏ်ရာ ရရှိမှုနဲ့ ဘယ်လောက်ပဲ မဆိုင်ဘူးလို့ ဆိုပေမယ့် ထပ်တလဲလဲ လည်း ဖြစ်နေမယ်၊ မှန်ကန်ထိရောက်တဲ့ ကုသမှု လည်း မရဘူး / မပြုလုပ်ဘူးဆိုရင် နောက်အရှည်မှာ ကြီးမားတဲ့ဒဏ်ရာကို ရရှိမှာ ဖြစ်ပါတယ်။ ဘာလို့ဆို ခြေဖဝါး ပြား တာနဲ့အမျှ ခြေထောက်နဲ့ ခြေချောင်းလေးတွေဟာ အတွင်းဘက်ကို လည်သွားတတ်ပြီး ဖနောင့်ပေါ်ကို ဖိအား များများကျရောက်စေတာကြောင့် ခြေသလုံးနဲ့ ခြေဖနောင့် မှာ ဒဏ်ရာတွေရစေဖို့ ဖြစ်နိုင်ချေပိုများပါတယ်။ ခြေပြားပိုင်ရှင်တွေရဲ့ခန္ဓာကိုယ် အလေးချိန်တာ်တော်များများက ဒူးအတွင်းပိုင်းတွေပေါ် ကျရောက်လေ့ရှိပြီး အဲဒီအချက်က ဒူးနာခါးနာစေတဲ့ အကြောင်းရင်းဖြစ်နိုင်ပါတယ်။
ကိုယ်နဲ့ကိုက်ညီတဲ့ ဖိနပ်အမျိုးအစားကို ရွေးပါ – ခြေဖဝါး ပြားသူတွေဟာ အောက်ခံခုံ ပျော့တဲ့ ဖိနပ်မျိုးကို ရွေးသင့်တယ်။ သူက ခြေဖဝါးခုံးနဲ့ ခြေထောက်ကြွက်သားအကြောကို ထောက်ပံ့ပေးပြီး ဖနောင့်ကိုလည်း ငြိမ်စေတယ်။ နောက်ပြီးတော့ ခြေအတွင်းဘက် ခေါက်လဲတာနဲ့ ခြေပွတ်တိုင်လည်တာကို ထိန်းပေးနိုင်တဲ့ ဘေးနှစ်ဖက်နဲ့ နောက်ဘက်မှာ အကာတွေပါတဲ့ ဖိနပ်မျိုးကိုလည်း ရွေးသင့်တယ်။
ခြေထောက်နဲ့ အလိုက်သင့် ဖြစ်စေမယ့် ဖိနပ်အတွင်းခံပြားလေးတွေကို ရွေးချယ်သုံးစွဲခြင်းဖြင့် ခြေထောက်အောက်ဖက်အတွင်းပိုင်းက တစ်ရှုးတွေကို အားဖြည့်ထောက်ပံ့ထားပြီး ခြေဖဝါးအောက်ပိုင်းနဲ့ ဖနောင့်ကို တွဲဆက်ပေးထားတဲ့ တစ်ရှုးအမြှေး ရောင်ရမ်းခြင်း (plantar fascilitis) ကို ကာကွယ်နိုင်ပါတယ်။ ဒါလေးတွေက ခြေထောက် ကို အထောက်အကူပေးပြီး တွန်းအားတိုက်အားတွေကို လည်း လျော့ပါးစေဖို့ ကူညီပါတယ်။ ပြေးနေစဉ် သို့မဟုတ် လမ်းသွက်သွက်လျှောက်စဉ် ခြေခေါက်မလဲအောင် လည်းကာကွယ်ပေးပါတယ်။
ဒီနေ့ခေတ်မှာတော့ ဆီလီကွန်ပါတဲ့ ဖိနပ်တွေ၊ ဖိနပ် အတွင်းခံအချပ်တွေ၊ ပစ္စည်းမျိုးစုံဖြင့် ထုတ်လုပ်ထားသော ဖိနပ် အတွင်းခုံများ စတဲ့ ပစ္စည်းတွေ ထည့်သွင်းချုပ်လုပ်ထားတဲ့ ဖိနပ်တွေ အမျိုးမျိုး ပေါ်နေပြီဖြစ်ပါတယ်။ အပြေးသမားများဟာ စီးနေကျ အတွင်းခုံပါဖိနပ်၊ တစ်ဦးချင်းစီနဲ့ အံကိုက်ဖြစ်ပြီး ကိုယ့် ခြေထောက်ပုံစံနှင့် အသင့်တော်ဆုံးဖြစ်မှာသေချာတဲ့ ဖိနပ်တွေကိုသာ ရွေးချယ်စီးနင်းသင့်ပါတယ်။ ခြေဖဝါးအပြားလွန်သမားတွေ အတွက်ကတော့ ကိုယ့်ရဲ့ ချွတ်ယွင်းမှု တိတိကျကျ စစ်ဆေး ရှာဖွေဖို့၊ အကောင်းဆုံးနဲ့ဘေးအကင်းဆုံးဖြစ်မယ့် ပစ္စည်းများကို ရွေးချယ်ရေးမှာ အကူအညီပေးနိုင်မယ့် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။
ဆွဲဆန့်တဲ့လေ့ကျင့်ခန်း – အဲဒီလေ့ကျင့်ခန်းက ခြေဖဝါး အနည်းငယ်ပြား နေသူတွေအတွက် အကူအညီ ပေးပါတယ်။ လက်တွေကို နံရံပေါ်မှာကပ်ထားပြီး ကိုယ်ကို ရှေ့ကို ကိုင်းပါ။ ပြီးရင် ခြေထောက်တစ်ချောင်းကိုရှေ့ကိုထုတ်လိုက်ပါ။ ရှေ့ခြေဖနောင့်ကိုအပြားလိုက်မြေကြီးပေါ်သို့ချ၍ ဒူးကိုကွေးပါ။ နောက်ခြေကို ဆန့်ပြီး ဒူးကိုအဖြောင့်ထားပါ။ နောက်ခြေရဲ့ ခြေချောင်းများဟာ ရှေ့ ခြေရဲ့ ဖနောင့်နှင့် လားရာတူ တစ်တန်းတည်းဖြစ်ပါစေ။ အဲဒီနောက် နောက်ခြေဖနောင့်ကို မြေကြီးပေါ်ဖိချပြီး နောက်ခြေထောက်ဆန့်ထုတ်ခြင်းကို ၁၅စက္ကန့်မှ ၃၀ စက္ကန့်ကြာအောင် ထိန်းထားပါ။
ပြေးဖို့အတွက် အထူးပုံစံထုတ်လုပ်ထားတဲ့ အပြေးဖိနပ်တွေကို ရွေးမယ်ဆိုရင်.. ခြေဖဝါးပြားတဲ့ အပြေးသမားတွေအနေနဲ့ အခြား ရိုးရိုးဖိနပ်တွေ ဝယ်တဲ့အခါ ရွေးသလိုမျိုးပဲ ရွေးရမှာ ဖြစ်ပါတယ်။ ဖိနပ်က ခြေထောက်ကို ညှစ်ထားသလိုဖြစ်နေတာမျိုး၊ ဖိနပ်ပေါက်တာမျိုး၊ ခြေထောက်နာတာ ခြေခေါက်လဲနိုင်တာ စတာမျိုးတွေ မဖြစ်နိုင်တဲ့ ဖိနပ်မျိုးကို ရွေးရမှာ ဖြစ်ပါတယ်။
၁. အမျိုးအစားကောင်းပြီး တာရှည်ခံမယ့် ဖိနပ်မျိုး၊ ချုပ်ရိုး ချုပ်သား၊ အတွင်းအပြင်သုံးထားတဲ့ ဖိနပ်သား အမျိုးအစား တွေကိုကြည့်ပြီး ရွေးပါ။
၂. ခြေထောက်ဟာ တစ်နေ့လုံး သွေးလျှောက်နေတဲ့အပြင် တစ်ကိုယ်လုံး အလေးချိန်ကို ထမ်းထားရတာကြောင့် ပြည့်ပြီးကားလာနိုင်မယ့် ညနေပိုင်းအချိန်များမှာ ဖိနပ်ကို စီးကြည့်ပါ။ ဒါက ဖိနပ် ကြပ်ကြပ်ကြီးကို မဝယ်မိအောင် ကူညီပါလိမ့်မယ်။
၃. ဖိနပ်ဝယ်တဲ့အခါ ကိုယ်တိုင် အစမ်း စီး ကြည့်ပါ။ ခြေအိတ်နဲ့ စီးကြည့်ပါ။ သိပ်ကြပ်ခြင်း/ချောင်ခြင်း မဖြစ်ပါစေနှင့်။ လမ်းလျှောက်ကြည့်ပါ။ ရှေ့ တိုး နောက်ဆုတ် လုပ်ကြည့်ပါ။ ခုန်ကြည့်ပါ။ ထိုသို့ လုပ်နေစဉ် ဖိနပ် လျှောထွက်ခြင်း ကျွတ်ထွက်ခြင်းများ မဖြစ်ဘူးဆိုရင် သင့်အတွက် ဖိနပ်ကောင်းတစ်ရံ ရပါပြီ။
M.D., Faculty of Medicine, Siriraj Hospital, Mahidol University, 2007.
