Share the message

ပင်လယ်ကမ်းခြေဝယ် ဘေးအန္တရာယ်ကင်းရှင်းရေး

အဓိကထားပြုလုပ်ဆောင်ရမည့်အချက်များ

  • ခရီးစတင်မထွက်မှီအချိန်ခဏအတွင်း ခရီးလမ်းတစ်လျှောက် အစာခံနိုင်ဖို့အတွက် အစားအသောက်စားသုံးခြင်းသည် ပင်လယ်လှိုင်းမူးစေတဲ့အဓိကအကြောင်းအရင်းလို့ သတ်မှတ်ကြတာ အမှားယွင်းဆုံးအချက်ဖြစ်ပါသည်။ အစာအိမ်ထဲမှာ လုံလောက်သည့်အစာအာဟာရမရှိလေ၊ ပင်လယ်မူးစေခြင်းကို ပိုမိုမြန်ဆန်စွာခံစားနိုင်ရလေဖြစ်ပါသည်။
  • ခန္ဓာကိုယ်အပူချိန်ရုတ်ချည်းမြင့်တက်လာခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်း သွေးအားနည်းခြင်းများနှင့် ခေါင်းမူးဝေခြင်းများသည် ခန္ဓာကိုယ်ရုတ်ချည်းအပူရှပ်စေသည့်လက္ခဏာများဖြစ်ပါသည်။

 

 

ဘေးအန္တရာယ်ကင်းရှင်းသော ပင်လယ်ကမ်းခြေခရီးတစ်ခုဖြစ်စေရန် ကြိုတင်ပြင်ဆင်ချက်များ

အားလုံးပြောစမှတ်ရှိကြတဲ့ စကားတစ်ခွန်းက ထိုင်းနိုင်ငံမှာ အပူ၊ အပူဆုံးနှင့် အလွန့်အလွန်ပူသော ရာသီဥတုသုံးမျိုးရှိသည် ပဲဖြစ်ပါသည်။ ဒီအတွက် ထိုင်းနိုင်ငံသားများအတွက် ပင်လယ်ကမ်းခြေခရီးစဉ်များက ပိုမိုကျော်ကြားလာကာ ရာသီဥတုအရမ်းပူပြင်းလာသည့်အခါ (သို့) အားလပ်ရက်တွေရှိသည့်အခါ မကြာခဏသွားရောက်အနားယူတဲ့နေရာဖြစ်လို့လာပါသည်။ ကလေးသူငယ်များဟာ ပင်လယ်ကမ်းခြေမကြာခဏသွားရောက်လည်ပတ်ဆော့ကစားနိုင်ဖို့အတွက် ရာသီဥတုပူပြင်းလာတဲ့အချိန်ကို ကြိတ်ဆုတောင်းနေတတ်ကြပါသည်။ ဘယ်လိုပင် ပျော်ရွှင်တဲ့ခရီးစဉ်တစ်ခုပဲဖြစ်နေပါစေ၊ အန္တရာယ်ကင်းဖို့သာ ပထမဖြစ်တဲ့အတွက် ဘယ်အရာကိုမှလျစ်လျူမရှုသင့်သလို ပေါ့ပေါ့ဆဆလည်းမနေသင့်ပါဘူး။

ပင်လယ်ကမ်းခြေခရီးစဉ်ထွက်စဉ် ဖြစ်လေ့ဖြစ်ထရှိနိုင်သော ရောဂါများ

ပင်လယ်လှိုင်းမူးခြင်းနှင့် မူးဝေအော့အန်ခြင်း

ကံမကောင်းစွာနဲ့ပဲ လူအများစုက ပင်လယ်လှိုင်းမူးခြင်းနှင့် ကားမူးခြင်းတို့ဟာ ခရီးသွားနေစဉ်တစ်လျှောက် တစ်ယောက်မှ တစ်ယောက် ထပ်ဆင့်ပွားဖြစ်ပွားတတ်ကြတာမျိုးဖြစ်ပါသည်။ ယခုလိုမျိုးမူးဝေတတ်တဲ့သူများဟာ သွားရမယ့် ခရီးစဉ်ပန်းတိုင်ကို ဖြစ်မြောက်အောင် မသွားနိုင်တော့ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်တရတွေဖန်တီးနိုင်မယ့်အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးရတာမျိုး ကြုံတွေ့ရနိုင်ပါသည်။ ဒီလို ပင်လယ်လှိုင်းမူးခြင်းနှင့် ကားမူးခြင်းရောဂါလက္ခဏာများကို Motion Sickness လို့ခေါ်ဝေါ်ကြပါသည်။ Motion Sickness ဖြစ်ပေါ်ရတဲ့အကြောင်းအရင်းမှာ ခန္ဓာကိုယ်ရွေ့လျားသွားလာမှနှင့် ဟန်ချက်ညီညာမှုမရှိခြင်းတို့ကြောင့်ဖြစ်ပါသည်။ ဥပမာတစ်ခုနှင့် နှိုင်းယှဉ်ပြရရင် ခရီးသွားနေစဉ် လမ်းတစ်လျှောက်မှာ အကွေ့အကောက်လမ်းတွေများပြားခြင်း (သို့) ပင်လယ်ရေထဲ သဘောၤစီးတဲ့အခါ ပင်လယ်ရေလှိုင်းတွေတိုက်ခိုက်ခြင်းတို့ကြောင့် လူ့ရဲ့ ခန္ဓာကိုယ်ဟန်ချက်ပျက်ပြားသွားတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ အာရုံကြောစနစ်တစ်ခုလုံးဟာ ရောထွေးလာပါသည်။ ဒီအတွက် Motion Sickness လက္ခဏာများဖြစ်တဲ့ မူးဝေခြင်း၊ မအီမသာဖြစ်လာခြင်း နဲ့ အော့အန်ခြင်းတို့ ခံစားလာရပါသည်။ အချို့လူတွေမှာ ရေထဲပြုတ်ကျတဲ့အခြေအနေအထိ ဆိုးဆိုးရွားရွားခံစားရပါသည်။

ယခုလို Motion Sickness ရောဂါအခြေအနေမျိုးဖြစ်ကြသူများ (သို့) အခြားသောအကြောင်းကြောင်းများကြောင့် မူးဝေခြင်း၊ ချာချာလည်မူးခြင်း (သို့) ခန္ဓာကိုယ်ဟန်ချက်ပျက်ပြားခြင်းကြောင့် ဖြစ်တဲ့ အာရုံကြောစနစ်မူမမှန်တဲ့ အခြေအနေများ နှင့် ကြုံတွေ့ဖူးသူများအနေနဲ့ ရေကူးခြင်းနှင့် ရေငုပ်ကူးခြင်းများ မပြုလုပ်မိစေဖို့ အထူးပြုဂရုစိုက်ရမှာဖြစ်ပါသည်။ ရေငုပ်ခြင်းပြုလုပ်ဖို့အတွက် လုံလောက်တဲ့ နားအတွင်းပိုင်းနှင့် ဦးနှောက်ပိုင်းဆိုင်ရာ အာရုံကြော နှင့် ခန္ဓာကိုယ်၏ ကိုယ်နေဟန်ထားတွေ မှန်ကုန်စေဖို့လိုအပ်ပါသည်။ အကယ်၍သာ ထိုနားနှင့် ဦး နှော် နှောက်ပိုင်းဆိုင်ရာ အာရုံကြောနှင့် ကိုယ်နေဟန်ချက်များ မမှန်ကန်ခဲ့ရင် ရေနစ်ပြီး သေဆုံးနိုင်ပါသည်။

အန္တရာယ်ရှိ အဏ္ဏဝါသတ္တဝါများကြောင့် အဆိပ်မိခြင်း

ပင်လယ်ကမ်းခြေခရီးစဉ်မှာ ကမ်းစပ်နားဖြစ်စေ၊ ပင်လယ်ရေထဲဆင်း၍ဖြစ်စေ ပျော်ပျော်ရွှင်ရွှင်နဲ့ လွတ်လပ်စွာ ရေဆော့ကစားနိုင်ကြပါသည်။ ပင်လယ်ထဲမှာ မိမိတို့မသိနိုင်တဲ့ အဏ္ဏဝါသက်ရှိသတ္တဝါလေးတွေ သေးသေးကြီးကြီး များစွာရှိလို့နေပါသည်။ ထို အဏ္ဏဝါလေးတွေဟာ အဆိပ်ရှိအဏ္ဏဝါများလည်း ရှိသလို၊ အဆိပ်မရှိတဲ့ အဏ္ဏဝါလေးများလည်း ရှိလို့နေပါသည်။ ပင်လယ်ရေထဲမှာ တွေ့ရှိရမှုအများဆုံးဖြစ်တဲ့ အဆိပ်အပြင်းဆုံးဖြစ်တဲ့ အဏ္ဏဝါငါးJelly Fish (ဂျယ်လီငါး)လေး တွေကို သတိထားရှောင်ကြဉ်ရမှာပဲဖြစ်ပါသည်။ Jelly Fish ဟာ Nematocyst လို့ခေါ်တဲ့ အထူးပြု ဆဲလ်များဟာ သူရဲ့ ပျော့ပျောင်းတဲ့ ကိုယ်လက်အင်္ဂါများထဲမှာ ပါဝင်လို့နေပါသည်။ Jelly Fish များရဲ့ ခန္ဓာကိုယ်နဲ့ ကိုယ်လက်အင်္ဂါတွေမှာ ပါဝင်နေတဲ့ အဆိပ်များနဲ့ သူရဲ့ အာနိသင်များက Jelly Fish ရဲ့ အမျိုးအစားနဲ့ အရွယ်အစားကွာခြားမှုမှာ ကွဲပြားသွားပါသည်။ လူအချို့များမှာ အဆိပ်သင့်မှုအနည်းငယ်သာဖြစ်ပွားပြီး အန္တရာယ်မရှိခဲ့ပေမယ့် လူအချို့အတွက်တော့ အရေးပေါ်အခြေအနေရောက်သည်အထိ အဆိပ်သင့်ခြင်းကို ခံစားခဲ့ရပြီး သေဆုံးရတဲ့အထိ ဖြစ်ပွားကြပါသည်။ Jelly Fish အုပ်စုထဲမှာမှ Portuguese Man o’ War ခေါ် Physalia physalis တွေက အဆိပ်အပြင်းဆုံး Jelly Fish ဟု သိရှိရပါသည်။ Jelly Fish များကို ကမ်းစပ်နှင့် ပင်လယ်သမုဒ္ဒရာရေထဲမှာပါ တွေ့ရှိနိုင်ပါသည်။ ဒါ့အပြင် Fire Coral လို့ အမည်ရှိ ကျောက်ခက်ကျော်က်တက်သဏ္ဍာန်ရှိ ရေသတ္တဝါအမျိုးအစားဟာလည်း အဆိပ်ရှိတဲ့ အဏ္ဏဝါအမျိုးအစားတစ်မျိုးပဲဖြစ်ပြီး ကျိန်းသေပေါက်ရှောင်ရှားရမှာဖြစ်ပါတယ်။ မျက်နှာပြင်အရတော့ သာမန်သန္တာကျောက်ခက်တစ်ခုပုံစံဖြစ်ပေမယ့် တကယ်တမ်းကြတော့ Jelly Fish လိုပဲ အဆိပ်ပြင်းတဲ့အဏ္ဏဝါအမျိုးအစားဖြစ်ပါတယ်။ Fire Coral ကို ရေအနက်အောက်မှာတွေ့နိုင်သလို ကမ်းခြေတစ်လျှောက်မှာလည်းတွေ့နိုင်ပြီးတော့ တစ်ခါတရံမှာ သာမန်ကျောက်ခက်တွေကြားမှာ ပုန်းအောင်းနေတတ်ပါတယ်။ အကယ်၍ မတော်တဆ Fire Coral ကို ပွတ်တိုက်မိတဲ့အခါ (သို့) ထိမိခဲ့ရင် သူက ချက်ချင်းပဲ အဆိပ်ကို ပစ်လွှတ်မှာဖြစ်ပြီး မိမိကို မီးနဲ့ ထိသလိုမျိုး အချိန်တိုအတွင်းမှာ နာကျင်စေမှာပါ။ Fire Coral ရဲ့ အဆိပ်က Portuguese man o’ war လောက်တော့ မပြင်းပေမယ့် ထိမိတဲ့အခါ ရုတ်တရက်ထိတ်လန့်စေခြင်း (သို့) နာကျင်ခြင်းက ရေငုတ်နေတဲ့သူတွေကို ရေနစ်စေနိုင်ပါတယ်။ သံပခြုပ်တွေကလည်း နောက်ထပ် ရှောင်ရှားသင့်တဲ့ အဏ္ဏဝါတစ်မျိုးဖြစ်ပါတယ်။ သံပခြုပ်မှာ ဆူးတောင်ရှည် သံပခြုပ် နဲ့ ဆူးတောင်တို သံပခြုပ်ဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ ဆူးတောင်ရှည်သံပခြုပ်တွေက များသောအားဖြင့် အဆိပ်မရှိပေမယ့် သူတို့ရဲ့ ရှည်လျားတဲ့ ဆူးတောင်တွေက ထိမိရင်တော့ ထိခိုက် နာကျင်စေနိုင်ပါတယ်။ အချို့သော ဆူးတောင်တို သံပခြုပ်တွေကတော့ သူတို့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဆိပ်ရှိတဲ့ ဆူးတောင်တွေရှိနေပြီးတော့ သူတို့ရဲ့ ဆူးတောင်ထိပ်မှာရှိတဲ့ အိတ်လေးတွေကနေ အဆိပ်တွေကို ပစ်လွှတ်တတ်ပါတယ်။ အဆိပ်ကို ဓါတ်မတည့်တဲ့သူတွေအတွက်ဆိုရင် အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။

အပူရှပ်ခြင်း

လူအများစုကတော့ ကမ်းခြေမှာ ပင်လယ်ရဲ့ အေးမြတဲ့လေညှင်းကြောင့် အပူရှပ်ခြင်းရဲ့ အန္တရာယ်ကို ဂရုမပြုမိတတ်ပါဘူး။ ဒါပေမယ့် နေရောင်အောက်မှာ တိုက်ရိုက်ထိတွေ့မှုရှိနေခြင်း (သို့) လေဝင်လေထွက်မကောင်းတဲ့နေရာမှာ ရှိနေခြင်းတို့က အပူရှပ်စေနိုင်ပါတယ်။ ယခုဖြစ်စဉ်မှာ လူတိုင်းနီးပါးဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုဖြစ်ခြင်းအကြောင်းအရင်းကလည်း ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန်နဲ့ ပြင်ပအပူချိန်ကို မျှတစွာမထိန်းညှိပေးနိုင်တဲ့အခြေအနေမျိုးမှာ ဖြစ်ပွားနိုင်ပါတယ်။ အပူရှပ်ခြင်းဝေဒနာကို သတိထားသင့်တဲ့လူများမှာ အသက်ကြီးပိုင်းလူများ၊ နာတာရှည်ရောဂါရှိသူများနဲ့ ကလေးသူငယ်များပါဝင်ပြီး ကြွက်သားအကြောအချင်ပြေပျောက်ဆေးနှင့် အိပ်ဆေးမှီဝဲနေကြသူများပဲဖြစ်ပါတယ်။ အပူရှပ်ခြင်းမဖြစ်ခင် ကြိုတင်ပြသတဲ့ရောဂါလက္ခဏာများမှာ သာမန်အပူချိန်မှာ ၄၁ဒီဂရီ စင်တီဂရိတ်အထိမြင့်တက်လာခြင်း၊ အချို့လူနာများမှာ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ သွေးဖိအားကျဆင်းခြင်း၊ တွေဝေခြင်း နဲ့ အချို့ကိစ္စရပ်တွေမှာ အသိစိတ်ပျောက်ဆုံးခြင်းများထိ ကြုံတွေ့ရနိုင်ပါတယ်။

ရေနစ်ခြင်း

များသောအားဖြင့် ကလေးသူငယ်များနှင့် မွေးကင်းစအရွယ်လေးတွေမှာ ရေနစ်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆတစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် ရေထဲမှာ ပျော်ပျော်ပါးပါးရေကူးနေရင်း (သို့) ဆော့ကစားရင်းနဲ့ ကမ်းခြေကနေ တဖြည်းဖြည်း အဝေးကိုရောက်သွားတယ်ဆိုတာကို သတိမေ့သွားတတ်ကြပါတယ်။ အချို့သော ရေကူးကျွမ်းကျင်တဲ့ လူကြီးတွေတောင်မှ ခြေထောက်ကြွက်တက်ခြင်း (သို့) နေရောင်အောက်မှာ အချိန်ကြာမြင့်စွာရေကစားနေလိုက်မယ်ဆိုရင် အခုလိုမျိုး အန္တရာယ်များတဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေတွေ ကြုံတွေ့ရနိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း နှင့် အရေးပေါ်ကုသနည်းများ

ပင်လယ်လှိုင်းမူးခြင်းနှင့် မူးဝေအော့အန်ခြင်း

  • အစာအိမ်ကို အလွတ်မထားပါနဲ့။ ခရီးမသွားခင်အစားစားတာက Motion Sickness ကို ဖြစ်စေတယ်ဆိုတာက မှားယွင်းနေတဲ့ အယူအဆတစ်ခုပဲဖြစ်ပါတယ်။ အမှန်ကတော့ သင့်အစာအိမ်မှာ ဘာမှမရှိလေ၊ ပင်လယ်လှိုင်းမူးခြင်းကို ပိုပြီး မြန်မြန်ဆန်ဆန်ခံစားရလေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပင်လယ်ထဲမဆင်းခင် (သို့) လှေမစီးခင်မှာ ပုံမှန်အတိုင်းပဲ အစားအစာများကို ဝဝလင်လင်စားသုံးသင့်ပါတယ်။ ဖြည်းဖြည်းနှင့်မှန်မှန်စားပြီး လှေပေါ်မတက်ခင်မှာ မိနစ် ၃၀ လောက် အစာချေရန်အတွက် ခဏအချိန်ယူလိုက်ပါ။
  • လှေစီးတဲ့အခါ လှေရဲ့ အလယ်ပိုင်းထိုင်ခုံကိုနေရာယူပါ။ လေဝင်လေထွက်ကောင်းမွန်တဲ့နေရာလည်းဖြစ်ဖို့လိုအပ်ပါတယ်။ အဝေးကိုငေးကြည့်ပြီးတော့ လှိုင်းတွေကို ကြည့်ခြင်းကို ရှောင်ကြဉ်ပါ။ နောက်ပြီး စာအုပ်ဖတ်ခြင်းနှင့် ဖုန်းသုံးနေခြင်းများ မပြုလုပ်ပါနှင့်။ ဒီလိုပြုလုပ်ခြင်းက မြန်မြန်ဆန်ဆန်နှင့် ပင်လယ်လှိုင်းမှုးပြီး အော့အန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
  • အကယ်၍ ပင်လယ်လှိုင်းမူးတတ်တဲ့သူတွေ မိမိနဲ့ အတူလိုက်ပါလာခဲ့ရင် လှေမစီးခင်မှာ နာရီဝက်ခန့်ကြိုတင်ပြီးတော့ Motion Sickness မဖြစ်အောင် လှိုင်းမူး ပျောက်ဆေးကြိုတင်မှီဝဲထားလို့ရပါတယ်။ ဒီလိုလုပ်ခြင်းက ဆေးအာနိသင်ပြစေဖို့အတွက် အချိန်အလုံအလောက်ရရှိစေမှာဖြစ်ပြီး လှိုင်းမူး ခြင်းကို စတင်ခံစားခဲ့ရရင်လည်း သက်သာစေမှာဖြစ်ပါတယ်။
  • ပင်လယ်လှိုင်းမူးခြင်းဖြစ်ရခြင်းအကြောင်းကို ကျွမ်းကျင်တတ်မြောက်တဲ့ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး အဖြေရှာပါ။ အဓိကဖြစ်ရခြင်းအကြောင်းအရင်းကို အာရုံကြောဆိုင်ရာ အဖွဲ့အစည်းရဲ့ ညီမျှအောင် မထိမ်းသိမ်းနိုင်မှု ဒါမှမဟုတ် ယိုယွင်းပျက်စီးမှု ကြောင့် ဖြစ်တာဆိုရင် သေချာစွာကုသမှုခံယူဖို့ လိုအပ်ပါတယ်။

အန္တရာယ်ရှိ အဏ္ဏဝါသတ္တဝါများကြောင့် အဆိပ်မိခြင်း

  • အဆိပ်ရှိအဏ္ဏဝါသတ္တဝါများ တည်ရှိနေတဲ့နေရာများ (သို့) Portuguese man o’ war လို့ခေါ်တဲ့ Jelly Fish များ ထွက်ပေါ်နေသည်ဟု ထုတ်ပြန်ချက်များကြားထားရရင် ရေထဲဆင်းတဲ့အခါ အထူးသတိထားပေးပါ။ နေရာတစ်ခုကို မသွားခင်အချိန်ဆက်ကြားမှာ ခိုင်လုံတဲ့သတင်းအချက်အလက်များကို လိုက်နာပြီး ကြိုတင်ရှောင်ရှားခြင်းက အန္တရာယ်ကင်းဘေးရှင်းပြီး ခရီးစဉ်မှာ သက်သောင့်သက်သာအနားယူနိုင်မှာဖြစ်ပါတယ်။
  • အဆိပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပင်လယ်နေ အဏ္ဏဝါသတ္တဝါများကို ခြေထောက်နဲ့ ကန်ခြင်း၊ ထိခြင်း၊ တွန်းခြင်းများမပြုလုပ်ရပါ။
  • အကယ်၍ သင့်ကို Jelly Fish (သို့) Fire Coral က ကိုက်လိုက်ပြီဆိုရင် ရေထဲကနေ မြန်နိုင်သမျှ အမြန်ဆုံးထွက်ပြီ ထိခိုက်သွားတဲ့အနာ နေရာတစ်ဝိုက်ကို ပင်လယ်ရေ (သို့) ရှာလကာရည်တို့ နဲ့ ချက်ချင်းဆေးကြောပါ။ ရေသန့်ကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရပါမယ်။ အကယ်၍ အဏ္ဏဝါသတ္တဝါရဲ့ အစိတ်အပိုင်းတစ်ခုခုကပ်ညှိနေခဲ့ရင်လည်း လက်ဗလာနဲ့ ဖယ်ရှားဖို့ မကြိုးစားပါနဲ့။ လက်နှင့် တိုက်ရိုက်ကိုင်တွယ်ခြင်းမပြုလုပ်ပဲ အဝတ်စ (သို့) သစ်သားချောင်းကို အသုံးပြုပြီး ဖယ်ရှားပါ။ သင့်တော်တဲ့ဆေးကုသမှု နဲ့ ရလာတဲ့အနာမှတစ်ဆင့် ကူးစက်ခြင်းမခံရလေအောင် အရေးပေါ်ကုသပေးနိုင်တဲ့ဆရာဝန်ကို ချက်ချင်းရှာဖွေပါ။
  • အကယ်၍ သံပခြုပ်ရဲ့ ဆူးတောင်တွေက အနာထဲကို ဝင်ရောက်နေခဲ့ပြီး ဖယ်ရှားလို့ မရဘူးဆိုရင် ရေပုလင်း၊ သစ်သားစ (သို့) ကျောက်တုန်းတစ်ခုခုကို အသုံးပြုပြီး ထိခိုက်မိတဲ့နေရာမှာ နစ်ဝင်နေတဲ့ဆူးတောင်တွေကို ထုချေပစ်ပါ။ အဲဒါဆိုရင် နာကျင်မှုများ လျော့နည်းသွားပါလိမ့်မယ်။ သို့သော် ယင်းနာကျင်မှုက မပျောက်သွားပဲနဲ့ ပိုပြီးနေရာကျယ်ပြန့်လာတယ်ဆိုရင်တော့ ဆေးရုံကို အမြန်ဆုံးသွားရောက်အရေးပေါ်ကုသမှုကိုခံယူရပါမယ်။

အပူရှပ်ခြင်း

  • ရေကို ဝဝလင်လင်သောက်သုံးပါ – အနည်းဆုံး တစ်နေ့ကို ၂ လီတာခန့်။
  • ပူပြင်းလွန်းတဲ့နေရောင်ခြည်အောက် (သို့) အလွန်ပူပြင်းတဲ့အချိန်နာရီမျိုးမှာ ရေကူးခြင်းကို ရှောင်ကြဉ်ပါ။
  • နေ့ခင်းအပြင်ထွက် လမ်းထွက်လျှောက်တိုင်း ဦးထုတ်အမြဲဆောင်းပါ။
  • အရက်သောက်ခြင်းနဲ့ အခြားသော ဆေးဝါးများသောက်သုံးခြင်းတို့ ရှောင်ရှားပါ။ အကယ်၍ နာတာရှည်ရောဂါကို ခံစားနေရတဲ့သူဆိုရင် ခရီးမသွားခင် ဒီခရီးကိုသွားသင့်၊ မသွားသင့် သင်၏မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါ။
  • အပူရှပ်ခြင်းကို ခံစားနေရတဲ့သူတစ်ယောက်ကို ကူညီမယ်ဆိုရင် ထိုသူကို အရိပ်ထဲသို့ ချက်ချင်းခေါ်သွားပါ။ သူရဲ့ ခြေထောက်ထဲက သွေးကြောတွေ မြန်မြန်ဆန်ဆန်လည်ပတ်စေဖို့အတွက် အပေါ်ကို မြောက်ထားပေးလိုက်ပါ။ ခန္ဓာကိုယ်ကို ရေအေးနဲ့ ဆေးကြောပေးပြီး ကိုယ်အပူရှိန်ကျအောင် ပန်ကာကို အသုံးပြုပေးပါ။ အားလုံးလုပ်ဆောင်ပြီးသွားခဲ့ရင်တော့ ပညာရှင်တွေရဲ့ အကူအညီရယူဖို့အတွက် ဆေးရုံကို ပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်။

ရေနစ်ခြင်း

  • အပြည့်အဝအနားယူပါ၊ အရက်သေစာသောက်သုံးခြင်းမပြုပါနဲ့။ အထူးသတိထားဖို့က ရေထဲမဆင်းခင် အစာအများကြီးမစားမိဖို့ပါ။ ထိုသို့ပြုလုပ်ခြင်းက အစာမကြေခြင်း တို့ဖြစ်စေနိုင်ပြီး မတော်တဆ ရေနစ်နိုင်ပါတယ်။
  • အကယ်၍ သင့်ကို အန္တရာယ်ရှိတဲ့ နေရာဖြစ်ကြောင်းအချက်ပြခြင်း၊ အနီရောင်အလံပြထားခြင်း (သို့) လှိုင်းတွေက ပုံမှန်ထက်ရိုက်ခတ်နှုန်းများနေသည် အစရှိသည့် သတိပေးချက်များကို လျစ်လှူရှုခြင်း (သို့) ကိုယ့်စိတ်အလိုအကျ ရေကူးနိုင်သည်ဟု မတွေးလိုက်ပါနှင့်။
  • အကယ်၍ သင်ဟာ ရေမကူးတတ်ဘူးဆိုရင် အသက်ကယ်အကျီ (သို့) ရာဘာဘောကွင်းများ ဝတ်ဆင်ခြင်းတို့ ဝတ်ဆင်ထားရမှာဖြစ်ပြီး ပင်လယ်ရေထဲမှာတစ်ယောက်ထဲမနေသင့်ပါဘူး။
  • High-Speed boats များနှင့် Jet Skis များ မောင်းနှင်နေတဲ့နေရာများမှာ ရေကူးခြင်း၊ ရေကစားခြင်းတို့ မပြုလုပ်ပါနဲ့။
  • အကယ်၍ ပင်လယ်အောက်ရေငုတ်တော့မယ်ဆိုရင် ရာသီဥတုသတင်းပေးချက်ကို ကြိုတင်စစ်ဆေးပြီးမှ ရေငုတ်မယ့်နေရာရဲ့ စည်းမျဉ်းစည်းကမ်းများ အပြည့်အစုံဖတ်ပြီး သေချာစွာလိုက်နာဖို့လိုအပ်ပါတယ်။
  • အကယ်၍ ရေလှိုင်းများ (သို့) လေတိုက်ပြီး သင့်ကို ကမ်းစပ်နားကနေ အဝေးကို ဆွဲခေါ်သွားရင် သင့်လက်နှစ်ဖက်နှင့် ဝေ့ယမ်းပြီး အနီးနားပတ်ဝန်းကျင်မှာလူများကြားသည်အထိ အော်ဟစ်ပြီး အကူအညီလှမ်းတောင်းပါ၊ ပြီးရင်တော့ အကူအညီရောက်လာတဲ့အထိ နောက်ကျောကို အသုံးပြုပြီး ရေပေါ်မှာပေါ်နေအောင်နေပါ။ ရေစီးကို ကျော်လွန်ပြီး ရေကူးဖို့မကြိုးစားပါနဲ့။ ပိုပြီး ပင်ပန်းစေပါလိမ့်မယ်။
  • အကယ်၍ တစ်ယောက်ယောက်ရေနစ်နေတာကို တွေ့ရှိခဲ့ရင်လည်း အကူအညီအော်ဟစ်တောင်းခံတာ (သို့) ကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်ပါ။

ရေနစ်နေတဲ့ ကလေးငယ်များအတွက် ကယ်ဆယ်ရေး နှင့် အရေးပေါ်ကုသခြင်း

  • အကယ်၍ကလေးငယ်တစ်ယောက် ရေနစ်နေတယ်ဆိုရင် အကူအညီကို ၄ မိနစ်အတွင်း ပေးဖို့ လိုအပ်မှာဖြစ်ပြီး ခန္ဓာကိုယ်က အောက်ဆီဂျင်ပြတ်ပြီး နှလုံးမရပ်ခင် ကုသဖို့လိုအပ်ပါတယ်။
  • အကယ်၍ ကလေးငယ်က အသိစိတ်ရှိနေသေးတယ်၊ ဆေးရုံကို တတ်နိုင်သမျှ အမြန်ဆုံးပို့ဆောင်ဖို့ လိုအပ်ပါတယ်။

အကယ်၍ ကလေးငယ်က အသိစိတ်မရှိတော့ရင် သူတို့ရဲ့ သွေးခုန်နှုန်းကို ၁၀ စက္ကန့်အတွင်း စစ်ဆေးပါ။

  • ရေနစ်နေတဲ့ကလေးငယ်ရဲ့ အသက်ရှုခံနှုန်းရှိ မရှိစမ်းသပ်ပါ။
    • နုလုံးခုန်နှုန်းကြားနေရသေးရင် နှလုံးခုန်နှုန်း ရပ်တန့်မသွားစေဖို့အတွက် အမြန်ဆုံး CPR (Cardiopulmonary Resuscitation) လို့ခေါ်တဲ့ ပါးစပ်ချင်း တေ့၍ လေမှုတ်သွင်းခြင်းကို တစ်လှည့်စီလုပ်သော ရှေးဦးသူနာ ပြုစုနည်းကိုပြုလုပ်ပါ။ သုံးစက္ကန့်တိုင်း လေမှုတ်သွင်းပေးပါ။ ပြီးနောက် အသက်ရှုနှုန်းက အကြိမ်ရေ ၆ဝထက်လျော့နည်းနေရင်တော့ ရင်ဘက်အလည်တည့်တည့်ကို လက်နှစ်ဖက်ဖြင့်ဖိ နှိပ်ပေးဖို့လိုအပ်ပါတယ်။
    • ပါးစပ်ချင်း တေ့၍ လေမှုတ်သွင်းခြင်း ရသော ရှေးဦးသူနာ ပြုစုနည်းဖြင့် ကလေးငယ်ရဲ့ လေပြွန် လမ်းကြောင်းကို ရှင်းလင်းအောင်လုပ်ပီးမှ ပေးပါ။ ကလေးငယ် ဟာ ကျောဖက်ပေါ်မှာ လှဲလျောင်းနေတဲ့ ခန္ဓာကိုယ်အနေအထားဖြစ်နေဖို့ လိုအပ်ပါတယ်။ သင့်လက်ကို နဖူးပေါ်ကိုတင်ပြီးတော့ ခေါင်းကို အနောက်ဖက်ကို ဖြည်းဖြည်းချင်းလှည့် လှန်တင်ပါ။ မေးစေ့ကို နောက်လက်တစ်ဖက်နဲ့ အပေါ်ကို မတင်ပါ။ သင့်လက်ညိုးနဲ့ လက်မကို အသုံးပြုပြီး ကလေးငယ်ရဲ့ နှာခေါင်းကို ပိတ်လိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ ကလေးငယ်ရဲ့ ပါးစပ်ကို သင့်ရဲ့ပါးစပ်နဲ့ တေ့ပြီးတော့ ကလေးငယ်ရဲ့ အဆုတ်ထဲမှာ လေပြည့်သွားတဲ့အထိ လေကိုမှုတ်သွင်းပါ။ သင့် လေမှုတ်သွင်းတဲ့အကြိမ်တိုင်းမှာ ကလေးငယ်ရဲ့ ရင်ဘတ်ဖောင်းလာတာကို တွေ့ရမှာပါ။
    • အခုလိုပြုလုပ်ခြင်းက ၁ မိနစ်တိုင်း အကြိမ် ၂၀ ပြုလုပ်ပါ (သို့) ကလေးငယ်ရဲ့ ပါးစပ်ကနေ ၃ စက္ကန့်တစ်ခါ လေမှုတ်သွင်းပါ)
  • တကယ်လို့ သွေးခုန်နှုန်းမရှိတော့ပဲ နှလုံးခုန်ရပ်သွားခဲ့ရင် ရင်ဘတ်ကို ဖိခြင်းဖြင့် အသက်ရှုစေသောနည်းလမ်းကို ချက်ချင်းဆောင်ရွက်ရပါမယ်။
    • ကလေးငယ်ရဲ့ သားမြတ်ခေါင်း (နို့သီးခေါင်း) ၂ ခုကြားကနေ လက်တစ်ချောင်းစာအကျယ်ရှိတဲ့ ရင်ဘတ်ရဲ့ အလည်တည့်တည့်နေရာကို လက်ဖဝါးနှစ်ဖက်ဖိခြင်းဖြင့် နှလုံးခုန်အောင်ပြုလုပ်ရမှာဖြစ်ပါတယ်။
    • အသက်အနည်းငယ်ကြီးပြီဖြစ်တဲ့ ကလေးတွေမှာတော့ လက်ဖနောင့်ကို အသုံးပြုပြီး ရင်ဘတ်ကို ဖိနိုင်ပြီးတော့ ကလေးငယ်တွေမှာတော့ လက်ချောင်း ၂ ချောင်းကိုပဲ အသုံးပြုပေးပါ။
    • ကလေးငယ်ရဲ့ ရင်ဘတ်ကို ဖိချပါ – အဲ့ဒီအတွက် ရင်ဘတ်ရဲ့ အမြင့်ထက် ၃ ပုံ ၁ ပုံ မှစ၍ တစ်ဝက်အထိ ဖိချပေးပါ။။ ( ၁လက်မခွဲမှ ၂ လက်မ ခန့်)
    • ဖိချတဲ့အကြိမ်ရေအတွက်မှာ သင်က တစ်ယောက်ထဲ CPR ပြုလုပ်နေပြီး ကူညီသူမရှိရင် အကြိမ် ၃၀ ခန့် ရင်ဘတ်ကို ဖိပြီး ၂ ကြိမ် အသက်ရှုသွင်းပေးပါ။ အကယ်၍သာ အသက်ကယ်ဆယ်ရေးအတွက် လူနှစ်ယာက်က CPR ကို ပြုလုပ်ပေးနေခဲ့ရင် ၁၅ ကြိမ် ရင်ဘတ်ကို ဖိပြီး ၂ ကြိမ်အသက်ရှုသွင်းပေးရပါမယ်။ အဲ့ဒီနောက်မှာတော့ ကူညီတဲ့သူနဲ့ နေရာလဲပါ။
  • ကလေးငယ်ရဲ့ သွေးခုန်နှုန်းနဲ့ အသက်ရူနှုန်းကို ၂ မိနစ်တစ်ကြိမ် စစ်ဆေးပါ။
  • အခုလိုမျိုး ရင်ဘတ်ကို ဖိနှိပ်ခြင်း နဲ့ အသက်ရှုသွင်းခြင်းကို အရေးပေါ်အဖွဲ့မရောက်လာခင် အချိန်အတောအတွင်း (သို့) ဆေးရုံရောက်တဲ့အထိ ပြုလုပ်ပေးပါ။

အကယ်၍ သင်က ပင်လယ်ကမ်းခြေသွားရောက်၍ခရီးထွက်သင့်တဲ့အချိန်အခါရောက်လာတိုင်း အပေါ်မှာပြောခဲ့တဲ့အတိုင်း ကြိုတင်ပြင်ဆင်မှုများနဲ့ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စရပ်များကို လေ့လာသိရှိထားမယ်ဆိုရင် သင့်ရဲ့ ပင်လယ်ကမ်းခြေခရီးစဉ်ဟာ ပိုပြီး ပျော်ဖို့ကောင်းနေမှာဖြစ်ပြီး ပျော်ဖို့အင်မတန်ကောင်းတဲ့အမှတ်တရတွေဖန်တီးရင်း အနားယူနိုင်မှာပဲဖြစ်ပါတယ်။

 

ပိုမိုသိရှိလိုပါကမေးမြန်းနိုင်ပါသည်။

Please complete the form below and we'll get back to you within 48 hours with a response

Rate This Article

User rating: 5 out of 5 with 2 ratings

Recommended Doctor

Theera Suriyawongse, M.D. Summary: Surgery Surgery