
“တိမ်” ဆိုတာ မျက်လုံးထဲကမှန်ဘီလူးရဲ့ အလင်းဖောက်နိုင်စွမ်းအား ကျ လာတာကိုခေါ်တာပါ။ ကြည်လင်မှုမရှိဘဲ နောက်ကျိ လာတဲ့အတွက် အလင်းက ကောင်းကောင်းမဖောက်နိုင်တော့ဘဲ အမြင်အာရုံ ကျဆင်းလာတာပါ။ တိမ်ရဲ့ အထူအပါးပေါ်မူတည်ပြီး အမြင်စွမ်းအားကို ထိခိုက်ပါ တယ်။ တိမ်ဟာ မျက်လုံးတစ်ဖက်ကနေ အခြားတစ်ဖက်ကို မကူးတတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာ မျက်လုံး နှစ်လုံးစလုံးလည်း ဖြစ်လာနိုင်ပါတယ်။ မျက်လုံးမှာ တိမ်စွဲဖို့ဆိုတာ အချိန်ကြာတတ်ပါတယ်။ တစ်ခါတစ်ရံ ဆိုးဆိုးရွားရွားဖြစ်လာဖို့ နှစ်ချီ ကြာတတ်ပါတယ်။ မျက်လုံးတိမ်စွဲတာဟာ ကင်ဆာ မဟုတ်ပါဘူး။ phacoemulsification surgery ဆိုတဲ့ ခွဲစိတ်တဲ့နည်းနဲ့ ကုသနိုင်ပါတယ်။ ခွဲလို့ ရနိုင် မရနိုင်ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် တော့ မတူဘူးပေါ့။
မျက်လုံးမြင်လွှာပေါ်က မှန်ဘီလူးလေး ပြောင်းလဲသွားတာကို တိမ်စွဲတယ် လို့ ခေါ်ကြတာပါ။ ဘယ်လိုပြောင်းလဲသွားတာလဲဆိုတော့ နှစ်ကာလကြာလာတော့ မှန်ဘီလူးလေးဟာ မာ လာပြီးတော့ ကြည်လင်နေရာကနေ နောက်ကျိ လာတာဖြစ်ပြီး မကြည်လင်တော့တဲ့အတွက် အတွင်းက မြင်လွှာပေါ်ကို အလင်းကောင်းကောင်း မရောက်နိုင်တော့ဘူးဖြစ်ကာ မြင်နိုင်စွမ်းအား ကျ လာတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဲဒီလိုဖြစ်ဖို့ နှစ်ပေါင်း ငါးဆယ်လောက် ကြာပါတယ်။ မွေးကတည်းက တိမ်နဲ့ ပါလာတာမျိုးလည်း ရှိတတ်ပါတယ်။ မွေးရာပါ ပေါ့။ ဒါမျိုးက ကိုယ်ဝန်ဆောင်ချိန် မိခင်လောင်းမှာ ဂျာမာန်ဝက်သက်ဗိုင်းရပ်စ်ပိုး (မြန်မာအခေါ် -ဂျိုက်သိုး)တွေ ထွက်တာမျိုး ရှိခဲ့ရင် ကလေးမှာ တိမ်ပါလာ တတ်တာကို တွေ့ရပါတယ်။ နောက်ပြီးတော့ ဆီးချိုဝေဒနာရှင်တွေဆိုရင် တိမ်ဖြစ်တာ ရိုးရိုးဖြစ်တာထက် ဆယ်ဆလောက် ပိုမြန်တာကိုလည်း တွေ့ရပါတယ်။
Phacoemulsification ခွဲစိတ်ကုသမှုမှာ intraocular lens (IOL)မှန်ဘီလူးကို မထည့်သွင်းမီ လူနာရဲ့ မွေးရာပါပင်ကို မှန်ဘီလူးကို ultrasound နဲ့ အရင်ခွဲထုတ်ဖယ်ရှားလိုက်ရပါတယ်။ “ pacho” လို့ ခေါ်ပါတယ်။ ၃ မီလီမီတာလောက်ပဲရှိတဲ့ အလွန်သေးငယ်တဲ့ ခွဲစိတ်မှုလေးလုပ်ပြီး လိပ်ထားတဲ့ မှန်ဘီလူးအတုလေးတစ်ခုကို ထည့်ပြီး အထဲရောက်မှ ပြန်ဖြန့်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါကတော့ အမာရွတ်နဲ့ ချုပ်ရိုးထင်ကျန်မှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင် လူနာကိုလည်းအချိန်တိုအတွင်း မှာ ပုံမှန်အမြင်အာရုံကို ပြန်လည်ရရှိစေပါတယ်။ အခြားမျက်လုံးခွဲစိတ်တဲ့ နည်းများထက် ပိုကောင်းတဲ့ အချက်ကတော့ လူနာဟာ တစ်ပတ်အတွင်း အရင်အတိုင်း ပုံမှန် ပြန်လည်သွားလာ လှုပ်ရှားနေနိုင်တာပဲ ဖြစ်ပါတယ်။

ယနေ့နောက်ဆုံးပေါ်ခွဲစိတ်နည်းပညာများဖြင့် မျက်လုံးအတွင်းက တိမ်ကို ခွဲထုတ်ကုသတဲ့အချိန်မှာပဲ အနီးမှုန်ခြင်း နှင့် သူငယ်အိမ်စောင်းခြင်းတို့ကိုပါ တစ်ပါတည်း ပျောက်ကင်းအောင် ကုသနိုင်နေပြီဖြစ်ပါတယ်။ အဆိုပါခွဲစိတ်မှုတွင် မျက်လုံးအတွင်းရှိမှန်ဘီလူးကို intraocular မှန်ဘီလူးဖြင့် လဲလှယ်တပ်ဆင်ပေးခြင်းလည်း ပါဝင်ပါတယ်။ လူနာတစ်ဦးချင်းစီအလိုက် ရွေးချယ်စရာ မှန်ဘီလူးလေးမျိုးရှိပါတယ်။
၁. Monofocal IOL: ဆုံချက်တစ်ခုတည်းသမားများအတွက် monofocal မှန်ဘီလူး ဖြစ်ပါတယ် အဝေးကြည့်အတွက်ကောင်းတာမို့ အဝေးကြည့်မျက်မှန်တော့ကျွတ်သွားမှာ ဖြစ်ပါတယ်။ သို့သော် စာဖတ်ဖို့ နှင့် ကွန်ပျူတာကြည့်ဖို့အတွက်တော့ အနီးကြည်မျက်မှန် လိုအပ်နေဦးမှာ ဖြစ်ပါတယ်။
၂. Multifocal IOL: ဆုံချက်ပေါင်းစုံပါတဲ့ multifocal IOL မှန်ဘီလူးလေးတွေကတော့ အသက်ကြီးလို့ ဖြစ်လာတဲ့ မျက်စိမှုန်ခြင်းအတွက် ကောင်းပါတယ်။ ဒီမှန်ဘီလူးက အလယ်ဗဟိုကနေပြီးတော့မှ မျက်မှန်ပါဝါ အဆင့်ဆင့်ကို အရစ်လိုက် ဖော်ဆောင်ပေး ထားတာဖြစ်လို့ ပါဝါအနီးအဝေးအမျိုးမျိုးပါဝင်ပြီး ၈၀%သော မျက်စိလူနာများဟာ ဒီမှန်ဘီလူးထည့်ပေးလိုက်ခြင်းအားဖြင့် မျက်မှန်တပ်စရာမလိုတော့ပဲ စာဖတ်ခြင်း၊ ကားမောင်းခြင်း စတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ကြပြီ ဖြစ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ အနီးပဲဖြစ်ဖြစ်၊ အလယ်အလတ်ပဲဖြစ်ဖြစ်၊ အဝေးပဲဖြစ်ဖြစ် မှက်မှန်ပါဝါတစ်ခုခြင်းစီအတွက် ရာနှုန်းပြည့်ကြည်လင်ပြတ်သားမှုကို မရနိုင်ဘဲ အဝေး ၅၀%၊ အလယ်အလတ် ၂၀% နဲ့ အနီးကြည့် ၃၀% တို့ ပေါင်းစပ်ထားတဲ့ မှန်ဘီလူး ဖြစ်နေတာပါပဲ။
၃. Toric LOL: Toric Lens ကတော့ သူငယ်အိမ်စောင်းခြင်းအတွက် မှန်ဘီလူးပဲ ဖြစ်ပါတယ်။ မွေးရာပါပင်ကိုမှန်ဘီလူးရဲ့ အခုံးအခွက်ပုံမမှန်မှုကြောင့် ဖြစ်လာတဲ့ အမြင်အာရုံမညီမျှမှု အတွက် ဖြစ်ပါတယ်။ သူငယ်အိမ်စောင်းတာဟာ အနီးကြည့် portrait နဲ့ အဝေးကြည့် landscape တို့ကြားထဲက အမြင်မညီမျှမှုကို ဖြစ်စေပြီးတော့Toric Lens က ဒီ ကွာဟမှုကို လိုတိုးပိုလျှော့ ထိန်းညှိပေးပါတယ်။ ကြည့်ရာမှာ အရင်ကထက်ပိုပြီးတော့ ကြည်လင်ပြတ်သားစေမှာဖြစ်ပေမယ့် monofocal lens သမားများနည်းတူ စာကြည့်ဖို့ တော့ မျက်မှန်တစ်လက် လိုနေဦးမှာ ဖြစ်ပါတယ်။
၄. Multifocal Toric: ဒါကတော့ နောက်ဆုံပေါ်ထုတ်လုပ်လိုက်တဲ့ Multifocal Toric Lens ဖြစ်ပြီး သူငယ်အိမ်စောင်းတာရော မျက်မှန်ပါဝါ အမျိုးမျိုးပါ ပါဝင်တဲ့ မှန်ဘီလူး ဖြစ်ပါတယ်။ ဒီမှန်ဘီလူးကိုတပ်ဆင်လိုက်ရင် အနီးကြည့်ရော အဝေးကြည့်ပါ ပါဝါ ကိုက်မှာဖြစ်ပြီး သူငယ်အိမ်စောင်းတဲ့အတွက်ကိုလည်း ထိန်းညှိပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မျက်စိတိမ်အတွက် Intraocular lens ဖြင့် အစားထိုးလဲလှယ်ခြင်းဟာ ရွေးချယ်စရာအသစ်တစ်ခု ဖြစ်လို့နေပါပြီ။ ဒီလို မှန်ဘီလူးလဲပေးလိုက်ခြင်းဖြင့် အဝေးမှုန် အနီးမှုန်ကိစ္စတွေပါ တစ်ခါတည်း ရှင်းသွားပါတယ်။ ဖော်ပြခဲ့တဲ့ မှန်ဘီလူးလေးမျိုးထဲက ဘယ်တစ်မျိုးနဲ့ သင့်တော်ကိုက်ညီမလဲဆိုတာကတော့ လူနာတစ်ဦးချင်းစီအတွက် ကုသပေးတဲ့ မျက်စိအထူးကု ဆရာဝန်ကြီးရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။

၁. မွေးရာပါ သွေးတိုး၊ ဆီးချို၊ နှလုံးစတဲ့ ရောဂါတွေ ရှိတဲ့သူတွေအတွက် ဆေးတွေကို ပုံမှန်အတိုင်းသောက်နေရပါမယ်။ အက်စပရင်ကဲ့သို့သော သွေးကျဲဆေးများသောက်နေ ရသူတွေအတွက်ကတော့ ၇ ရက်က ၁၀ ရက်အတွင်း (ဒါမှမဟုတ်) ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း ခေတ္တ ဖြတ်ထားဖို့လိုပါတယ်။
၂. မခွဲစိတ်မီ မျက်စိနီလာတာ၊ ရောင်လာတာ စတဲ့ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ မျက်လုံးမှာသာမက အခြားနေရာတွေမှာ ဖြစ်လာတာကိုတွေ့ရှိပါက မခွဲစိတ်မီ ဆေးဘက်ဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုတွေကို အရင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။
၃. ခွဲစိတ်မှုမပြုခင် တစ်ရက်ကြိုတင်ပြီး တစ်က်ိုယ်ရည်သန့်ရှင်းမှုအတွက် ခေါင်းလျှော်ခြင်း၊ ခြေသည်းလက်သည်းညှပ်ထားခြင်း စတာတွေ လုပ်ထားရပါမယ်။ လက်သည်းတွေ ဆေးဆိုးထားရင်လဲ ဖျက်ထားရပါမယ်။
၄. ခွဲစိတ်မယ့်နေ့မှာ လူနာဟာ ဘယ်လို မိတ်ကပ်မျိုးမှ လိမ်းချယ်ထားလို့ မရပါဘူး။ ပေါင်ဒါတွေဘာတွေလဲ ရိုက်ထားလို့ မရပါဘူး။ အဲဒါတွေက အဆီပြန်မှု ဖြစ်စေတဲ့အတွက် ခွဲစိတ်မှုမှာ သက်ရောက်မှု ဖြစ်စေပါတယ်။
၅. ခွဲစိတ်မှုအတွက် အစာရှောင်ရန်မလိုပါ။ ဆန်ပြုတ်တို့ နို့ တို့ စတဲ့ အစာပျော့ပျော့တွေ စားဖို့ ကောင်းပါတယ်။ လူနာဟာ မခွဲစိတ်မီ ပါးစပ်သေချာဆေးပြီး သွားလည်း တိုက်ထားဖို့ လိုပါတယ်။ သွားကြားမှာ အစာတွေ ညပ်နေတာတို့ ဘာတို့ကိုလည်း ရှင်းလင်းထားရမှာ ဖြစ်ပါတယ်။
၆. လူနာအတွက်အနည်းဆုံး လူနာစောင့်တစ်ဦးတော့ ရှိရပါမယ်။ ခွဲခန်းထဲက ထွက်လာတဲ့ အခါ အခြားရောဂါများဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ဖို့ မျက်လုံးကို အုပ်ထားပေးမှာ ဖြစ်ပါတယ်။
၁. လူနာရဲ့ သူငယ်အိမ်ကျယ်စေဖို့ မျက်စဉ်းတစ်မျိုးခပ်ပေးမှာဖြစ်ပါတယ်။ လူနာကို လဲလျောင်းနေစေပြီး မျက်လုံးများကို မှိတ်ခိုင်းထားပါလိမ့်မယ်။ အဲဒီနောက် ဆရာဝန်က မျက်လုံးကို ဓာတ်မီးအရောင်စူးစူးနဲ့ထိုးကြည့်ပြီး သူငယ်အိမ်ရဲ့ တုန့်ပြန်မှုကို စစ်ဆေးပါမယ်။
၂. အဲဒီနောက် ဆေးဘက်ဆိုင်ရာဝန်ထမ်းက ခွဲစိတ်မယ့် မျက်လုံးကို ထုံဆေးခပ်ခြင်း / ထိုးခြင်းကို လိုအပ်သလို ပြုလုပ်ပေးပါမယ်။
၃. ခွဲစိတ်ဆရာဝန်က သူငယ်အိမ်မှာ ၃ – ၃.၂ မီလီမီတာလောက်ပဲရှိတဲ့ ခွဲရာသေးသေးလေးပေးပြီး လိပ်ထားတဲ့မှန်ဘီလူးအသစ်တစ်ခုကို ထိုးသွင်းပေးလိုက် မှာပဲ ဖြစ်ပါတယ်။
၄. လူနာက ခွဲစိတ်ခံနေရင်းမှာ ချောင်းဆိုးချင်လို့ပဲဖြစ်ဖြစ်၊ နှာချေချင်တာပဲဖြစ်ဖြစ်၊ လှုပ်ချင်တာပဲဖြစ်ဖြစ် မလုပ်ခင်မှာ ဆရာဝန်ကို အသိပေးရမှာ ဖြစ်ပါတယ်။
ခွဲစိတ်ပြီးနောက်ဆောင်ရွက်ရမည့်လုပ်ငန်းဆောင်တာများ
၁. ဆရာဝန်မှ ညွှန်ကြားထားသည့်အတိုင်း မျက်စဉ်းများခပ်ရန်၊ ဆေးများသောက်ရန်။
၂. နေ့စဉ်လုပ်ငန်းဆောင်တာများမှ ပေါ့ပေါ့ပါးပါးအလုပ်များကိုသာ ဆောင်ရွက်ပါ။
၃. မျက်လုံးတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ရာတွင် အထူးဂရုစိုက်ပါ။
၄. ခွဲထားတဲ့ဘက်မှမျက်လုံးအား မပွတ်မိစေရန်၊ လက်ဖြင့် မကိုင်မိစေရန် ပလတ်စတစ်အကာခွက်ကလေးဖြင့် အနည်းဆုံးတစ်ပတ် / ဆရာဝန်ညွှန်ကြားသည့်အတိုင်း အုပ်ထားပေးရန် လိုအပ်ပါတယ်။
၅. အလင်းရောင်၊ ဖုန်များ နှင့် ပြင်ပအရာဝတ္ထုများ မျက်လုံးထဲ မဝင်စေရန် (အထူးသဖြင့် အပြင်ထွက်သည့်အခါတိုင်း) မျက်မှန် တပ်သွားပါ။
၆. ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းများကိုသာလုပ်ပါ။
၇. ပုံမှန်မဟုတ်သောကိစ္စများဖြစ်သည့် မျက်လုံးအောင့်ခြင်း၊ စူးခြင်း၊ အမြင်အာရုံဝေ၀ါးခြင်း စသည်တို့ဖြစ်ပါက ဆရာဝန်နှင့် အမြန်ပြပြီး လိုအပ်သည့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုကို အမြန်ဆုံးခံယူရမှာ ဖြစ်ပါတယ်။
၈. ဆရာဝန်ချိန်းဆိုသည့်ရက်ချိန်းများအတိုင်း မှန်မှန်သွားပါ။
၁. အချို့လူနာများတွင် ခွဲစိတ်ပြီးသည့်နောက် မျက်ရည်များထွက်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ မျက်လုံးနာကျင်ကျိန်းစပ်ခြင်းနှင့် စူးအောင့်ခြင်းများ ဖြစ်တတ်ပါတယ်။
၂. ခွဲစိတ်ပြီးနောက်တစ်ရက်တွင် မျက်လုံးနီရဲနေခြင်းလည်း ဖြစ်တတ်ပါတယ်။ ၇ ရက်မှ ၁၄ ရက်အတွင်းမှာ ပျောက်သွားမှာဖြစ်ပါတယ်။ မျက်လုံးစူးအောင့်ခြင်း နဲ့ အလင်းရောင်ကို မကြည့်နိုင်ခြင်းများလည်း ဖြစ်တတ်ပါတယ်။
၁. ခွဲစိတ်ပြီးသည့်နောက် အုပ်ပေးထားသည့် ဂွမ်းစကို မိမိသဘောဖြင့် မိမိဘာသာ မခွာပစ်ရပါ။ ခွဲပြီး နောက်တစ်နေ့ ဆရာဝန်ကြည့်ပြီးတဲ့အခါ တာဝန်ရှိသူက အသစ် လှလှယ်ပေးပါလိမ့်မယ်။
၂. မျက်လုံးကို လက်ဖြင့် ကြမ်းကြမ်းတမ်းတမ်းမပွတ်ရပါ။ မျက်လုံးတစ်ဝိုက် မိတ်ကပ်လိမ်းခြင်း အိုင်းလိုင်နာဆိုးခြင်းတို့ကို ခွဲစိတ်ပြီး ၂ ပတ်အထိ မလုပ်ရပါ။
၃. နှစ်ပတ်အထိ မျက်လုံးကို ရေ/အရည်များ မထိရပါ။ ပုံမှန်မျက်နှာသစ်တဲ့အတိုင်း သစ်မယ့်အစား သန့်ရှင်းသော အဝတ်စကလေးဖြင့် မျက်နှာကို ပွတ်တိုက် သန့်စင်ရပါမယ်။ အကြောင်းတစ်ခုခုကြောင့် မျက်လုံးထဲ ရေ/အရည် ဝင်သွားခဲ့လျှင် ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း မျက်စဉ်းများ ခပ်ပေးရမှာဖြစ်ပါတယ်။
၄. ကိုယ့်ဟာကိုယ် ခေါင်းမလျှော်ရပါ။ ပက်လက်အနေအထားဖြင့် အခြားတစ်ဦးကို လျှော်ခိုင်းရမှာဖြစ်ပြီး မျက်လုံးထဲ ရေမစိုစေရန်အထူးဂရုစိုက်ခိုင်းရမှာ ဖြစ်ပါတယ်။
၅. အနည်းဆုံး တစ်လ ရေကူးလို့ မရပါ။
၆. ခွဲစိတ်ထားတဲ့မျက်လုံးဘက် စောင်းပြီး မအိပ်ရပါ။
၇. အလေးအပင်မခြင်း၊ ဦးခေါင်းကို ခါးအောက်ပိုင်းအထိ ငုံ့တာဖြစ်တဲ့ ပစ္စည်း ကုန်း ကောက်ခြင်း၊ ဖိနပ်ကြိုး ကုန်းချည်ခြင်းများမပြုရပါ။
၈. မျက်စိကို ပင်ပန်းစေမယ့်အလုပ်များကို အချိန်အတိုင်းအတာတစ်ခုအထိ မလုပ်ဘဲ အနားပေးထားပါ။ စာဖတ်ခြင်း၊ တီဗီကြည့်ခြင်း စတာတွေကိုလည်း အကြာကြီး မလုပ်ပါနဲ့။
ဈေးနှုန်းများ
၁. Phaco + Monofocal Lens 1 eye LA 59,800
၂. Phaco + Monofocal Toric Lens 1 Eye LA 85,800
၃. Phaco + Multifocal Lens 1 eye LA 106,600
၄. Phaco + Multifocal Toric Lens 1 Eye LA 124,800
၁. လူနာကို မခွဲစိတ်မီ ဆေးရုံမှ သီးခြားဆရာဝန်တစ်ဦးမှ အခြားရောဂါများ ရှိမရှိ ဆန်းစစ်ပေးရန် လိုအပ်ပါသည်။
၂. ယင်းအတွက် ဆရာဝန်စမ်းသပ်ခ သပ်သပ်ပေးရပါမည်။
၃. ဖော်ပြပါဈေးနှုန်းတွင် အထူးကုဆရာဝန်နှင့် ဆွေးနွေးစမ်းသပ်ခများ မပါဝင်ပါ။
၄. ခွဲစိတ်မှုနှင့်မပတ်သက်သော/ ခွဲစိတ်မှုမှ တွေ့ရှိလာသော အခြားရောဂါများကုသပေး ရခြင်း စသည်တို့အတွက် လူနာမှ သီးခြား ပေး ရမည်ဖြစ်သည်။ ဖော်ပြပါဈေးနှုန်းတွင် အထူးပေးရသော သီးသန့်ဆေးဝါးများ၊ ဓာတ်ခွဲခန်းခများ နှင့် အခြားစမ်းသပ်ခများအတွက် မပါဝင်ပါ။
၅. ဖော်ပြပါဈေးနှုန်းများတွင် အသားစစစ်ဆေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း နှင့် ၎င်းနှင့် စပ်ဆိုင်သည့် ဆရာဝန်ခများ စသည်တို့ မပါဝင်ပါ။
