|

တကယ်လို့…တဲ့ “A Game of Thrones” ထဲက Daenerys Targaryen (Mother of Dragons) ဟာ Jon Snow နဲ့ အိမ်ထောင်ပြုပြီးတော့များ သားသမီးယူခဲ့ရင် ကလေးမှာ မွေးရာပါချွတ်ယွင်းချက် တွေ ပါလာမှာ အမှန်ပဲတဲ့။ ဘာလို့ဆို သူတို့နှစ်ယောက်က သွေးနီးတယ် တဲ့။ (သူတို့နှစ်ယောက်က တူအရီးတော်တယ်)
The Theory of inbreeding လို့ခေါ်တဲ့ မျိုးရိုးဗီဇနီးစပ်သူချင်း ပေါင်းစပ်တဲ့သဘောတရား (သွေးနီးသူချင်းအိမ်ထောင်ပြုမှု) ဆိုင်ရာ လေ့လာမှုများအရ ဆင်းသက်လာမယ့် အမျိုးအနွယ်ထဲမှာ အဓိက အကျိုးဆက် ၂ ခု ကို တွေ့ရပါတယ်။
၁. Positive ရော Negative ရောမှာ မျိုးဗီဇအရည်အသွေးကျဆင်းမှုဖြစ်နိုင်ပါတယ်။ – သိသာတဲ့ ဥပမာတွေကတော့ မှတ်ဥာဏ်ပိုင်းဆိုင်ရာမှာ ဖောက်ပြန်နေခြင်း၊ ရုပ်ပိုင်းဆိုင်ရာမှာ မျိုးရိုးဗီဇပြဿနာတွေ ပါလာတတ်တာ၊ ကလေးရဲ့ သက်တမ်းကို ထိခိုက်နိုင်တဲ့ မူမမှန်မှုတွေပါလာတာ (ဒါကတော့ အမျိုးမတော်တဲ့သူချင်းယူထားတဲ့ အိမ်ထောင်တွေမှာလည်း ဖြစ်တတ်ပါတယ် – ဥပမာ သွေးမတိတ်ရောဂါ၊ သွေးကင်ဆာ၊ ပေမမီဒေါက်မမီ သေးသေးလေးတွေဖြစ်နေတာ၊ ကြွက်သား အားနည်းတဲ့ရောဂါ ပါလာတာ – စတာတွေပဲ ဖြစ်ပါတယ်။)
၂. မျိုးရိုးဗီဇကွဲပြားမှုတွေမှာ အားနည်းနေခြင်း – ကလေးတွေဟာ မိဘတွေနဲ့ တူလွန်းအားကြီးနေခြင်း – ကိုယ့်အသိုင်းအဝိုင်းနဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေမှာ အလိုက်သင့် လိုက်ပြီး ပြောင်းလဲပေးနိုင်ဖို့မှာ အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီစရိုက်လက္ခဏာဟာ “သဘာ၀ရွေးချယ်မှုသီအိုရီ” မှာ တွေ့ရှိရတဲ့ အဓိကအခြေခံအချက်ဖြစ်တဲ့ “မျိုးဆက်အတွင်းမှာ ဆင့်ကဲပြောင်းလဲနိုင်တဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်မှု” ချို့တဲ့လာပြီး နောက်ဆုံးမှာ မျိုးသုဉ်း သွားနိုင်တဲ့ အန္တရာယ် ရှိလာနိုင်ပါတယ်။ (“သဘာ၀ရွေးချယ်မှုသီအိုရီ” (theory of natural selection) ဆိုတာ ဒါဝင်ရဲ့ “လူဟာ မျောက်ကနေ မျိုးရိုးဗီဇပြောင်းလဲ ဆင်းသက်လာတယ်” ဆိုတဲ့ သီအိုရီကို ပြောတာ ဖြစ်ပါတယ် – ဘာသာပြန်သူ)
အဲဒီတော့ – သွေးနီးတဲ့ အမျိုးအချင်းချင်း လက်ထပ်တဲ့ စုံတွဲတိုင်းမှာ “ဒီကိစ္စမျိုး ရှိသလား” ဆိုတာကို ဆန်းစစ်ကြည့်လိုက်တော့ အခြား ဆွေမျိုးမဟုတ်သူချင်းလက်ထပ်တဲ့ အိမ်ထောင်တွေထက်တော့ များတာ အမှန်ပါပဲ တဲ့။ ဥပမာ – အမျိုးမတော်သူတွေရဲ့ အိမ်ထောင်မှာ ဒီလိုကိစ္စမျိုးဖြစ်နိုင်ချေ ၃% ရှိတယ်ဆိုရင် သွေးနီးတဲ့ အမျိုးအချင်းချင်း ယူရင် ပုံမမှန်ကလေးတွေ မွေးလာနိုင်ချေဟာ နှစ်ဆ ၆% ရှိပါတယ် တဲ့။
မေးခွန်းကို ပြန်ကောက်ရမယ်ဆိုရင် – ဘာမှ မတော်တဲ့သူတွေချင်း လက်ထပ်တဲ့ အိမ်ထောင်တွေမှာရော ဒီလို ကလေးလေးတွေ ရနိုင်ချေ ရှိနေသလား ဆိုရင်လဲ အဖြေက “Yes” ပါ တဲ့။ အဖေ ဖြစ်ဖြစ် အမေ ဖြစ်ဖြစ်မှာ ဒီလို မျိုးရိုးဗီဇ ပါလာခဲ့ရင် “Yes” ပါ တဲ့။ သို့ရာတွင် … ကိုယ်တွေမှာ ဒီလို မျိုးဗီဇမျိုးများ ပါနေသလား ဆိုတာကိုတော့ ကိုယ်ဝန်မယူခင်မှာ မျိုးဗီဇစီစစ်မှုကို လုပ်ဆောင်ကြည့်ခြင်းဖြင့် ကြိုတင် သိရှိနိုင်ပါတယ်။
ဒါကြောင့် မျိုးရိုးစဉ်ဆက် next generation sequencing (NGS) မှာ ဒီလို မျိုးဗီဇဖောက်ပြန်တဲ့ မျိုးဆက်ကလေးတွေ ပါမလာစေဖို့ မျိုးရိုးဗီဇဆိုင်ရာကျွမ်းကျင်သူတွေနဲ့ စစ်ဆေးတိုင်ပင်ပြီး ကိုယ့်ရဲ့ မိသားစုစီမံကိန်း ကို စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြင့် မျိုးဆက်သစ်တွေဆီကို မမှန်ကန်တဲ့ဗီဇတွေ လက်ဆင့်ကမ်းမိခြင်းအန္တရာယ်ကနေ တားဆီးကာကွယ်နိုင်မှာဖြစ်ပါတယ်။ စစ်ဆေးတဲ့နည်းလမ်းဟာလည်း DNA ထဲက မျိုးရိုးဗီဇပြောင်းလဲမှုတွေရဲ့ ထိခိုက်နှုန်းမြင့်မားမှုကို စစ်တာမို့လို့ လွယ်ကူလျင်မြန်ပြီး တိကျမှန်ကန်တဲ့အဖြေကို ထုတ်ပေးနိုင်ပါတယ်။ မျိုးနွယ်တိုင်းအတွက် ဒီလိုကိစ္စမျိုးရဲ့ အန္တရာယ်ကို ဆန်းစစ်အဖြေရှာပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွေးနီးတဲ့ အမျိုးထဲကအချင်းချင်း အိမ်ထောင်ပြုထားသူတွေပဲဖြစ်ဖြစ်၊ အမျိုးမတော်တဲ့သူအချင်းချင်း လက်ထပ်ထားတာပဲဖြစ်ဖြစ် ကိုယ့်အိမ်ထောင်ကနေ ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ပြည့်မီတဲ့ မျိုးဆက်သစ်ကလေးတွေ မွေးဖွားလာနိုင်ဖို့ ဒီလို မျိုးရိုးဗီဇစစ်ဆေးမှုတွေကို စနစ်တကျ ပြုလုပ်ပြီး ကိုယ့်ရဲ့ မိသားစုစီမံကိန်းကို သေသေချာချာ အကောင်အထည်ဖော်နိုင်ရင် အကောင်းဆုံးပါပဲ လို့ အကြံပြု ရေးသားလိုက်ရပါတယ်။
The First Class Honors M.D. ,Faculty of Medicine Ramathibodi Hospital, Mahidol University. Faculty of Medicine Ramathibodi Hospital, Mahidol University , 2000
