Share the message

သွေးလွန်တုပ်ကွေး

 

 

သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ ခြင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ခြင်ကိုက်ခံရတာကတစ်ဆင့် ဖြစ်တာ သေချာကြောင်း ၁၉ ၅၈ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့ပြီး ကမ္ဘာ့နိုင်ငံ အနှံ့အပြား မှာ ကူးစက်ပြန့်ပွားလျက် ရှိနေပါတယ်။

ခုဆိုရင် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာပေါင်းဟာ တစ်နှစ်မှာ သောင်းဂဏန်းကနေ သိန်းဂဏန်းများအထိ ရှိနေပြီ ဖြစ်ပါတယ်။ ဒီရောဂါဟာ မိုးရာသီဖြစ်တဲ့ မေလ ကနေ စက်တင်ဘာလ အတွင်း ဖြစ်ပွားလေ့ ရှိပါတယ်။ အသက်အရွယ်မရွေး၊ ကျား မ မရွေး ဖြစ်ပွားပါတယ်။ အများအားဖြင့်တော့ ၅ နှစ် ကနေ ၉ နှစ် အတွင်းမှာ အတွေ့ရများလေ့ရှိပြီး ၁၀ နှစ်ကနေ ၁၄ နှစ်အတွင်းတွေမှာလည်း ဖြစ်တာ ကို တွေ့ရပါတယ်။ ၀-၄ ကနေ ၁၅နှစ်အတွင်းမှာ ဖြစ်တတ်တယ်လို့ ယူဆနိုင်ပါတယ်။ ကျား မ မရွေး ဖြစ်တာကို တွေ့ရပါတယ်။

သွေးလွန်တုပ်ကွေးဗိုင်းရပ်သယ်ဆောင်လာတဲ့ ခြင်တွေကြောင့် ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ ပြည်သူ့ကျန်းမာရေးစနစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ခြင် အမျိုးမျိုး ရှိတဲ့အနက် အေးဒီစ် Aedes aegypti ခြင်အမျိုးအစား(အရပ်အခေါ် ခြင်ကျား) က သွေးလွန်တုပ်ကွေးကို ဖြစ်ပွားစေပြီး အဲဒီခြင်မျိုးဟာ နေ့ဘက်တွေမှာ ကိုက်လေ့ရှိပါတယ်။ သန့်ရှင်းပြီး ရေစီးရေလာမရှိတဲ့ အိုင် တွေမှာ ဥချ ပေါက်ပွားလေ့ ရှိပြီး သူတို့ရဲ့ သက်တမ်း ၁လ မှ ၂ လ အတွင်း ရောဂါကို ဖြန့်ဖြူးပါတယ်။

ဗိုင်းရပ်စ်ပိုးပါတဲ့ခြင် အကိုက်ခံရပြီး ၅ ရက်မှ ၈ရက်အတွင်း ဖြစ်ပေါ်လာတတ်တဲ့ အဓိက ရောဂါ လက္ခဏာများ

  • ၂ ရက်မှ ၇ ရက်အတွင်း အချိန်မှန် အဖျားတက်ခြင်း
  • ခန္ဓာကိုယ်အနှံ့အပြားမှ သွေးများ မကြာခဏယိုစိမ့်ထွက်လာတတ်ခြင်း
  •  Hepatomegal ခေါ် စမ်းကြည့်သည့်နေရာတွင် ထိလိုက်တာနှင့် နာသည့် အခြေအနေမျိုးအထိ အသည်းအရွယ်အစား ကြီးလာတတ်ခြင်း
  •  သွေးလှည့်ပတ်မှုစနစ်ကို ဖောက်ပြန်စေတတ်သောကြောင့် သွေးလန့်ခြင်းများ ဖြစ်တတ်ခြင်း

 သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ

သွေးလွန်တုပ်ကွေးဖြစ်နေပြီဆိုရင် အဖျားကြီးမယ်၊ မျက်နှာတွေ နီမြန်းနေမယ်၊ ခေါင်းကိုက်မယ်၊ ကိုယ်တွေ လက်တွေကိုက်ခဲမယ်၊ နောက်ပိုင်းမှာ လက်မောင်းတို့ ပေါင်တို့က အရေပြားပေါ်မှာ သွေးယိုစိမ့်မှုတွေ ဖြစ်မယ်။ (အနီစက်တွေ ထွက်တာ)။ အစားအသောက်ပျက်မယ်၊ အော့အန်မယ်။ အန်ချင်မယ်၊ ဗိုက်နာမယ်၊ အရည်သောက်ချင်စိတ် ပျောက်မယ်။ စိတ်ညစ်လာတတ်ပြီး ဘယ်သူနဲ့မှ စကား မပြောချင် တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

အချို့လူနာတွေမှာ နှာခေါင်းသွေးယိုတာမျိုး၊ သွေးဝမ်းသွားတာမျိုး၊ သွေးအန်တာမျိုးတွေ ဖြစ်လာတတ် ပါတယ်။ အခြား အဖျားရောဂါမျိုးဖြစ်တဲ့ အအေးမိတဲ့လက္ခဏာမျိုး၊ ချောင်းဆိုးတာမျိုးတွေ တွေ့ရလေ့ မရှိပါဘူး။ သွေးလွန်တုပ်ကွေးဖြစ်နေရင် ၂ ရက် က ၇ ရက်အတွင်းဟာ “အရေးကြီး” တဲ့ နေ့တွေ ဖြစ်ပါတယ်။ ကုသမှုနောက်ကျတဲ့ လူနာ ၂ – ၃ % လောက်ဟာ ရှော့ခ်ရတတ်ပြီး အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်ခဲ့ကြပါတယ်။

အခြားလက္ခဏာတွေကတော့ ခြေဖျားလက်ဖျားများအေးစက်တတ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ သွေးခုန်နှုန်း တက်ခြင်း၊ ကျခြင်း တို့ ဖြစ်တတ်ပါတယ်။ သွေးခုန်နှုန်း တအားကျလာပြီးဆိုရင်တော့ သွေးလန့်ပြီး ရှော့ခ်ရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်မီ စောင့်ရှောက်မှု ပေးနိုင်ရင်တော့ သွေးလွန်တုပ်ကွေးကို ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။

သွေးလွန်တုပ်ကွေး ပြင်းထန်မှုအဆင့်များ

သွေးလွန်တုပ်ကွေးရဲ့ ပြင်းထန်မှုအဆင့်တွေကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

အဆင့် – ၁ ။ ။ ကိုယ်ပူကြီး၊ သွေးယိုစိမ့်မှုမတွေ့ရ၊ ဒီအဆင့်မှာ ရေများများသောက်၊ မကြာခဏ ရေပတ်တိုက်ပေးခြင်းအားဖြင့် ကိုယ်ပူကျအောင် လုပ်ပေးနိုင်ပါတယ်။

အဆင့် – ၂ ။ ။ ဒီအဆင့်မှာ လူနာဟာ အစားအသောက် စားနိုင်နေသေးတယ်ဆိုရင် ဆေးရုံပြဖို့ မလိုသေးပါဘူး။ တကယ်လို့ အစားအသောက် မစားတော့ဘူးဆိုရင်တော့ ဆေးရုံကို ခေါ်သွားပြီး စောင့်ကြည့်ရမယ် ဖြစ်ပါတယ်။

အဆင့် – ၃ ။ ။ လူနာ သွေးခုန်နှုန်း အားနည်းလာမယ်၊ ဒါပေမယ့် မြန်ပြီး ခြေတွေ လက်တွေ အေးနေမယ်၊ အသားအရည်ဖျော့တော့ပြီး မအီမသာဖြစ်နေမယ် ဆိုရင် သွေးဖိအား ကျဆင်းလာတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒါဆိုရင် လူနာဟာ ဆရာဝန်နဲ့ အမြန်ဆုံးတွေ့ရမှာဖြစ်ပြီး အဖျားတိုင်းတာတို့၊ သွေးပေါင်ချိန်တိုင်းတာတို့၊ အသက်ရှူနှုန်းတိုင်းတာတို့ စတဲ့ အရေးကြီးတဲ့ စစ်ဆေးမှုတွေကို စတင် ရမှာ ဖြစ်ပါတယ်။

အဆင့် – ၄ ။ ။ သွေးပေါင်ချိန်တွေတအားကျလာပြီး တိုင်းဖို့တောင်ခက်လာပြီဆိုရင်၊ လူနာအနေနဲ့ ရှော့ခ် ရချင်လာတဲ့ အနေအထားမျိုးဆိုရင်တော့ ဆေးရုံကို အမြန်ဆုံး ချက်ချင်း ခေါ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

တစ်ချို့လူနာတွေဟာ အဆင့် ၁ / ၂ လောက်သာဖြစ်ပြီး ဆေးရုံတင်ဖို့ မလိုအပ်ပေမယ့် အဆင့် ၃ / ၄ လောက် ဆိုရင်တော့ ဆေးရုံပေါ်မှာ တင်ထားပြီး အမြဲ စောင့်ကြည့်ပေးနေရမှာ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေး ဟုတ်မဟုတ် ဆန်းစစ်ခြင်း

ဆရာဝန်နဲ့ တွေ့ဆုံတဲ့အခါအမှာ လူနာရဲ့ ဖျားနာမှုရာဇဝင်ကို မေးမြန်းမှာဖြစ်ပါတယ်။ အဲဒီနောက် တစ်ကိုယ်လုံး စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး သွေးဖောက်စစ်ဆေးရမှာ ဖြစ်ပါတယ်။

ကာကွယ်ခြင်း

  • ခြင်ကိုက်မခံရအောင်နေပါ။
  • ခြင်တွေမပေါက်ပွာနိုင်အောင် ရေဝပ်တဲ့နေရာတွေ၊ ရေထည့်ထားတဲ့နေရာတွေကို ဖုံးထားတာ၊ သွန်ပစ်တာ၊ လဲပစ်တာ၊ စစ်ဆေးမှုတွေလုပ်တာတွေ စတာတွေကို လုပ်ပါ
  • သွေးလွန်တုပ်ကွေးကာကွယ်ဆေး ဆိုတာ သုတေသနပြုမှုအဆင့်မှာပဲ ရှိနေပါသေးတယ်။

ကုသခြင်း

  • ရေများများသောက်ပါ၊ မကြာခဏ ရေပတ်တိုက်ပေးပါ။
  • ပါရာစီတမော သောက်နိုင်ပါတယ်။ (အက်စပရင်တို့ အိုင်ဗျူပရိုဖင်တို့ဟာ သွေးယိုစိမ့်မှု ဖြစ်ပွား လာနိုင်တဲ့အတွက် မသောက်သင့်ပါဘူး)
  • လူနာဟာ ကျန်းမာရေးစောင့်ရှောက်မှု စောစောနဲ့ လုံလုံလောက်လောက်ရနိုင်မယ်ဆိုရင် သွေးယိုစိမ့်မှု၊ သွေးလန့်မှု နဲ့ အခြား ကျန်းမာရေးပြဿနာတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ပိုမိုသိရှိလိုပါကမေးမြန်းနိုင်ပါသည်။

Please complete the form below and we'll get back to you within 48 hours with a response

Rate This Article

User rating: 3.71 out of 5 with 7 ratings

Recommended Doctor

Clinical professor Sanay Chearskul, M.D. Summary: Pediatrics Pediatrics