Share the message

ဆေးလိပ်ဆိုးကျိုး ဤငါးမျိုး

အနှစ်ချုပ်

  • စီးကရက်မီးခိုးငွေ့မှာတွေ့ရတဲ့ ဓာတုအဆိပ်ငွေ့တွေဟာ ရင်သားကင်ဆာ၊ အစာရေမြိုကင်ဆာ၊ အစာအိမ်ကင်ဆာ နဲ့ အူမကြီးကင်ဆာ စတဲ့ ကင်ဆာအမျိုးမျိုး ဖြစ်လာနိုင်ခြေကို တိုးမြင့်စေ ပါတယ်။
  • တစ်နေ့ကို စီးကရက် နည်းနည်း သောက်ခြင်းဟာ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်စေဖို့ လုံလောက်ပါတယ်။ နှလုံးရောဂါနဲ့ သေဆုံးရသူတွေထဲက ၂၀% ဟာ ဆေးလိပ်သောက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
  • တစ်နေ့ တစ်ဘူး နဲ့ နှစ်ပေါင်း ၃၀၊ ဒါမှမဟုတ် တစ်နေ့ နှစ်ဘူး နဲ့ ၁၅ နှစ် သောက်ခဲ့သူ ဆိုရင်တော့ အဆုတ်ကင်ဆာစစ်ဆေးဖို့ ကြိုတင်စာရင်းသာ ပေးထားလိုက်ပေတော့။ အဆုတ်ကင်ဆာကို စောစောသိတော့ စောစောကုနိုင်ပြီး ပျောက်ကင်းအောင် လုပ်ပေးလို့ ရတာပေါ့။

 

 

 

စီးကရက်မှာ အန္တရာယ်ဖြစ်နိုင်တဲ့ ဓာတုပစ္စည်းပေါင်း ၄၀၀၀ ကျော် ပါဝင်ပြီး အဲဒီအထဲက ၆၀ ကျော်ဟာ ကင်ဆာဖြစ်စေပါတယ်။ စီးကရက်များများသောက်တဲ့သူ၊ စီးကရက်ကို နှစ်ရှည်လများ သောက်တဲ့သူ တွေဟာ သေလောက်တဲ့ ရောဂါတွေဖြစ်တဲ့ ကင်ဆာ၊ အဆုတ်လေအိတ်တွေ ပျက်စီးတဲ့ရောဂါ၊ နမိုးနီးယား၊ နှလုံးသွေးကြောပိတ်တဲ့ရောဂါ နဲ့ ဆီးချို စတဲ့ ရောဂါတွေ ဖြစ်ဖို့ အခွင့်အလမ်းတွေ ပိုများပါတယ်။

ကင်ဆာ

စာရင်းဇယားတွေအရ အဆုတ်ကင်ဆာဟာ ထိုင်းလူမျိုး အမျိုးသားတွေမှာ ဒုတိယ အဖြစ်အများဆုံး နဲ့ ထိုင်းအမျိုးသမီးတွေမှာ စတုတ္ထ အဖြစ်အများဆုံး အဆင့်မှာ ရှိနေတာကို တွေ့ရပါတယ်။ အဆုတ်ကင်ဆာဟာ အဆုတ်ကတစ်ဆင့် အခြားအရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတွေကို ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားစေပြီး အသက်ဆုံးရှုံးမှုတွေ အလွန်များပြားတာမို့လို့ ဒီကင်ဆာကို ကင်ဆာရောဂါဖြစ်ခြင်းရဲ့ ပင်မအကြောင်းတရားကြီးအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဆေးလိပ်သောက်ခြင်းကတော့ အဆုတ်ကင်ဆာရဲ့ ရေသောက်မြစ်ပေါ့။
ဒါ့အပြင် စီးကရက်မီးခိုးငွေ့မှာတွေ့ရတဲ့ ဓာတုအဆိပ်ငွေ့တွေဟာ ရင်သားကင်ဆာ၊ အစာရေမြိုကင်ဆာ၊ အစာအိမ်ကင်ဆာ နဲ့ အူမကြီးကင်ဆာ စတဲ့ ကင်ဆာအမျိုးမျိုး ဖြစ်လာနိုင်ခြေကိုလည်း တိုးမြင့်စေပါတယ်။

ဒီလို အန္တရာယ်များတာကြောင့် တစ်နေ့ စီးကရက် နှစ်ဘူးနှုန်းနဲ့ ၁၅ နှစ် လောက် သောက်ထားတဲ့သူဆိုရင် ရင်ဘတ်ဓာတ်မှန် နဲ့ low-dose CT ရိုက်ကြည့်ပြီး အဆုတ်ကင်ဆာ ဖြစ်နေပြီလားဆိုတာကို စစ်ဆေးကြည့် သင့်ပါတယ်။ ကင်ဆာကို အစောပိုင်းအဆင့်မှာ သိရတယ်ဆိုရင် လုံး၀ပျောက်ကင်းသွားအောင် ကုသလို့ ရနိုင်ပါသေးတယ်။

 

အဆုတ်လေအိတ်များပျက်စီးသည့်ရောဂါ

အဆုတ်မှာ လေအိတ်သေးသေးလေးတွေ သန်းပေါင်းများစွာပါဝင်ပြီးတော့ အောက်ဆီဂျင်ကို သန့်စင် ပေးပြီး သွေးထဲကို ပို့ဆောင်ပေးတဲ့ တာဝန်ကို ဆောင်ရွက်ကြပါတယ်။ ဆေးလိပ်ကို ရေရှည်သောက်တဲ့သူ ဆိုရင် ဆေးလိပ်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက အဲဒီ လေအိတ်ကလေးကတွေကို ကြီးမာဖောင်းပွရောင်ရမ်းပြီး ပျက်စီးစေပါတယ်။ ဒီလိုဖြစ်လာရင် လေအိတ်လေးတွေဟာ အောက်ဆီဂျင်ကို စစ်ထုတ်ပေးတာတို့ သယ်ပို့ပေးတာတို့ မလုပ်နိုင်တော့ဘဲ လူမှာ အောက်ဆီဂျင်မလုံလောက်မှု နဲ့ အသက်ရှု မဝတာတွေ ဖြစ်လာပါတယ်။
လူတစ်ယောက်ဟာ ဒီလိုဖြစ်နေပြီဆိုရင် နှလုံးအောင့်ခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ သူတို့ရဲ့ နေ့စဉ်ဘဝကိုလည်း ထိခိုက်လာပါတယ်။ ပြင်းထန်တဲ့ အဆုတ်လေအိတ်ရောင်ရမ်းတဲ့ရောဂါဟာလည်း ဖြစ်နေတဲ့သူကို အတော် ခံရစေပါတယ်။ အသက်ရှူရခက်လို့ လွန်စွာ မောပန်းပြီး အိပ်ရာထဲလဲတဲ့အထိ ဖြစ်စေပါတယ်။ တစ်ချို့ဆို အောက်ဆီဂျင် ကို တောက်လျှောက် ပေးထားရပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေ အသက်ရှူရခက်လာပြီ၊ အသက်ရှူမ၀ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး အခြေအနေ ပိုဆိုးမသွားခင် ကုသမှု ခံယူသင့်ပါတယ်။

 

 နမိုးနီးယား

အဆုတ်တွေရောင်ရမ်းရာကတစ်ဆင့် နမိုးနီးယားဖြစ်လာပါတယ်။ ရောင်ရမ်းရတဲ့ အရင်းအမြစ်ကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား နဲ့ မှိုပေါက်ပွားမှုတွေကြောင့်ဖြစ်နိုင်တဲ့အပြင် အန္တရာယ် ရှိတဲ့ အရာတွေဖြစ်တဲ့ ဖုန် တို့၊ အခြား ဓာတုပစ္စည်းတွေ အထူးသဖြင့် စီးကရက်အငွေ့တွေကို အသက်ရှူလမ်းကြောင်း တစ်လျှောက် ရှိုက်သွင်း ရှူထုတ်လုပ်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာကတော့ အသက်ရှူရခက်ခဲခြင်းနဲ့ ရင်ကြပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ တစ်ချို့က အစပိုင်းမှာ အဖျားလေး နည်းနည်း ရှိပြီး အအေးမိသလိုလို၊ ခေါင်းကိုက်သလိုလို၊ ချမ်းစိမ့်စိမ့်နဲ့ ချောင်းဆိုး လည်ချောင်းနာ စတာတွေက စ တာပါပဲ။ နည်းနည်း ပြင်းလာရင်တော့ ရင်ဘတ်တွေအောင့်မယ်၊ အသက်ရှူမမှန်ဖြစ်မယ်၊ ချောင်းတအားဆိုးပြီး သလိပ်ထဲမှာ သွေးတွေ ပါလာမှာပဲ ဖြစ်ပါတယ်။

နမိုးနီးယားဟာ တကယ်တော့ မွေးကင်းစကလေးလေးတွေ၊ အသက်ကြီးတဲ့ လူကြီးပိုင်းတွေနဲ့ ကိုယ်ခံအား နည်းတဲ့သူတွေမှာ ဖြစ်တာများပါတယ်။ ပြင်းထန်နမိုးနီးယားဆိုရင်တော့ အသက်အန္တရာယ် ရှိပါတယ်။ အဲဒီလိုလူမျိုးတွေဆိုရင်တော့ ဆေးလိပ်သောက်တာကို အထူးရှောင်ရှားရမှာဖြစ်ပါတယ်။ passive smoking လို့ခေါ်တဲ့ တစ်ဆင့်ခံဆေးလိပ်သောက်ခြင်း / ဆေးလိပ်ငွေ့ရှူမိခြင်း တွေလည်း ပါ ပါတယ်။

နှလုံးသွေးကြောပိတ်ခြင်း

စီးကရက်မီးခိုးထဲမှာပါတဲ့ အဆိပ်ဓာတ်တွေဟာ နှလုံးခုန်မူမမှန်မှုကို ဖြစ်စေပြီးတော့ နောက်ပိုင်းမှာ နှလုံးသွေကြောကျဉ်းလာတဲ့ဘက်ကို ဦးတည်ပါတယ်။ ဆေးလိပ်ငွေ့ဟာ အားကစားလုပ်နေချိန်ဖြစ်ဖြစ် နားနေတဲ့အချိန်ပဲဖြစ်ဖြစ် နှလုံးခုန်နှုန်းကို မြန်စေပါတယ်။

တစ်နေ့ကို စီးကရက် နည်းနည်း သောက်ခြင်းဟာ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်စေဖို့ လုံလောက်ပါတယ်။ နှလုံးရောဂါနဲ့ သေဆုံးရသူတွေထဲက ၂၀% ဟာ ဆေးလိပ်သောက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ သန္ဓေတားဆေးတွေဘာတွေ သုံးစွဲနေတဲ့အမျိုးသမီးတွေဆိုရင် ဆေးလိပ်က ဆီးချိုဖြစ်စေဖို့ အားပေးပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ပြင်းထန်တဲ့ နှလုံးတိုက်ခိုက်ခံရမှုနှုန်းကိုလည်း မြင့်တက်စေပါတယ်။

ဆီးချို

Birmingham VA Medical Center, Alabama မှာ စေတနာ့ဝန်ထမ်း အဖွဲ့တစ်ဖွဲ့နဲ့ စမ်းသပ်မှုအရ ဆေးလိပ်သောက်သူ ၂၂% ဟာ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာကို တွေ့ရပါတယ်။ ဒါဟာ ဆီးချို ဖြစ်တော့မယ်လို့ သံချောင်းခေါက်လိုက်တာပါပဲ။ အဖွဲ့ရဲ့ ၁၇% ဟာ လုံး၀ ဆေးလိပ်မသောက်တတ်သူတွေ ပါ။ ဒါပေမယ့် ဆေးလိပ်သောက်သူတွေနဲ့ နီးနီးကပ်ကပ်နေလေ့ရှိကြပါတယ်တဲ့။ အဲဒီ အုပ်စုမှာလည်း အဆိုပါ လက္ခဏာတွေကို တွေ့ရပါတယ်တဲ့။ ဆေးလိပ် ဖြတ်ပြီးတဲ့သူတွေနဲ့ ဆေးလိပ် လုံး၀ မသောက်တတ်သူတွေကို နှိုင်းယှဉ်လေ့လာရာမှာတော့ ၁၄% နဲ့ ၁၁.၅% လောက်ပဲ ရှိကြပါသတဲ့။

ဒီသုတေသနဟာ ဘာကိုပြနေသလဲဆိုတော့ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း၊ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်း နဲ့ ဆီးချိုရောဂါတို့ရဲ့ ဆက်စပ်ပုံကို သိသာစေပါတယ်။ ဒါ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဆေးလိပ်ငွေ့ဟာ ပန်ခရိယမှာ သွား စု နေပြီးတော့ ပန်ခရိယရဲ့ လုပ်ငန်းဆောင်တာတွေကို ကျဆင်းစေပါတယ်။ အကျိုးဆက်ကတော့ ဆီးချိုဖြစ်တာပါပဲ။

ဒါ့အပြင် ဆီးချိုဝေဒနာရှင်တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ ခက်ခဲတာကိုလည်း တွေ့ရပါတယ်။ ဆေးလိပ်မသောက်တတ်သူတွေနဲ့ ယှဉ်လိုက်ရင် အင်ဆူလင်အသုံးပြုရာမှာလည်း ပြဿနာလေးတွေ ရှိနေတတ်ပါတယ်။ နောက်ပြီးတော့ အခြား အန္တရာယ်တွေဖြစ်တဲ့ ကျောက်ကပ်ရောဂါ၊ ထိသိနာဗ်ကြောတွေကို ထိခိုက်တဲ့ အာရုံကြောရောဂါ၊ ဆီးချိုကြောင့် မျက်လုံးကွယ်ခြင်း စ တာတွေလည်း အမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဆရာဝန်တွေက ဆီးချိုသမားကို ဆေးလိပ်ဖြတ်ခိုင်းခြင်း၊ အဆီနည်းတဲ့ အစားအစာတွေပဲ စားခိုင်းခြင်း၊ လေ့ကျင့်ခန်း များများလုပ်ခိုင်းခြင်း၊ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို သောက်ခိုင်းခြင်း၊ ဆေးခန်းမှန်မှန်ပြခိုင်းခြင်း စတာတွေလုပ်ခိုင်းပြီး အသက်အန္တရာယ် ထိခိုက်မှု ဖြစ်လာနိုင်ခြေများကနေ လျှော့ချပေးနေတာပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့်ပြောရရင်တော့ သေလောက်တဲ့ရောဂါမှန်သမျှဟာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်ပါတယ်။ ဖော်ပြခဲ့တဲ့ ရောဂါ ငါးမျိုးအပြင် ခံတွင်းရောဂါ၊ သွားတွေပျက်စီးတာ၊ ပါးစပ်နံတာ၊ ကိုယ်နံ့ဆိုးတာ၊ gold finger လို့ခေါ်တဲ့ လက်ချောင်းတွေမှာ အဝါရောင်တွေ စွဲနေတာ၊ ပါးရေနားရေ တွန့်တာ၊ အရွယ်မတိုင်မီအိုမင်းတာ.. စသည့်ဖြင့် စုံလို့ပါပဲ။ ဒါတွေအကုန်လုံးဟာ ဆေးလိပ်သောက်သူတွေရဲ့ ဘဝအတွက် အနုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေပါပဲ။ ဒီရောဂါတွေ နဲ့ စိတ်ဓာတ်တွေကျပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ရောဂါအကြီးစားတွေနဲ့ ရင်ဆိုင်ရတော့မယ် ဆိုတာကို ပြောလိုက်ရပါပေရဲ့…

 

ပိုမိုသိရှိလိုပါကမေးမြန်းနိုင်ပါသည်။

Please complete the form below and we'll get back to you within 48 hours with a response

Rate This Article

User rating: 5 out of 5 with 1 ratings

Recommended Doctor

Suchat Jerajakwatana, M.D. Summary: Internal Medicine Internal Medicine