Share the message

ဂိမ်းစွဲ

အနှစ်ချုပ်

  • ဂိမ်းစွဲနေတဲ့ကလေး တွေမှာ attention deficit hyperactivity disorder (ADHD) လို့ခေါ်တဲ့ အာရုံစူးစိုက်နိုင်မှုအားနည်းပြီး အလွန်အမင်းစိတ်ကြွနေတဲ့ ဖောက်ပြန်မှု၊ စိတ်မငြိမ်မသက်လှုပ်ရှားမှု နဲ့ စိတ်ကျဝေဒနာတွေဟာ တခြား ဂိမ်းမကစားတဲ့ ကလေးတွေထက်ပိုပြီး ဖြစ်လာနိုင်ချေ များပါတယ်။
  • ကလေးတွေကို အချိန်ပိုပေးပါ။ ပြင်ပလှုပ်ရှားမှုတွေမှာ ပိုပြီး ပျော်ရွှင်အောင်လုပ်ပေးပါ။ ဒါမှ တစ်ယောက်ထဲ ပျင်းရိငြီးငွေ့နေလို့ ဂိမ်းကစားရင်း ဂိမ်းစွဲသွားတဲ့ အဖြစ်ကနေ လွတ်မြောက်မှာပါ။
  • မိဘတွေအနေနဲ့ ကလေး ဂိမ်းစွဲနေတာကို ဖြတ်လို့ရအောင်နည်းမျိုးစုံနဲ့ကြိုးစားပြီးလို့မှ မအောင်မြင်တဲ့ နောက် ကလေးကို စိတ်ရောဂါဆရာဝန်ဆီ ခေါ်သွားဖို့ပဲ ရှိပါတော့တယ်။ ဘာလို့ဆို သူ့မှာ စိတ်ပိုင်းဆိုင်ရာဖောက်ပြန်မှုတစ်ခုခု ဖြစ်နေတဲ့အဆင့်ကို ရောက်နေပြီမို့လို့ပဲ ဖြစ်ပါတယ်။

ဆွဲဆောင်မှုအားကောင်းတဲ့ မီဒီယာတွေဟာ ရုပ်ပုံလှလှတွေ၊ အရောင်တောက်တောက်ကလေးတွေ၊ အမိုက်စားအသံ ဖန်တီးချက်တွေနဲ့ ကလေးတွေကို ဖမ်းစားထားပြီး အဲဒီထဲက အပြုအမူတွေကို ခေါင်းထဲမှာ စွဲနေအာင် ကူးယူမှတ်သား ထားတာပဲဖြစ်ပါတယ်။ အဲဒီကမ္ဘာအတုထဲမှာ နေ့စဉ်နဲ့အမျှ ကျင်လည်ပြီး ပျော်ရွှင်နေမယ်၊ နှစ်သက်နေမယ်၊ ကျေနပ်နေမယ်၊ ကိုယ်ကိုယ်ကို အဟုတ်ကြီးထင်နေမယ် စတဲ့ စိတ်ခံစားမှုတွေနဲ့ပဲ ပြီးနေပါလိမ့်မယ်။ ဒါကြောင့် အဲဒီ ကမ္ဘာထဲကနေ ဆွဲထုတ်မယ်၊ ရပ်ပစ်လိုက်ဖို့ ဖိအားပေးလိုက်မယ် ဆိုတာနဲ့ ကလေးရဲ့စိတ်မှာ အကြီးအကျယ် စိတ်ပျက်ပြီး ရန်လိုတော့တာပါပဲ။

ဂိမ်းဘာလို့စွဲရတာလဲ

ကလေးတွေ လွယ်လင့်တကူကြည့်ရှုနိုင်တဲ့ လက်တစ်ကမ်းက မီဒီယာတွေကို စာရင်းချကြည့်ရင် ဂိမ်းတွေဟာ ထိပ်ဆုံးက ပါနေပါတယ်။ ဂိမ်းစွဲရတာဟာ အာရုံကို လွှမ်းမိုးနိုင်မှုတစ်ခုတည်းကြောင့်သာမကဘဲ အခြားအကြောင်းရင်းတွေလည်း ရှိနေပါတယ်။

၁. အကျင့်ပါသွားခြင်း

ဂိမ်းစွဲနေတဲ့ကလေးတွေကို ကြည့်လိုက်ရင် မိဘတွေဟာ လုပ်ငန်းဆောင်တာတွေအများကြီးနဲ့ အမြဲအလုပ်များနေလေ့ ရှိကြပြီး ကလေးတွေအပေါ်မှာ ဂရုစိုက်မှု အပြည့်အဝ မပေးနိုင်ကြတာကို တွေ့ရပါတယ်။ ကြာတော့ ဘာဖြစ်လာသလဲဆိုတော့ ကလေးဟာ စည်းကမ်းပျက်လာပြီး လူကြီးတွေကို သိပ်အလေးမထားတော့တာကို တွေ့ရပါတယ်။ လူကြီးတွေကလည်း သားသမီးကို အချိန်မပေးနိုင်တဲ့အတွက် ပေးနိုင်တာကို ပေးလိုက်တာကတော့ “အလိုလိုက်ခြင်း”ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကလေးအပေါ်မှာ လိုအပ်သလို ထိန်းကျောင်းပြုပြင်ဆုံးမတာတွေ မလုပ်နိုင်တဲ့အခါ ကလေးဟာ အမူအကျင့် အမှားလေးတွေ အကျင့်ပါသွားတော့တာပါပဲ။ တစ်ချို့မိသားစုတွေမှာဆိုရင် ကလေးနဲ့ အတူတူ အချိန်ပေးပြီးနေတာတွေဘာတွေ လုပ်လေ့မရှိပါဘူး။ အဲဒီတော့ ကလေးဟာ တစ်ယောက်ထဲ အထီးကျန်သလိုဖြစ်လာပြီး ပျင်းရိငြီးငွေ့လာပါတယ်။ အဲဒီတော့ ဂိမ်းဆော့တဲ့ဘက်ကို အာရုံက ရောက်သွားပြီး အဲဒီ ပုံရိပ်ယောင်ကမ္ဘာထဲမှာပဲ ပျော်မွေ့နေပြီးတော့ လက်တွေ့ဘဝကို မေ့နေပါတော့တယ်။

၂.  အပြောင်းအလဲမြန်တဲ့ လူ့အဖွဲ့အစည်း

ဒီကနေ့ အရောင်းသွက်လူကြိုက်များတဲ့ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်မှုဟာ ကလေးတွေကို ဖျော်ဖြေရေးနဲ့ စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်တဲ့ စက်ပစ္စည်းတွေ ဘက်ကို မျှားဦးလှည့်ထားတာကို တွေ့ရပါတယ်။ ကလေးတွေ အနေနဲ့ ကျောင်းစာနဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေ၊ တခြားအဆင်မပြေမှုတွေကို ပေါက်ကွဲပစ်နိုင်တဲ့ ကိုယ်ပိုင်နေရာလေးတွေ ရှားပါးလာတာလည်း ပါပါတယ်။ ဒါကြောင့် သူတို့ရဲ့ အဆင်မပြေမှုတွေကို ဂိမ်းထဲမှာပဲ နှစ်မြှုပ်ပြီး ဖြေလျှော့တဲ့ဘက်ကို ရောက်လာတာမို့ အရင်ကထက်ပိုပြီး ဂိမ်းစွဲတဲ့သူတွေ များလာတာဖြစ်ပါတယ်။

၃. ကလေးအပေါ်မှာလည်း မူတည်ပါတယ်။

တစ်ချို့ကလေးတွေဟာ ဂိမ်းကို ပိုပြီးတော့ စွဲလန်းလာတဲ့ အန္တရာယ်မှာ ရှိနေပါတယ်။ အထူးသဖြင့် အာရုံစူးစိုက်နိုင်မှု အားနည်းပြီး အလွန်အမင်းစိတ်ကြွနေတဲ့ ဖောက်ပြန်မှု၊ စိတ်မငြိမ်မသက်လှုပ်ရှားမှု နဲ့ စိတ်ကျဝေဒနာ စတာတွေ ရှိတဲ့ကလေးတွေ၊ ကျောင်းမှာ ပြဿနာနည်းနည်းရှိတဲ့ကလေးတွေ စသူတွေဟာ ဂိမ်း ပိုပြီးတော့ စွဲတတ်ပါတယ်။

ဂိမ်းဘယ်လိုဖြတ်ပေးကြမလဲ

၁. တကယ်လို့ ဂိမ်းကစားတာနဲ့ပတ်သက်ပြီးတိကျတဲ့ စည်းမျဉ်းစည်းကမ်း မချမှတ်ရသေးဘူးဆိုရင် သူနဲ့ညှိပြီး အဆင်ပြေစေမယ့် စည်းကမ်းတစ်ခု သတ်မှတ်ပေးလိုက်ပါ။ ဂိမ်းကစားဖို့ အချိန်တစ်ခု ပေးလိုက်တာမျိုးပေါ့။

၂. သားသမီးအတွက်အချိန်ပိုပေးပါ။ သူတို့နဲ့ အပြင်အတူတူသွားတာမျိုး၊ သူတို့ကိုအဖော်လုပ်ပေးတာမျိုး စသည်ဖြင့် သူတို့စိတ်ထဲမှာ အထီးကျန်မှုကို မခံစားရအောင် လုပ်ပေးပါ။

၃. စိတ်ရှည်ရပါမယ်။ တကယ်လို့ ကလေးဟာ ချမှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာဘဲ ချိုးဖောက်တယ် ဆိုရင်တောင် ကလေးကို ဆူပူငေါက်ငန်းတာမျိုး၊ ရိုက်နှက်တာမျိုး၊ အပြစ်ပေးတာမျိုးမလုပ်ဘဲ နားလည်အောင် ပြောပြပြီး ညှိနှိုင်းပါ။

အိမ်မှာ  အဲဒီလိုပြဿနာမျိုးတစ်ခုခု ရှိပြီဆိုရင် သူနဲ့အတူတူ အဖြေရှာပါ။

၁. ဂိမ်းစွဲနေတဲ့သားသမီးအပေါ်မှာ နားလည်နိုင်အောင် အရင်ကြိုးစားပါ။ ကျောင်းဆင်းချိန်၊ ကျောင်းပိတ်ရက် စတာတွေမှာ အားကစားကွင်းတို့၊ တိရစ္ဆာန်ရုံတို့ စတာတွေကို အတူတူသွားခြင်း၊ ခရီးအတူထွက်ပေးခြင်း စတာတွေကိုလုပ်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ အားလပ်ချိန်ကို အသုံးပြုပေးပါ။

၂. တကယ်လို့ ကလေးဟာ ဂိမ်းကို အပြင်းအထန်စွဲလန်းနေတဲ့ သဘောတွေဖြစ်တဲ့ ရန်လိုတဲ့ အပြုအမူတွေ၊ ဂျစ်ကန်ကန်တွေ လုပ်လာပြီဆိုရင် မိဘတွေအနေနဲ့ ကလေးဟာ ဒီဂိမ်းကို ဘာဖြစ်လို့ ဒီလောက်တောင် စွဲနေရတာလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။ ကလေးနဲ့ အတူတူ ဂိမ်းကို ဝင်ကစားကြည့်ခြင်းအားဖြင့် အကဲဖြတ်နိုင်ပါတယ်။  သူကစားနေတဲ့ဂိမ်းဟာ ဘယ်လိုမှ မသင့်တော်ဘူးဆိုရင် အခြား သင့်တင့်လျောက်ပတ်တဲ့ ဂိမ်းတစ်ခုခုနဲ့ အစားထိုးတန်ရင် ထိုးပေးရပါမယ်။ သူ ဂိမ်းထိုင်ကစားနေပြီ ဆိုရင် သူနဲ့အတူတူထိုင်ပြီး အဲဒီဂိမ်းအကြောင်း ပြောတာတို့ ဘာတို့ ဆွေးနွေးပေးရင်း သူ့ ကို ဒီဂိမ်းအပေါ်မှာ တခြား ရှုထောင့်တစ်ခုကနေ ရှုမြင်သုံးသပ်မိအောင် လုပ်ပေးရပါမယ်။ တဖြည်းဖြည်းနဲ့ သူ့စိတ်ကို ဂိမ်းဘက်ကနေပြီး  တခြား အလုပ်တွေ လှုပ်ရှားမှုတွေဘက်ကို ရောက်လာအောင် ရွှေ့ယူပြီး အဲဒီဘက်မှာ ပျော်မွေ့နိုင်အောင် လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

၃. မိဘတွေအနေနဲ့ ကလေး ဂိမ်းစွဲနေတာကို ဖြတ်လို့ရအောင်နည်းမျိုးစုံနဲ့ကြိုးစားပြီးလို့မှ မအောင်မြင်တဲ့ နောက်မှာတော့ ကလေးကို စိတ်ရောဂါဆရာဝန်ဆီ ခေါ်သွားဖို့ပဲ ရှိပါတော့တယ်။ ဘာလို့ဆို သူ့မှာ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတစ်ခုခု ဖြစ်နေတဲ့အဆင့်ကို ရောက်နေပြီမို့လို့ပဲ ဖြစ်ပါတယ်။ ဆရာဝန်က သေသေချာချာ စမ်းသပ်စစ်ဆေးပြီး သူနဲ့ သင့်တော်တဲ့ အစီအစဉ်တစ်ခုခုကို ချမှတ်ပေးပြီး ထိထိရောက်ရောက် ကျင့်သုံးစေတဲ့ အပြင် နောက်ဆက်တွဲကုသမှုတွေကိုလည်း စနစ်တကျ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

သားသမီးများအားလုံး ဂိမ်းစွဲတဲ့ဘေးကနေ လွတ်ကင်းကြပြီး ဖေဖေမေမေတို့နဲ့အတူ ပျော်ရွှင်စရာမိသားစုကလေး တည်ဆောက်နိုင်ပါစေ။

 

ပိုမိုသိရှိလိုပါကမေးမြန်းနိုင်ပါသည်။

Please complete the form below and we'll get back to you within 48 hours with a response

Rate This Article

User rating: 4 out of 5 with 4 ratings

Recommended Doctor

Duangrat Wangkledkeaw, M.D. Summary: Psychiatry Psychiatry