Share the message

စောလျှင်စွာ ရှာဖွေတွေ့ရှိခြင်းမှ တစ်ဆင့် – ရောဂါရှာဖွေစစ်ဆေးမှု၏ အရေးပါပုံ


စာရင်းဇယားများအရ ထိုင်းအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းမှာ အယောက် တစ်သိန်းတွင် သုံးဆယ်ဖြစ်ပါသည်။ အဆိုပါဖြစ်ပွားမှုနှုန်းမှာ ယခင် စာရင်းဇယားများထက် နှစ်ဆ မြင့်တက်လာပြီး ယခုချိန်ထိ ရင်သားကင်ဆာဖြစ်ပွားမှုမြင့်တက်စေသော အဓိကအကြောင်းရင်းကိုမှု မသိနိုင်သေးပါ။ ဖြစ်နိုင်ချေအရှိဆုံးကတော့ နေထိုင်မှုပုံစံ သိသာစွာပြောင်းလဲခြင်းကြောင့် ဖြစ်ပါသည်။
ဆစ်မီတဝေ့ဆေးရုံမှ ရင်သားကင်ဆာခွဲစိတ်အထူးကု Major General Associate Professor Wichai Vassanasiri, MD ရှင်းပြချက်အရ “ရင်သားကင်ဆာဟာ သားအိမ်ခေါင်းကင်ဆာနောက် ဒုတိယအဖြစ်အများဆုံးကင်ဆာအဖြစ်မှ ယခုအခါ နံပါတ် တစ် အဖြစ်အများဆုံးကင်ဆာအဖြစ်သို့ ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ အာရှသူ အမျိုးသမီးများတွင် ဥရောပ သို့ အမေရိကန်အမျိုးသမီးများထက် ရင်သားကင်ဆာ ပိုမိုအဖြစ်များကြပါတယ်။ ထိုင်းနိုင်ငံတွင်မူ ဘန်ကောက်နှင့် အခြား အရှေ့ဘက် ပင်လယ်ကမ်းနားဘက်ခြမ်းရှိ စက်မှုမြို့များဖြစ်သော ရရောင်း၊ ချန်တာဘူရီ နှင့် ချွန်ဘူရီမြို့များတွင် အခြားနေရာများထက် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားတာကို တွေ့ရပါတယ်”

“ရင်သားကင်ဆာရဲ့ အရေးကြီးတဲ့ရောဂါလက္ခဏာအချို့ကတော့ ရင်သားတွင် အလုံး သို့ အကြိတ်ရှိခြင်း၊ နို့သီးခေါင်း ချိုင့်ဝင်သွားခြင်း၊ ရင်သားအရေပြား ချိုင့်ဝင်ခြင်း သို့ အနာပေါက်ခြင်းတို့ ဖြစ်ပါတယ်။ အကယ်၍ သင့်မှာ သည်လက္ခဏာတွေထဲက တစ်ခုခု ရှိခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ဆေးကုသမှုခံယူသင့်ပါတယ်။ ဘာလို့လည်းဆိုတာ ဒါဟာ ရောဂါရင့်နေပြီလို့တောင် ပြောလို့ရတဲ့ အခြေအနေမို့လို့ပါ”

“တကယ့်လက်တွေ့မှာတော့ သင်ဟာ ရောဂါလက္ခဏာတွေ သိသာလာတဲ့အထိ မစောင့်သင့်ပါဘူး။ ဘာလို့လည်းဆိုတော့ ရင်သားကင်ဆာ အစပိုင်းအဆင့်တွေဟာ သိသာထင်ရှားတဲ့လက္ခဏာရယ်လို့ မပြတတ်လို့ပဲ ဖြစ်ပါတယ်။ အသက် ၄၀မှ စ၍ အမျိုးသမီးတွေဟာ နှစ်စဉ် ရင်သားဓါတ်မှန်ရိုက်ခြင်း၊ ရင်သားအာထရာဆောင်းရိုက်ခြင်းကဲ့သို့သော ရင်သားကင်ဆာစစ်ဆေးခြင်းများကို အတူတကွပုံမှန်ပြုလုပ်သင့်ပါတယ်။ အချို့သူတွေမှာ ရင်သားဓါတ်မှန်ရိုက်ခြင်းဟာ ရင်သားကင်ဆာကို ဖြစ်စေတယ်ဆိုတဲ့ လွဲမှားတဲ့ယူဆချက်တွေ ရှိနေပါတယ်။ အမှန်ဆိုရင်တော့ ရင်သားဓါတ်မှန်စစ်ဆေးရာမှာသုံးတဲ့ ဓါတ်ရောင်ခြည်ပမာဏဟာ လွန်စွာနည်းပါးပြီး ပျမ်းမျှအားဖြင့်် အဆုတ်ဓါတ်မှန် သုံးကြိမ် သို့ လေးကြိမ်ရိုက်ခြင်းလောက်သာ ရှိပါတယ်။ ဒါကြောင့် ရင်သားဓါတ်မှန်ရိုက်ခြင်းဟာ လုံးဝကင်ဆာမဖြစ်စေပါဘူး”

သင် ရင်သားဓါတ်မှန်နှင့်အာထရာဆောင်းစစ်ဆေးပြီးသည့်အခါ အကယ်၍ ပုံမမှန်သည့်နေရာ တွေ့ရှိခဲ့ပါက နောက်တစ်ဆင့်အနေဖြင့် သင်၏ဆရာဝန်မှ ထိုနေရာမှ အပ်ဖြင့်သော်လည်းကောင်း ခွဲစိတ်အသားစယူခြင်းဖြင့်သော်လည်းကောင်း အသားစနမူနာယူ၍ စစ်ဆေးပါလိမ့်မည်။

Dr. Wichai မှ ဆက်လက်ရှင်းပြချက်မှာ “ အကယ်၍ ၁ စင်တီမီတာထက်သေးငယ်သော အလုံး သို့ အကြိတ်တွေ့ရှိခဲ့ပါက အပ်ဖြင့်အသားစထုတ်ယူခြင်းကို နေရာတိကျမှုရှိစေရန် ဒစ်ဂျစ်တယ်ရင်သားဓါတ်မှန်စက် သို့ အာထရာဆောင်းစက်တို့ကို အသုံးပြု၍ တည်နေရာကို ရှာဖွေပါမည်။ ထို့နောက် အပ်ကိုထိုးသွင်းပြီး ပုံမမှန်ဖြစ်နေသောနေရာမှ အသားစကိုယူကာ ရောဂါရှာဖွေရန် ဆက်လက်စစ်ဆေးပါမယ်။ အကယ်၍ အပ်ဖြင့်အသားစထုတ်ယူခြင်း ပြုလုပ်ရန် ဖြစ်နိုင်ချေရှိပါက ခွဲစိတ်၍ အသားစယူခြင်းကို ရှောင်ရှားနိုင်ရန် ဆရာဝန်မှ ပထမဦးစားပေးအနေဖြင့် အကြံပြုပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဒီစစ်ဆေးမှုမှာ တကယ်လို့ ကင်ဆာလို့ အဖြေထွက်ခဲ့ရင် လူနာသည် နောက်ထပ်ခွဲစိတ်မှုကို ပြုလုပ်ရမှာ ဖြစ်သောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်မှ အပ်ဖြင့် အသားစထုတ်ယူခြင်းကို အရင်အကြံပြုလေ့ရှိပြီး ဒီလိုအခြေအနေတွေမှာ ကင်ဆာဖြစ်ခဲ့မယ်ဆိုရင် ကုသမှု အစီအစဉ်အတွက် အရင်ဆွေးနွေးတိုင်ပင်ပြီး လူနာကို နောက်ပိုင်းမှ ခွဲစိတ်မှုတွေ လုပ်လေ့ရှိပါတယ်”

ဆရာဝန်တွေဟာ သင့်ရဲ့ရင်သားရှိ အလုံးအရွယ်အစား၊ ပြန်ရည်ကြိတ်တွေထိ ရောဂါပျံ့မပျံ့၊ ပြီးတော့ ကင်ဆာဆဲလ်တွေ ဘယ်လောက်ထိ တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပျံ့မပျံ့ တို့ကို ကြည့်ခြင်းအားဖြင့်သာ ကင်ဆာရဲ့အဆင့်ကို ပြောနိုင်ပါသည်။ ထို့ကြောင့် ခွဲစိတ်မှုပြုလုပ်ပြီးမှသာ များသောအားဖြင့် ကင်ဆာရဲ့အဆင့်ကို သတ်မှတ်နိုင်ပါတယ်။ အရမ်းကြီးသော အနာတွေရှိသောလူနာများ သို့ ချိုင်းကြားတွင် အကြိတ် သို့ အလုံးအကြီးကြီးဖြစ်နေသော လူနာများတွင်တော ရောဂါသတ်မှတ်ချက်ကို ချက်ချင်းပြောနိုင်ပါသည်။ ဒီလိုရောဂါလက္ခဏာမှာ ကင်ဆာအဆင့်အတော်အတန်ရောက်နေပြီ ဖြစ်သောကြောင့် ဆရာဝန်သည် ခွဲစိတ်မှုမပြုလုပ်ခင် ကင်ဆာဆေးသွင်းရန် ဆုံးဖြတ်လေ့ရှိပါသည်။

ဆရာဝန်မှ သင့်အတွက် ရောဂါကုသမှုကို စဉ်းစားရာတွင် အရေးကြီးသည့်အချက်တစ်ချက်မှာ ပြန်ရည်ကြိတ်ထဲတွင် ကင်ဆာရှိမရှိ ဆိုသည့်အချက် ဖြစ်ပါသည်။ ပြန်ရည်ကြိတ်အသားစယူရာတွင် တည်နေရာကို သိရှိနိုင်ရန် ဆိုးဆေးတစ်မျိုး ထိုးသွင်းလေ့ရှိပါသည်။ ထို့နောက် အရေပြားတွင် ခွဲရာအနည်းငယ်ပေး၍ ပြန်ရည်ကြိတ်ကို ထုတ်ယူလေ့ရှိပါသည်။ ထို့နောက် ရောဂါဗေဒပညာရှင်မှ ကင်ဆာဆဲလ်ရှိမရှိကို စစ်ဆေးမည် ဖြစ်ပါသည်။ ထိုစစ်ဆေးရာမှ ရရှိလာမည့်အဖြေကို ရောဂါပျောက်ကင်းနိုင်ချေ တွက်ချက်ရာတွင်လည်းကောင်း ခွဲစိတ်ပြီးနောက်ပိုင်း ကုသမှုအတွက်လည်းကောင်း အသုံးချပါသည်။
ရောဂါကုသခြင်းကို နှစ်မျိုးခွဲထားပါသည်။ ခွဲစိတ်ခြင်းနှင့် ဓါတ်ရောင်ခြည်ပေးခြင်းကဲ့သို့သော ရောဂါဖြစ်ရာတည်နေရာတွင်ကုသခြင်း နှင့် ဟော်မုန်းဖြင့် ကုသခြင်း သို့ ကင်ဆာဆေးများဖြင့်ကုသခြင်းကဲ့သို့ ခန္ဓာကိုယ်စနစ်ပိုင်းဆိုင်ရာကုသခြင်းတို့ ဖြစ်ပါသည်။ ပျံ့နှံ့မြန်သည့် ကင်ဆာဆဲလ်အမျိုးအစား (invasive cancer cells ) တွင် ကင်ဆာဆေးသွင်းခြင်း သို့ ဓါတ်ရောင်ခြည်ပေးခြင်း သို့ နှစ်ခုစလုံးပေးနိုင်ပြီး ဟော်မုန်းဖြင့်ကုသမှုတို့ကိုလည်း ညွှန်ကြားနိုင်ပါသည်။

“ရင်သားကင်ဆာကုသရာမှာ ခွဲစိတ်ကုသမှုဟာ ပျောက်ကင်းဖို့ အကောင်းဆုံး အခွင့်အရေးပဲ ဖြစ်ပါတယ်” လို့ Dr. Wichai က ရှင်းပြပါတယ်။ “ရင်သားတစ်ခုလုံး ဖြတ်ထုတ်ခြင်း နှင့် ရင်သားချန်၍ခွဲစိတ်ခြင်းဆိုပြီး ရင်သားကင်ဆာခွဲစိတ်ခြင်း နှစ်မျိုးရှိပါတယ်။ ရင်သားချန်၍ ခွဲစိတ်ခြင်းမျိုးမှာဆိုရင် ယခုအခါ ရင်သားနဂိုပုံစံပြန်ရအောင် ပြုပြင်ခြင်းမျိုးကို ခွဲစိတ်နေချိန်တွင် တစ်ခါတည်းပြုလုပ်နိုင်တဲ့အတွက် ခွဲစိတ်ပြီးနောက်ပိုင်း လူနာအနေဖြင့် မိမိကိုယ်ကို ယုံကြည်ချက်ရှိရှိ နေနိုင်ပြီ ဖြစ်ပါတယ်”
ရင်သားကင်ဆာမှာ စောစီးစွာ စစ်ဆေးတွေ့ရှိလေ ပျောက်ကင်းနိုင်ခြေများလေပဲ ဖြစ်ပါတယ်၊ အသက် ၄၀နှစ်နှင့် အထက် အမျိုးသမီးများမှာ ရင်သားကင်ဆာစစ်ဆေးမှုကို နှစ်စဉ်ပြုလုပ်သင့်ပါတယ်။ ရင်သားကင်ဆာဟု ရောဂါရှာဖွေတွေ့ရှိထားသူတွေ အနေဖြင့် စိတ်ပျက်လက်ပျက် မဖြစ်ကြနဲ့။ ပုံမှန်ရောဂါကုထုံးတွေက ကူညီနိုင်ပါတယ်။ ဆိုးရွားတဲ့ ကင်ဆာ အဆင့် ၄ မှာတောင်မှ ကင်ဆာဆေးသွင်းခြင်းနှင့် ဟော်မုန်းကုသမှုတွေဖြင့် ပျောက်ကင်းနိုင်ပါတယ်

Dr. Wichai မှ ဆက်လက်သတိပေးထားတာကတော့ “ဒီရောဂါကုထုံးတွေကို မငြင်းပယ်ကြပါနဲ့။ ဒါတွေဟာ အချိန်တွေအကြာကြီး သုတေသနတွေ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး ဆရာဝန်တွေ အနေဖြင့်လည်း ဆေးတစ်ခုခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ဂရုတစိုက်ရှိကြမှာပါ။ ရိုးရာနည်းလမ်းတွေနဲ့ သစ်ဥသစ်ဖုတွေ သုံးပြီး ကုသဖို့ဆုံးဖြတ်ချက်မျိုးဟာ အရမ်းအန္တရာယ်ကြီးပါတယ်။ သစ်ဥသစ်ဖုတွေသုံးပြီးကုတဲ့ဆေးတွေဟာ အသည်းနဲ့ကျောက်ကပ်ကို ထိခိုက်စေပြီး အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာများကိုထိခိုက်စေနိုင်သည့်အပြင် ထိုဆေးတွေဟာ စနစ်တကျ တိတိကျကျ သုတေသနပြုလုပ်ထားတာတွေ မဟုတ်ပါဘူး။ ရလဒ်အနေနဲ့ လူနာတွေမှာ မှန်ကန်တဲ့ကုသမှုတွေရရှိနိုင်တဲ့ အခွင့်အရေးဆုံးရှုံးရမှာပဲ ဖြစ်ပါတယ်”

Rate This Article

User rating: 2.94 out of 5 with 18 ratings

Recommended Doctor

Associate professor Wichai Vassanasiri, M.D. Summary: Surgery Surgery