|

၂၀၁၈ခုနှစ်စာရင်းများအရ ကင်ဆာဟာ အသေအပျောက်အများဆုံးမှာ ဒုတိယ လိုက်ပြီး လူနာအသစ်(ကေ့စ်အသစ်) ဖြစ်မှုမှာတော့ တတိယအများဆုံး အဆင့်မှာ ရှိနေတာကို တွေ့ရပါတယ် တဲ့။
ဒါ့အပြင် တရားဝင် ထုတ်ပြန်ထားတာမျိုးမဟုတ်ပေမယ့် တစ်နှစ်မှာ လူနာ သုံးထောင်ကျော်လောက်ဟာ အူမကြီးကင်ဆာကြောင့် သေဆုံးနေရတယ်လို့လည်း သိရပါတယ်။ အသက် ၅၀ ကျော်တွေ မှာ အဖြစ်များ တတ် သလို မိသားစုထဲမှာ မျိုးရိုးရှိတဲ့ အသက် ၅၀အောက်တွေဟာလည်း ဒီအန္တရာယ်အတွက် အလေးထားဖို့ လိုအပ်နေပါတယ် ။ဒီအတိုင်းသွားနေမယ်ဆိုရင်ဖြင့် တကယ်လို့ အူမကြီးကင်ဆာစစ်ဆေးမှုကို လူတိုင်းလိုလို မလုပ်ကြဘူး ဆိုရင် နောက်ဆယ်စုနှစ်မှာ အထက်မှာဖော်ပြခဲ့တဲ့ ကင်ဆာဖြစ်ပွားမှုနှုန်းဟာ နှစ်ဆ မြင့်တက်သွားမယ် လို့ ဆိုနိုင်ပါတယ်။ ဒီကိန်းကဏန်းတွေတွေ့လိုက်လို့လဲ သိပ်ပြီးတော့ လန့် မသွားပါနဲ့ဦး။ ဒီ ကင်ဆာပုံစံမျိုးဟာ အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းကနေ စောစီးစွာ ရှာဖွေ တွေ့နိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ အသားပိုတွေကို တွေ့ပြီးဆိုရင် ၉၀% ကျော် ဟာ ဖယ်ရှားပစ်လို့ ရ နိုင်ပါတယ်။ တစ်နည်းအားဖြင့် အူမကြီးကင်ဆာ အစောပိုင်းအဆင့်တွေဟာ ကုသလို့ ပျောက်ကင်းနိုင်ပါတယ်။
ကင်ဆာအများစုဟာ ဘယ်ကနေ စ ဖြစ်တယ်ဆိုတာ မပြောနိုင်ပါဘူး။ အန္တရာယ်ဖြစ်နိုင်ချေရှိတဲ့ အောက်ပါ အချက်အလက်တစ်ချို့ ရှိပေမယ့် အူမကြီး ကင်ဆာလည်း အခြားကင်ဆာတွေနဲ့ အတူတူပါပဲ။
အူမကြီးကင်ဆာဟာ အစောပိုင်းအဆင့်မှာ ဘာလက္ခဏာမှမပြတတ်လို့ ဒီရောဂါရှင်တွေဟာ အူမကြီးနဲ့ အစာချေစနစ်တွေကို ပစ်စလက်ခတ် ထားတတ်ကြပါတယ်။ ဒါကြောင့် တကယ်လို့ ဝမ်းဟာ ချုပ်လိုက်လျှောလိုက်တစ်လှည့်စီဖြစ်နေရင်၊ ကြာရှည်ဝမ်းချုပ်နေရင်၊ ဝမ်း(မစင်တုံး)ရဲ့အရွယ်အစား သေးလာမယ်ဆိုရင်၊ ဝမ်းမှာ သွေးပါလာရင်၊ အကြောင်းရင်းမရှိဘဲ ရုတ်တရက် ကိုယ်အလေးချိန် ကျလာမယ်ဆိုရင်၊ ပျို့ချင် အန်ချင်ဖြစ်မယ်၊ ပင်ပန်းနွမ်းနယ်နေမယ် စတဲ့ လက္ခဏာတွေ ကိုယ့်မှာ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသဆွေးနွေးပြီး သေသေချာချာ ရောဂါ ရှာဖွေသင့် ပါတယ်။
အူမကြီးကင်ဆာဟာ အစောပိုင်းအဆင့်မှာကတည်းက ရှာဖွေနိုင်မယ်ဆိုရင် ရောဂါကို ကာကွယ် ဟန့်တား နိုင်ရေးအတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကျားမမရွေး အသက် ၅၀ ကျော်လာပြီဆိုရင် အောက်ပါ နည်းလမ်းတွေနဲ့ ရောဂါစစ်ဆေးရှာဖွေသင့်တယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။တစ်နှစ်တစ်ကြိမ် ဝမ်းထဲမှာ သွေး ပါ မပါ စစ်ဆေးခြင်း – ဒီနည်းလမ်းကတော့ ဝမ်း နမူနာ ပမာဏအနည်းငယ် ကို ယူပြီး စစ်ဆေးတာပဲဖြစ်ပါတယ်။ ဒီလိုစစ်ဆေးဖို့အတွက်ဆိုရင် အသား၊ သွေးအားကောင်းစေတဲ့ ဗီတာမင်ဆေး စတာတွေကို သုံးရက်လောက်ကြိုပြီးတော့ ဖြတ်ထားဖို့ လိုပါတယ်။အူမကြီးကို မှန်ပြောင်းကြည့်တာကတော့ ငါးနှစ်တစ်ကြိမ်လုပ်ဖို့ အကြံပြုပါတယ်။ ဒီစစ်ဆေးမှု ကတော့ မှန်ပြောင်းကို စအိုကတစ်ဆင့် သွင်းပြီး အောက်ပိုင်းက အူ တွေထဲမှာ ပုံမမှန်တာမျိုး ရှိ မရှိ ကြည့်တာ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းပို့ စစ်ဆေးဖို့ အသားစ တစ်ရှူး နမူနာကိုလည်း ဒီနည်းနဲ့ ရယူနိုင်ပါတယ်။အူမကြီးမှန်ပြောင်းကြည့်တဲ့ နည်းဟာဆိုရင် အူမကြီးတစ်ခုလုံးကို သေသေချာချာ မြင်တွေ့ နိုင်ဖို့အကောင်းဆုံးနည်းတစ်ခုဖြစ်တဲ့အပြင် အူမကြီးထဲက မသင်္ကာစရာ တစ်ရှူးတွေ့ရင်လဲ အသားစ ယူပြီး ဓာတ်ခွဲခန်းပို့ စစ်ဆေးနိုင်ပါတယ်။
ခုနောက်ဆုံးပေါ် မှန်ပြောင်းကြည့်တဲ့စနစ်ကတော့ Narrow band imaging (NBI) ဆိုတဲ့ နည်းပဲ ဖြစ်ပါတယ်။ အူမကြီးတစ်ရှူးတွေကို ပုံမှန်ထက်ပိုပြီး ထင်ရှားပြတ်သားစွာ တွေ့မြင်နိုင်ပါတယ်။ ၂.၅ ကနေ ၃ စင်တီမီတာ ထက် သေးတဲ့ အသားပိုအလုံးတွေမှာရှိတဲ့ အူမကြီးတစ်ရှူးရဲ့ ပုံမမှန် ဖြစ်တည်မှုတွေကို အစောပိုင်းအဆင့်မှာတင် ရှာဖွေတွေ့ရှိနိုင်ပါတယ်။ဒါ့အပြင် သံသယဖြစ်ဖွယ် အသားပိုအလုံးတွေကိုလည်း ချက်ချင်းဖယ်ရှားပစ်နိုင်ပါတယ်။
ကင်ဆာ အဆင့် ၁ ဆိုရင်တော့ ကင်ဆာတစ်ရှူးတွေ ဖြတ်ထုတ်ပစ်လိုက်တာပါပဲ။ အဆင့် ၂ တို့ ၃ တို့ ဆိုရင်တော့ ပြန်ဖြစ်နိုင်ချေ ပိုများတဲ့အတွက် ခီမိုဆေးသွင်းတာနဲ့ ဓာတ်ရောင်ခြည်နည်းနဲ့ ကုသတာတွေကို စဉ်းစားရတော့မှာဖြစ်ပါတယ်။ နှစ်မျိုးစလုံးဟာ မခွဲခင် ဒါမှမဟုတ် ခွဲပြီးမှ လုပ်ရတာမျိုးတွေ ရှိနိုင်ပါတယ်။
အဆင့် ၄ ဆိုရင်တော့ ခွဲထုတ်ပြီး ဓာတ်ရောင်ခြည်နဲ့ ကုသပြီးတဲ့ နောက်ပိုင်းမှာတောင် နောက်ဆက်တွဲ ခီမိုဆေးသွင်း ကုသခြင်းကို ဆက်လက် လုပ်ဆောင်ရပါတယ်။ ဒါ့အပြင် ကင်ဆာဟာ တခြား ဆက်စပ် ကိုယ်တွင်းအင်္ဂါတွေကိုပါ ပြန့်နှံ့နေပြီဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်ဟာ အစိတ်အပိုင်းတစ်ခုချင်းစီ အတွက် ဘယ်လို ဂရုတစိုက် ကုသပေးမလဲဆိုတာ အထူးသတိထားပြီး ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။
အဲဒီတော့ရင်.. အူမကြီးကင်ဆာဟာ ဘာကြောင့် ဘယ်က စ ဖြစ်တယ်ဆိုတာ ဒီနေ့ထက်တိုင် မပြောနိုင်ဘူး ဆိုပေမယ့် ဒီကင်ဆာ ဟာ လူတိုင်းမှာ ဖြစ်နိုင်တယ် ဆိုတာကတော့ သေချာပေါက် ပြောနိုင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အန္တရာယ်ရှိ ဘ၀ နေထိုင်မှုပုံစံတွေနဲ့ နေထိုင်စားသောက် ကြသူတွေမှာ ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့် ကင်ဆာနဲ့ ဝေးဝေး နေထိုင်နိုင်ရေးအတွက် ဆိုရင် ကျွန်တော်တို့ရဲ့ ဘ၀နေမှုပုံစံတွေနဲ့ စားသောက်မှုပုံစံတွေဟာ ကျန်းမာရေးနဲ့ ညီညွန်နေဖို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ အဆီများတဲ့ အစားအသောက်တွေမစားဖို့၊ အမျှင်ဓာတ်ပါတဲ့ အစာ များများစားဖို့၊ ရေ များများသောက်ဖို့ အပြင် လေ့ကျင့်ခန်းလုပ်ဖို့လည်း မမေ့ပါနဲ့လို့။ အရေးအကြီးဆုံး ကတော့ ဝမ်းအချုပ်မခံဘဲ မှန်မှန် သွားတတ်တဲ့ အကျင့်ကလေး လုပ်ထားဖို့ပါပဲ။
ဒါ့အပြင် အူမကြီးကင်ဆာမျိုးရိုးလည်းရှိပြီး အသက် ၅၀ ကျော် လာပြီဆိုရင်တော့ ဝမ်းထဲသွေးပါမပါစစ်တဲ့ FOBT အပါအဝင် အခြား ကျန်းမာရေး စစ်ဆေးမှုတွေကို နှစ်စဉ် လုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။ ဆယ်နှစ်တစ်ကြိမ်လောက်လည်း မှန်ပြောင်းကြည့်ပေးဖို့ လိုပါတယ်။ ဒီလို စစ်ဆေးခြင်းဖြင့် အူမကြီးကင်ဆာကြောင့် သေဆုံးရမှုနှုန်းကို လျှော့ချနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လုပ်ဆောင်ရမယ့် အဆင့်တွေဟာ အူမကြီးကင်ဆာကို မဖြစ်အောင် ကာကွယ်နိုင်တဲ့အပြင် အစောပိုင်းအဆင့်မှာတင် ရှာဖွေ တွေ့ရှိပြီး အောင်မြင်စွာ ဖယ်ရှားကုသနိုင်ပြီဖြစ်တဲ့အတွက် ဖော်ပြပါ ဘ၀နေထိုင်စားသောက်မှု ပုံစံများနဲ့အညီ နေထိုင်ကြဖို့နဲ့ အချိန်မှန်မှန် ကျန်းမာရေးစစ်ဆေးမှု ခံယူကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။
Faculty of Medicine Siriraj Hospital, Mahidol University , 2009
